အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်ပြီး ခေတ်မီနည်းပညာများဖြင့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်နေသည့် ဂိုဏ်းများနှင့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဆက်လက်ဦးဆောင်သွားရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားသည်ဟု အဆိုပါအဖွဲ့၏ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှဲလ်ဘဲလ် ယနေ့(ဖေဖော်ဝါရီလ ၂၄ ရက်) နံနက်ပိုင်းတွင် U.S. Department of State’s Asia Pacific Media Hub က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ တရားဝင်သွားရောက်ခဲ့ပြီးနောက် ရှဲလ်ဘဲလ်က တရုတ်အခြေစိုက် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို နေ့စဉ်ပစ်မှတ်ထားနေသည့် အွန်လိုင်းလိမ်လည်မှု အမြောက်အများကို လုပ်ဆောင်နေကြောင်း သတိပေးခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှဲလ်ဘဲလ်က အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏ လုပ်ငန်းစဉ်များသည် အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်သည်ဟုဆိုသည်။
၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် FBI ၏ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးဗဟိုဌာန (IC3) သို့ တိုင်ကြားမှုပေါင်း ၈၀,၀၀၀ကျော် ရောက်ရှိခဲ့ပြီး ငွေကြေးဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထက် ကျော်လွန်ခဲ့သည်ဟုလည်း ဆိုသည်။
“အဲ့ဒီအဆောက်အအုံတွေကို အဝေးကနေ ကြည့်ရုံနဲ့တင် ဒီလုပ်ငန်းတွေ ဘယ်လောက်ကြီးမားသလဲ ဆိုတာကို ကိုယ်တိုင်မမြင်မချင်း အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ရှဲလ်ဘဲလ်က ၎င်းကိုယ်တိုင် သွားရောက်လေ့လာခဲ့သည့် အခြေအနေကိုရည်ညွှန်း၍ ပြောသည်။
ယင်းရာဇဝတ်မှုများသည် သီးခြားဖြစ်ပွားနေသည့် ရာဇဝတ်မှုများမဟုတ်ဘဲ ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် ငွေခဝါချမှုတို့ကို ပေါင်းစပ်လုပ်ဆောင်နေသည့် အရင်းအနှီး အမြောက်အမြားရှိသော ရာဇဝတ်လုပ်ငန်းစုကြီးများ ဖြစ်သည်ဟုလည်း ဆိုသည်။
“တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ နယ်စပ်တွေ၊ နည်းပညာတွေနဲ့ အားနည်းတဲ့သူတွေကို အသုံးချပြီးအကျိုးအမြတ် အမြောက်အမြားရအောင် လုပ်ဆောင်နေတဲ့ ခေတ်မီပြီး အရင်းအနှီးများတဲ့ ရာဇဝတ်လုပ်ငန်းစုတွေကတဆင့်အမေရိကန်နိုင်ငံသားတွေကို နေ့စဉ်နဲ့အမျှ ငွေလိမ်ပစ်မှတ်ထားနေတာဖြစ်ပါတယ်” ဟု ရှဲလ်ဘဲလ်က ဆိုသည်။
ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် FBI တို့၏ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုအတွက် အဓိကစံနမူနာဖြစ်ပြီး လက်ရှိတွင် FBI အေးဂျင့်များကို ထိုင်းပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့များနှင့် တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ရန် စေလွှတ်ထားသည်ဟုလည်း ရှဲလ်ဘဲလ်ကဆိုသည်။
ဖမ်းဆီးနှိမ်နင်းမှုများကို ကြုံတွေ့ရသည့်အခါ အဆိုပါဂိုဏ်းများသည် နယ်စပ်များကို ကျော်ဖြတ်ပြီး အလွယ်တကူ ရွှေ့ပြောင်းသွားတတ်သောကြောင့် ဒေသတွင်း တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ဆောင်ရွက်ရန် လိုသည်ဟုလည်း ရှဲလ်ဘဲလ်က အလေးပေးပြောဆိုခဲ့သည်။
“ဒါဟာ ကမ္ဘောဒီးယား တစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်သလို၊ ဗီယက်နမ် ဒါမှမဟုတ် ထိုင်းတစ်နိုင်ငံတည်းရဲ့ ပြဿနာလည်းမဟုတ်ပါဘူး။ ဒါဟာ ဒေသတွင်း ပြဿနာဖြစ်ပါတယ်” ဟု ရှဲလ်ဘဲလ်က ဆိုသည်။
ငွေကြေးဆုံးရှုံးမှုများအပြင် ဘဝများလည်း ဆုံးရှုံးနစ်နာရကြောင်း၊ အမေရိကန်နိုင်ငံသား အများအပြားသည် ၎င်းတို့တစ်သက်စာ စုဆောင်းထားသမျှ ဆုံးရှုံးခဲ့ရသလို၊ လူကုန်ကူးခံရသူများသည် လည်း အဆိုပါ ဂိုဏ်းဝင်းများအတွင်း အဓမ္မစေခိုင်းခြင်း ခံနေရသည်ဟုလည်း ပြောသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် ရာဇဝတ်ဂိုဏ်းများအား ပြင်းထန်စွာ သတိပေးခဲ့ပြီး အမေရိကန်၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောခဲ့သည်မှာ “အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေမယ်ဆိုရင် နယ်စပ်စည်းခြားထားတာတွေက သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ရာဇဝတ်သားတွေအနေနဲ့ မယုံကြည်သင့်ပါဘူး။ မင်းတို့ ဘယ်မှာရှိသလဲဆိုတာ ငါတို့သိတယ်။ မင်းတို့ကိုဖမ်းဖို့ ငါတို့ လာနေပြီ” ဟူ၍ ဖြစ်သည်။
(အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Federal Bureau of Investigation (FBI) ၏ ဌာနချုပ် အဆောက်အအုံ မြင်ကွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ − AFP)


Leave a Reply