ဂျော်ဒန်အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုသည် အီရန်အပေါ် အမေရိကန်စစ်တပ်၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စီစဉ်ရာ အဓိကဗဟိုချက်တခု ဖြစ်လာကြောင်း ဂြိုဟ်တုပုံရိပ်အသစ်များနှင့် ပျံသန်းမှုခြေရာခံဒေတာများက ပြသနေသည်။

သောကြာနေ့က ရိုက်ကူးထားသော ပုံရိပ်များအရ Muwaffaq Salti ခေါ် အခြေစိုက်စခန်းတွင် တိုက်ခိုက်ရေးလေယာဉ် အစင်း ၆၀ ကျော် ရပ်နားထားပြီး ပုံမှန်ရှိနေသော ဂျက်လေယာဉ်အရေအတွက်ထက် သုံးဆခန့် ပိုများသည်။ လေယာဉ်ခြေရာခံဒေတာများအရ တနင်္ဂနွေနေ့မှစ၍ ကုန်တင်လေယာဉ် ၆၈ စင်းထက်မနည်း သည် ထိုအခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့သည်။ အမိုးအကာများအောက်တွင်လည်း အခြားသော တိုက်လေယာဉ်များ ထပ်မံရှိနေနိုင်သေးသည်။

ဂြိုဟ်တုဓာတ်ပုံများတွင် ပုံမှန်တွေ့ရလေ့ရှိသော လေယာဉ်များနှင့်မတူဘဲ F-35 အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ပိုမိုခေတ်မီသော လေယာဉ်များကို တွေ့ရသည်။ ဒရုန်းများနှင့် ရဟတ်ယာဉ် အမြောက်အမြားကိုလည်း တွေ့ရှိရသည်။
စစ်သည်များသည် အီရန်နိုင်ငံမှ ပစ်ခတ်လာနိုင်သည့် ဒုံးကျည်များရန်မှ ကာကွယ်ရန်အတွက် အဆိုပါအခြေစိုက်စခန်းတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်များကိုလည်း တပ်ဆင်ထားကြသည်။

အဆိုပါ အမေရိကန်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများသည် အမေရိကန်နှင့် ချုပ်ဆိုထားသော ကာကွယ်ရေးသဘောတူညီချက်အရ တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း စစ်ဆင်ရေးဆိုင်ရာ အမည်မဖော်လိုသော ဂျော်ဒန်အရာရှိများက ပြောသည်။
ဂျော်ဒန်ရှိ အခြေစိုက်စခန်း ပြောင်းလဲမှုများသည် ဒေသတလျှောက် အမေရိကန် စစ်တပ်တိုးချဲ့မှု တစိတ်တပိုင်းဖြစ်ပြီး အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ သောကြာနေ့တွင် သမ္မတထရမ့်က အီရန်နှင့် သဘောတူညီချက်ရရေး ဖိအားပေးရန်အတွက် အကန့်အသတ်ရှိသော စစ်ရေးတိုက်ခိုက်မှုတခု ပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများက ဒေသတွင်း စစ်ပွဲ မဖြစ်အောင် သဘောတူညီချက်တခု ရရှိလာမည်ဟု မျှော်လင့်ကြောင်ဂျော်ဒန်အရာရှိများက ပြောသည်။ ပြီးခဲ့သည့်လက ဂျော်ဒန်အရာရှိများအပြင် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကလည်း ထိုဆွေးနွေးပွဲများကို ချီးကျူးပြောဆိုခဲ့ပြီး မိမိတို့ နယ်မြေမှ အီရန်ကို တိုက်ခိုက်ရန် ခွင့်မပြုကြောင်း အတိအလင်း ပြောထားသည်။


Leave a Reply