နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၏ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့အသီးသီးရှိ ရဲဘော်များသည် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ တိုင်းစစ်ဌာန (၄) ခုနှင့် ပူးပေါင်းကာ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် ကျရာတာဝန်ကို အားမာန်အပြည့်ဖြင့် ထမ်းဆောင်နေလျက်ရှိပါသည်။
အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆင်နွှဲနေသော နွေဦးတော်လှန်ရေး အရှိန်အဟုန်သည် အဆုံးအဖြတ်ပေးမည့် ကာလများသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
ထိုသို့သော အခြေအနေတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) အနေဖြင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးသို့ ရောက်ရှိကာ တိုင်းစစ်ဌာန (၄) ခုဖြစ်သော: ရန်ကုန်တိုင်းစစ်ဌာန၊ အထူးတိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန နှင့် နေပြည်တော်တိုင်းစစ်ဌာန တို့မှ ရဲဘော်များနှင့်အတူ ပခုံးချင်းယှဉ်ကာ ကျရာကဏ္ဍအသီးသီးတွင် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်လျက်ရှိပါသည်။
ရန်ကုန်ပကဖ ရဲဘော်များသည် မိမိတို့၏ ဘဝနှင့် သက်ဆိုင်ရာ အခွင့်အရေးများကို စွန့်လွှတ်ကာ တော်လှန်ရေးနယ်မြေ အသီးသီးတွင် စစ်ရေးဆိုင်ရာ တာဝန်များ၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး တာဝန်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေခြင်းမှာ ရန်ကုန်သားတို့၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် တော်လှန်ရေးစိတ်ဓာတ်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
ရှေ့တန်းရောက် ရဲဘော်တစ်ဦးက “ကျွန်တော်တို့ ရန်ကုန်သားတွေဟာ မြို့ထဲမှာတင် တော်လှန်နေတာမဟုတ်ဘဲ နယ်မြေဒေသအသီးသီးက တိုင်းရင်းသားညီအစ်ကိုတွေ၊ အခြား PDF ရဲဘော်တွေနဲ့အတူ ပခုံးချင်းယှဉ်ပြီး အဆုံးသတ်တိုက်ပွဲအထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ၎င်း၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှု၊ မဆုတ်မနစ်သောထောက်ပံ့မှုတို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့များ၊ တိုင်းစစ်ဌာနများနှင့်အတူ လက်တွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်!
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့


Leave a Reply