အခမ်းအနားနေရာနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားပြီး အခမ်းအနားတက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ CDF ဟားခါးက အခုလိုသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ “အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခြား ပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အဆင့် စစ်ကျွန်ဝန်ထမ်းများနှင့် ဝန်ကြီး ဦးကောလ်လျန်ထန်း၏ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြိုနယ်စုပေါင်းရုံးနှင့် ခရိုင်စု ပေါင်းရုံးရှေ့တွင် ကျင်းပနေသော အကြမ်းဖက်အဖွဲ့ကို CDF-Hakha ၏ ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ မရှုမလှပွဲပျက်သွားခဲ့သည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာထွက်ပြေး တိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရတယ်လို့လည်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။ အခမ်းအနား ကျင်းပရာနေရာသို့ ဒရုန်းရောက်ရှိတဲ့ မြင်ကွင်းကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။ အခမ်းအနား နေရာကိုသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ရှိမရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။ အဲဒီ အခမ်းအနား ကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့ သုံးရက်ခန့်ကတည်းက နည်းမျိုးစုံ ညွှန်ကြား ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုက ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားကို ဘယ်လိုပုံစံနဲ့မှ မသွားရောက်ကြဖိုနဲ့ မည်သည့်အဖွဲ့၊ လူပုဂ္ဂိုလ်မှ မပူးပေါင်းကြဖို အလေးအနက် တိုက်တွန်းကြောင်းကြေညာချက်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၇ရက် ကတည်းက ထုတ်ပြန်ထားတာပါ။ ချင်းအမျိုးသားနေ့ နဲ့ပတ်သက်ပြီး စစ်ကောင်စီက အတုအယောင်ကျင်းပမယ့် အခမ်းအနားဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း CDF ဟားခါးက ဖော်ပြခဲ့ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတိုရဲ့ စည်းလုံးညီညွတ်မှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအထိမ်းအမှတ်ပြုသော သမိုင်းဝင်နေ့ဖြစ်ပေမယ့် အာဏာသိမ်းစစ်အုပ်စုက သူတိုရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ အတွက်သာ အသုံးချနေတာကို လုံး၀ လက်မခံနိုင်ကြောင်းလည်း အသိပေးထားပြီးပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို တားမြစ်ခဲ့တာပါ။ “ကျွန်ုပ်တိုသည် ပြည်သူတို၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်အာဏာရူးတို၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်မခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်” လိုလည်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။ ပြည်သူလူထုအားလုံးရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားကာညီညွတ်စွာရပ်တည်ကြဖိုလည်း တိုက်တွန်းထားပါတယ်။ CDF ဟားခါးဟာစစ်တပ်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ ၂၀၂၅ ဒီဇင်ဘာမှာ စစ်ကောင်စီရဲ့ ဟားခါးအခြေစိုက် ခလရ(၂၆၈)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင် ဖေဖော်ဝါရီ ၁၂ရက်မှာလည်း ဟားခါးမြို လူထုကို မတရား ပိုက်ဆံကောက်ခံမှုတွေ လုပ်နေတပ်ဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။ CDF ဟားခါးအနေနဲ့ စစ်ဆင်ရေးတွေ မလုပ်ဆောင်မီ လူထုဘေးကင်းရေးအတွက် သတိပေးချက်တွေ ကြေညာချက်တွေ ကြိုတင်ထုတ်ပြန်လေ့ရှိပါတယ်။ ဖေဖော်ဝါရီ ၁၂ရက် ဟားခါးမြို စစ်ဆင်ရေး မဖော်ဆောင်မီ ဖေဖော်ဝါရီ ၉ရက်ကလည်း ဟားခါးမြိုအနီးအနား တောတောင်တွေမျာ ညဘက် သွားလာတာ မလုပ်ဖို လူထုကို အသိပေးထားပါတယ်။ အဲဒီ ကြေညာချက် နဲ့ပတ်သက်ပြီး နောက်ထပ် ထုတ်ပြန်ချက် ထပ်မံ မထုတ်ပြန်မချင်း ညဘက် သွားလာလှုပ်ရှားတာတွေ မလုပ်ဖို သတိပေးထားတာ ဖြစ်လို အခုထိ သတိပေးချက်ဟာ အကျုံးဝင်နေဆဲဖြစ်ပါတယ်။ နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ကျောထောက်နောက်ခံပြုနေသော မည်သူမဆို စစ်ရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။ ရုပ်သံ − Chinland Defense Force-Hakha

Leave a Reply

Your email address will not be published. Required fields are marked *