လုပ်ငန်းလိုင်စင်မရှိဘဲဖွင့်လှစ်ထားသည့် ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ကို ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကထုတ်ပြန်သည်။
ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များမှာ ဟိုတယ်၊ တည်းခိုခန်းများကဲ့သို့အခန်းဖွဲ့ကာ Projector၊ TV အကြီးများ အသုံးပြု၍ ဖွင့်လှစ်ထားကြခြင်းဖြစ်ပြီး မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များအား ပြသခွင့်လိုင်စင်များထုတ်ပေးမှုရှိပါက ချက်ချင်းရုပ်သိမ်းရန်နှင့် တရားမဝင်ပြသနေမှုများကို ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး၊ ပြည်နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင်းသိရသည်။
”အဲဒီဟာတွေကပေါ်တာကြာပြီ။ သူတို့ကအခုမှအရေးယူမယ်စာထုတ်တာ။ Private Cinema ခေါင်းစဉ် တပ်ထားတာ အမှန်ကတည်းခိုခန်း၊ ဟိုတယ်လိုပါပဲ။ အခန်းထဲခုတင်၊ မွေ့ရာထားပေးထားတယ်။ ရေချိုးခန်း၊ အိမ်သာတွဲရက်ပါတယ်။ နောက်ပြီး တကယ့်ရုပ်ရှင်ရုံတွေလိုရုပ်ရှင်တစ်ကားစာအချိန်နဲ့ ပြတာမဟုတ်ဘဲ တည်းခိုခန်းတွေလို နာရီပိုင်းနဲ့ငှားလို့ရတာမျိုးပါ။ လူငယ်အတွဲတွေ အသွားများတာ တွေ့ရတယ်။ ဒီလိုနေရာတွေကတော့မရှိသင့်ဘူး။ အသက်မပြည့်သေးတဲ့ကလေးတွေ၊ လူငယ်တွေပါသွားလို့ရနေတော့ မိဘတွေအတွက်တော့စိတ်ပူစရာဖြစ်တယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema နှင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ရုပ်ရှင်ဇာတ်ကားများကိုအသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးဖော်ပြထားသည်။


Leave a Reply