စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ အဖွဲ့ရဲ့ သတင်းပေးမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။
ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်အချို့ဟာ ဖေဖော်ဝါရီ ၁၈ရက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ရက်ကစလို့ စစ်တပ်က ပုလဲမြို့နယ်ထဲကို အင်အားတွေပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ နောက် ဖေဖော်ဝါရီ ၂၁ရက်ကစပြီး ပုလဲမြို့နယ် ကန်ပေါက်ရွာ နဲ့ ကျွန်းဘိုကုန်းရွာကို စတင်စစ် ကြောင်းထိုးပြီး စာရင်းရထားတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်း ရှောင်ခဲ့တဲ့ ဒေသခံမျိုးသမီးတစ်ဦးက”စစ်တပ်မှာ စာရင်းပါလာပြီး အိမ်ကို မီးရှို့သွားတယ်လို့”ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ၂၀၂၃ ခုနှစ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကြောင်းဝင်လာတာကြောင့် ကလေးနဲ့ မိသားစုဝင်တွေကို ခေါ်ပြီး ထွက်ပြေးချိန်မှာ ရွာက အိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာပါ။
အခြားဒေသခံတစ်ဦးကလည်း “ဗိုလ်နဂါးနဲ့သူလူတွေက စစ်တပ်ကို ဒေတာတွေအကုန်ပေးလိုက်ကြောင်းနဲ့ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်စာရင်းတွေနဲ့ လိုက်ဖျက်ဆီးနေကြောင်း ပြောပါတယ်။
စစ်တပ်က ပုလဲမြို့အနီးက ရွာတွေကို စစ်ကြောင်း ၂ကြောင်းခွဲပြီး ထိုးနေတာပါ။ ဖေဖော်ဝါရီ ၂၁ရက်ကနေ ၂၄ရက်အထိ ကန်ပေါက်ရွာ၊ ကျွန်းဘိုကုန်းရွာ၊ ကြောင်သန်းရွာ၊ ဆင်ရှင်ရွာ၊အင်ကြင်းစုရွာ၊ ကိုင်းတောရွာတွေကို ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းဝင်တဲ့ရွာတွေဟာ တော်လှန်ရေးတပ်တွေ တပ်စွဲမထားတဲ့ ရွာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့အထိ မြေပြင်တိုက်ပွဲမရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမယ့်အန္တရာယ် ကြောင့် စစ်ကြောင်းမဝင်သေးတဲ့ ရွာက အိမ်တွေကို တံခါးရွက်ဖြုတ်ယူသိမ်းဆည်းတာတွေ၊ အိမ်တွင်းပရိဘောဂ ပစ္စည်းတွေ ဖြုတ်သိမ်းတာတွေလည်း ပြုလုပ်နေကြတယ်လို့သိရပါတယ်။
ဒေသခံတစ်ဦးက “တတ်နိုင်သလောက်၊ ရသလောက် ပြန်ယူထားတဲ့သဘောဖြစ်ပြီး စစ်တပ်စစ်ကြောင်းကတော့ မီးရှို့မှာ သေချာတယ်လို့ “ပြောပါတယ်။



Leave a Reply