တောင်ကြီး အထက (၁) မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ စုံညီပွဲတော်အတွင်း တာဝန်ကျ ဆရာမများက ကျောင်းသားတွေရဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး ပါလာတဲ့ ဖုန်းတွေကို သိမ်းယူခဲ့ပါတယ်။

စာမေးပွဲအတွင်းမှာ စာကို အာရုံစိုက်စေဖို့ အကြောင်းပြချက်နဲ့ သိမ်းခဲ့ပေမယ့်လည်း ယခု စာမေးပွဲ ပြီးဆုံးချိန်မှာ ပြန်မပေးသေးဘူးလို့ သိရပါတယ်။

ဖုန်းတွေ သိမ်းဆည်းထားတာ ၂ ပတ်ကျော် ကြာနေပြီး မိဘတွေက ပြန်တောင်းရာမှာလည်း ကျောင်းအုပ်ဆရာကြီး မအားဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

“စာမေးပွဲ မဖြေခင်မှာ ဖုန်းတွေ သိမ်းတာကို လက်ခံတယ်။ အခုဟာက ကျောင်းတောင် ပိတ်သွားပြီလေ။ ပြန်ပေးဖို့ သွားတောင်းရင်လည်း ဝေ့လည်ကြောင်ပတ်နဲ့။ အခုခေတ် ဖုန်းတလုံး တန်ဖိုးလည်း နည်းတာ မဟုတ်ဘူး။” လို့ ကျောင်းသား မိဘတဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ ယခင်ကလည်း ကျောင်းဆရာမများမှ ဖုန်းသိမ်းမှုများ ဖြစ်ပွားခဲ့ဖူးပြီး နောက်စာသင်နှစ်မှာ ပြန်သွားတောင်းရင် ပြန်မရတော့တဲ့ ဖြစ်စဥ်တွေရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖုန်းသိမ်းခံထားရတဲ့ ကျောင်းသား မိဘများက ခံဝန်လက်မှတ်ထိုးပြီး ဖုန်းများကို ပြန်လည်ရယူချင်တဲ့ ဆန္ဒရှိကြောင်း၊ ယခုလို အဖြစ်အပျက်ကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ သိရှိစေချင်ကြကြောင်း သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *