လာမည့်ရက်ပိုင်းတွင် မန္တလေးမြို့၏ လေထုအရည်အသွေးပြ အညွှန်းကိန်း(AQI) အဆင့်သည် ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် နှစ်ပေါင်း၆၀ အတွေ့အကြုံရှိ လေထုနည်းပညာကုမ္ပဏီ(IQAir)မှ ခန့်မှန်းထားသည်။

ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်တိုင်းတာချက်များအရ မန္တလေးမြို့၏ AQI အဆင့်သည် ၁၁၇ ဖြစ်ရာ Unhealthy for Sensitive Groups (လေထုညစ်ညမ်းမှုအပေါ် အထူးခံစားလွယ်သူများအတွက်မကောင်း)သည့် အဆင့်ဖြစ်သည်။

ဤအဆင့်သည် ကလေးများ၊ အသက်ကြီးသူများ၊ ရင်ကျပ်၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် နှလုံးရောဂါရှိသူများအတွက် အသက်ရှူရအဆင်မပြေမှု၊ မျက်စိနှင့် လည်ချောင်းယားယံမှုများကို ဖြစ်စေနိုင်သည်။

ထို့ကြောင့် အထူးခံစားလွယ်သူများအုပ်စုတွင် ပါဝင်သူများအနေဖြင့် နေအိမ်အတွင်း၌သာ တံခါးပိတ် နေထိုင်သင့်ပြီး အပြင်သွားလာလှုပ်ရှားမှု လျှော့ချရန်၊ အပြင်ထွက်ပါက Mask (N95) သုံးရန်၊
အိမ်တွင်း၌ Air purifier အသုံးပြုရန် တိုက်တွန်းအကြံပြုထားသည်။

“ဒီနေ့မနက်က ရုံးသွားတော့ ဆိုင်ကယ်စီးရင်း လမ်းမှာ မျက်စိတွေ ကျိန်းစပ်လာသလို ခံစားရတယ်။ လမ်းမှာ မြူမဟုတ်ပဲ မီးခိုးငွေ့တွေလိုလို အုပ်လွှမ်းနေသလိုမျိုး ဖြစ်နေတယ်။ ရုံးဆင်းပြန်တော့ လည်ချောင်းမှာ ယားပြီးချောင်းဆိုးချင်သလို ဖြစ်လို့ ဆေးခန်းဝင်လိုက်တယ်။ တုပ်ကွေးဖြစ်တယ်ထင်ပေမယ့် ဆရာဝန်ကပြောတော့မှ လေထုအရည်အသွေးကျဆင်းနေတာကြောင့်လို့ သိရတယ်”ဟု ချမ်းအေးသာစံမြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါသည်။

လေထုအရည်အသွေးပြအညွှန်းကိန်းအဆင့်ခွဲခြားချက်များအရ ၀ မှ ၅၀ အတွင်းသည် ကောင်းမွန်အဆင့်၊ ၅၁ မှ ၁၀၀ အတွင်းသည် ပုံမှန်အဆင့်၊ ၁၀၁ မှ ၁၅၀ အတွင်းသည် အထူးခံစားလွယ်သူများအတွက် ကျန်းမာရေးထိခိုက်အဆင့်၊ ၁၅၁ မှ ၂၀၀ အတွင်းသည် အားလုံးအတွက် ကျန်းမာရေးထိခိုက်အဆင့်၊ ၂၀၁ မှ ၃၀၀ အ‌တွင်းသည် အလွန်ထိခိုက်အဆင့်၊ ၃၀၁ နှင့် အထက်သည် ဘေးအန္တရာယ်အဆင့် ဖြစ်သည်။

IQAir ၏ ခန့်မှန်းချက်အရ မန္တလေးမြို့၏ AQI အဆင့်သည် ၁၂၅ အထိ ရောက်ရှိလာမည်ဖြစ်သည်။


Leave a Reply

Your email address will not be published. Required fields are marked *