အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။

၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။

ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်ကြားချက်များအတွက် အပြစ်မရှိကြောင်း သတ်မှတ်ခဲ့ပြီး ဝန်ထမ်းများကို ချိုသာစွာ ဆက်ဆံရန်သာ ဒေါ်ကြည်ပြာအား သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ပြီး ယုံကြည်လက်ခံဖွယ် မရှိကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“မတရားမှုရှိခဲ့သည်ဟု တိုင်တန်းချက်အပေါ် သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက်များ သည် ယုံကြည်လက်ခံဖွယ်ရာမရှိဟု ကျွန်ုပ်တို့ ယူဆပါသည်” ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့၏ ကြေညာချက်တွင် ပြောထားသည်။

စုံစမ်းစစ်ဆေးမှုဖြစ်စဉ်နှင့် သက်သေခံချက်များကို အများပြည်သူသိရှိစေရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ စစ်ဆေးမှုတွင် လိုအပ်ချက်များရှိပါက တရားသဖြင့် ပြန်လည်စစ်ဆေးပေးရန် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က တောင်းဆိုထားပြီး၊ မတရားမှု ကျူးလွန်ခံရသည့် CDM ဝန်ထမ်းများနှင့်အတူ တသားတည်း ရပ်တည်ရန်အတွက် ယခုကဲ့သို့ လုပ်ငန်းစဉ်ရပ်ဆိုင်းမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုရပ်ဆိုင်းမှုကြောင့် NUG ကြားကာလ တက္ကသိုလ်၌ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာမှုရှိနိုင်သည်ကို သိရှိသော်လည်း မတရားမှုကို ဆန့်ကျင်သည့် CDM ရပ်ဝန်းဖြစ်သည့်အတွက် နားလည်ပေးရန် အဖွဲ့က မေတ္တာရပ်ခံထားသည်။

အဆိုပါ လုပ်ငန်းစဉ် ရပ်ဆိုင်းမှုတွင် Spring Normal University (SNU) အနေဖြင့် ပါဝင်ခြင်းမရှိကြောင်း သီးခြားမှတ်ချက်ပြုထားသည်။ လက်ရှိတွင် NUG ၏ ဖြေရှင်းချက်အပေါ် အများပြည်သူအကြား ဝေဖန်မှုများ မြင့်တက်နေပြီး တက္ကသိုလ်ဝင်ခွင့် လုပ်ငန်းစဉ်များသည် တစုံတရာ ကျေလည်မှုမရမချင်း ရပ်တန့်နေမည်ဖြစ်သည်ဟု ဆိုသည်။

ဒေါ်ကြည်ပြာ အဂတိမတွေ့ဟု NUG ထုတ်ပြန်ချက်ကို တိုင်ကြားသူများ လက်မခံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် အဂတိလိုက်စားမှုစွပ်စွဲချက်များတွင် ခိုင်လုံသောသက်သေမတွေ့ရှိရသဖြင့် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံမှုအတွက်သာ “ပြင်းထန်စွာသတိပေး” ကြောင်း ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

သို့သော် တိုင်ကြားသူ ဝန်ထမ်းဟောင်း ၁၂ ဦးဘက်ကမူ ဤစစ်ဆေးမှုသည် အပေါ်ယံဆန်ပြီး အမှန်တရားကို ထင်ဟပ်ခြင်းမရှိဟုဆိုကာ ပယ်ချလိုက်ပြီး၊ လက်ဝယ်ရှိသက်သေများကို ပြည်သူ့ထံချပြ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ခဲ့ကြသည်။

ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် တိုင်ကြားသူများဘက်မှ ခိုင်လုံသောသက်သေပြနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒေါ်ကြည်ပြာဘက်မှ တင်ပြသည့် ငွေစာရင်းဇယားများ၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာများအရလည်း အဂတိလိုက်စားမှုမတွေ့ရှိရသည့်အတွက် တရားစွဲဆိုရန် သို့မဟုတ် ရာထူးမှထုတ်ပယ်ရန် လုံလောက်သည့်အချက်အလက်မရှိကြောင်း ဆိုသည်။

သို့သော် ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံရာတွင် ချိုသာမှုမရှိသည်ကို တွေ့ရှိရသဖြင့် နောက်နောင်တွင် ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာသတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တိုင်ကြားသူ ဝန်ထမ်းများက ကြေညာချက်တစောင်ကို ထုတ်ပြန်ကာ ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။

၎င်းတို့၏တိုင်ကြားမှုတွင် အဂတိလိုက်စားမှုအပြင် အကျိုးစီးပွားပဋိပက္ခဖော်ဆောင်ကာ နီးစပ်သူများကို နေရာပေးခြင်း၊ အခွင့်အာဏာနှင့် ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ ရုံးတွင်း၌ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများရှိနေခြင်းနှင့် ဝန်ထမ်းများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စသည့်အချက်များ ပါဝင်သော်လည်း စစ်ဆေးမှုတွင် လျစ်လျူရှုခံခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် စုံစမ်းစစ်ဆေးမှုအတွင်း ခိုင်လုံသောသက်သေများ တင်ပြခဲ့သော်လည်း ယခုထုတ်ပြန်ချက်မှာ အဖြစ်မှန်ကို ဖုံးကွယ်ထားခြင်းသာဖြစ်ကြောင်း တိုင်ကြားသူများက ဆိုထားသည်။

ထို့ကြောင့် ဓမ္မနှင့် အမှန်တရားကို ပြည်သူများက ဆုံးဖြတ်နိုင်ရန်အတွက် လက်ဝယ်ရှိ သက်သေအထောက်အထားများကို ပြည်သူ့ထံ မချွင်းမချန် တင်ပြကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တိုင်ကြားသူ ဝန်ထမ်းဟောင်းများက ဆိုသည်။


Leave a Reply

Your email address will not be published. Required fields are marked *