ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေ တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာ သမဏသာရုပ္ပမဖြစ်သော အပြုအမူတွေ (ရဟန်းတို့ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နဲ့ မလျော်ညီတဲ့ ပြောဆိုပြုမူမှု) လွှင့်တင်ဆောင်ရွက်နေတာတွေကို ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားလိုက်ပါတယ်။
ဓမ္မဝိနယနဲ့ မလျော်ညီဘဲ ဟောပြောနေခြင်းအပြင် သာသနာ့ဘောင်အပြင်ကသူတွေရဲ့ သာသနာတော်ရဲ့ ဂုဏ်ရှိန်ကို ညှိုးမှိန်စေတဲ့ ပြောဆိုပြုမူနေတာတွေကိုလည်း မကြာခဏတွေ့မြင်နေရတာတွေက သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေတယ်လို့ ဆရာတော်ကြီးက ဆက်မိန့်ပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့မှာ ဒီလိုမိန့်ကြားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ စာမျက်နှာတချို့ကနေ ရဟန်းသာမဏေနဲ့ သီလရှင်တချို့ရဲ့ ဝိနည်း၊ ကိုယ်ကျင့်တရားတွေနဲ့ မကိုက်ညီတဲ့ သီဆိုကခုန်နေတဲ့ ရုပ်သံဖိုင်တွေကို ဝေဖန်ပြောဆိုထားတာတွေလည်း တွေ့နေရပါတယ်။
ဆရာတော်ဘုရားကြီးက သာသနာ့ပြင်ပအန္တရာယ်တွေကိုလည်း လျစ်လျူရှုတော်မမူကြဘဲ ညီညွတ်တဲ့ သံဃာအင်အားနဲ့ အထူးဂရုပြု ဖယ်ရှားနိုင်ရေး ဆောင်ရွက်ကြဖို့ကို မိန့်ကြားပါတယ်။
ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်တဲ့ သံဃာအင်အားလိုအပ်နေပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေနဲ့လည်း မိမိတို့နေထိုင်ရာဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးဖို့ကို ဆရာတော်ကြီးက တိုက်တွန်းထားပါတယ်။
ဒီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်မှာ သက်ဆိုင်ရာဆရာတော်ကြီးတွေရဲ့ တင်ပြလျှောက်ထားမှုတွေကို အတည်ပြုချက် ရယူသွားမယ်လို့လည်း သိရပါတယ်။
ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ်သုံးမှု ဓမ္မစက်၊ အာဏာစက်ဖြင့်ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်
ခေတ်ကာလအားလျော်စွာ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ် စသည့် လူမှုကွန်ရက်၌ ရဟန်းသာမဏေ၊ သီလရှင်များ၏ သမဏ သာရုပ္ပမဖြစ်သော အပြုအမူများ (ရဟန်းတို့၏ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နှင့် မလျော်ညီသည့် အပြုအမူ ပြောဆိုမှုများ) လွှင့်တင်ခြင်း၊ ဓမ္မဝိနယနှင့်မလျော်ညီဘဲ ဟောပြောနေခြင်းတို့သည် သာသနာတော်ဂုဏ်ရှိန် ညှိုးမှိန်စေသဖြင့် ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေတွင် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့၌ ထိုသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သာသနာ့ဘောင်အတွင်းသာမက သာသနာ့ဘောင်တွင်းမရှိသည့် ပုဂ္ဂိုလ်များကပါ သာသနာတော်ဂုဏ်ရှိန် ညှိုးမှိန် စေရန် မကြာခဏ ပြုမူပြောဆိုနေကြခြင်းသည် သံဃာအဖွဲ့အစည်းအဆင့်ဆင့်အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေပြီး သာသနာ တော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာဝန်ဝတ္တရားကျေပွန်စေရန် ညီညွတ်သောသံဃာအင်အားကို အမှန်တကယ် လိုအပ်နေပြီဟုလည်း ဆရာတော်ကြီးက မိန့်ကြားသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့်ဗဟိုသံဃာ့ ဆရာတော်ကြီးများအနေဖြင့် မိမိတို့၏ အခြေခံဒေသအတွင်း ကြောင့်ကြမဲ့မနေကြ ဘဲ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။
ယင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၂၁ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက်၌ သက်ဆိုင်ရာဆရာတော်ကြီးများ ၏ တင်ပြလျှောက်ထားမှုများကို အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသကလည်း ဖေဖော်ဝါရီ ၁ ရက်၌ ကျင်းပပြီးစီးခဲ့သော ၂၁ ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးအား ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံကြီးပွားတိုးတက်ရေးအတွက် တရားမျှတမှု၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှုရှိရမည်ဖြစ်ကြောင်း ထည့်သွင်းမိန့်ကြားထားသည်။


Leave a Reply