ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စျေးတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် ဒဏ်ရာရရှိသွားကာ သေဆုံးသူ ၁၇ ဦးအထိ တိုးလာကြောင်း သိရသည်။

ယိုးငူရွာ စျေးတန်းကို စစ်လေယာဉ်တစ်စီး လာရောက် တိုက်ခိုက်ပြီးနောက် ထိခိုက်သွားသူများထဲတွင် ကလေးများ၊ အမျိုးသမီးများ ပါဝင်သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“သေဆုံးသွားတဲ့သူမှာ ကလေးငယ်တွေက ပိုများတယ်။ (အင်တာနက်)လိုင်းလည်း သိပ်အဆင်မပြေတော့ တိတိကျကျတော့ မရနိုင်သေးဘူး။ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။

အာရက္ခတပ်တော် (AA) ကလည်း ထိုတိုက်ခိုက်မှုကြောင့် ထိုရွာတွင် အပြစ်မဲ့ အရပ်သားပြည်သူ ကလေး များအပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိသွားပြီး လူနေအိမ်၊စျေးဆိုင်ခန်း အချို့ မီးလောင်ပျက်စီးသွားကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကြောင့် စျေးဆိုင်တန်းမီးလောင်ခဲ့ရာ ဆိုင်ရှင်များ၊ စျေးဝယ်သူများ ထိုနေရာတွင် ပိတ်မိပြီး အထိအခိုက် များခဲ့သည်၊ ရုပ်အလောင်းတချို့ မီးကျွမ်းသွား သဖြင့် သေဆုံးသူ မည်သူ၊ မည်ဝါဆိုသည်ကို အတည်မပြုနိုင်သေးဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်ရှိအချိန်ထိတော့ အလောင်းတွေကို ရှာနေတာတွေ ရှိတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသဖို့ အရေးပေါ် ပို့ဆောင်နေရတာတွေရှိတယ်။ အခုရွာကလူတွေလည်း အကုန်ကြောက်လန့်နေကြတယ်။ အနီး ပတ်ဝန်းကျင်ရွာက လူတွေလည်း ကြောက်နေကြရတယ်။ ညကို ဘယ်လိုဖြတ်သန်းရမလဲမသိဘူး”ဟု ၎င်းက ဆိုသည်။

ယခုရွာသည် စစ်ဘေးရှောင်များအများစု ခိုလှုံနေသည့်ရွာဖြစ်သည်၊ အရပ်ဘက်ပစ်မှတ်များကို လာရောက်တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ယုတ်ညံ့မှု ကမ်းကုန်သွားပြီဟု ကိုဝေဟင်အောင်က မှတ်ချက်ပြုသည်။

“အဓိကတော့ စစ်ကောင်စီရဲ့ ပြဿနာက နဂိုဓာတ်ခံက အကြမ်းဖက်တဲ့စိတ်ရှိတယ်ဗျ။ ပြည်သူလူထုကို ပြည်သူလို မမြင်ဘူး။ ရန်သူတစ်ဦးလိုမြင်တဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ပေါ့။ နောက်အခြားတစ်ဖက်မှာရော ဆိုရင် အာရက္ခတပ်တော်ကို တိုက်ခိုက်လို့ မနိုင်တဲ့အချိန်မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ ဖြစ်တယ်။ အကြမ်းဖက်တာ ဖြစ်တယ်ဗျ”ဟု ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း ယနေ့ နံနက် ၁၁ နာရီခန့်က ယာယီစစ်ရှောင်စခန်းတစ်ခုကို အသေခံ ဒရုန်း နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဦးမောင်နုစိန် (၇၈ နှစ်)နှင့် ဦးမောင်ခင်ထွန်း (၄၈ နှစ်) တို့ ဒဏ်ရာရခဲ့ကြောင်း ရခိုင်ဒေသ အခြေစိုက် အာရက္ခမင်းသမီးမီဒီယာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယခုလ ၂၀ ရက်နေ့အထိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး၊ သံတွဲမြို့နယ်များကို ပစ်ခတ်မှု၊ ဗုံးကြဲမှုများကြောင့် လသားအရွယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်းသေဆုံး၊ ၃၀ ထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဒေသခံ ၁၁၅၂ ဦး သေဆုံး၊ ၂၁၅၃ ဦး ဒဏ်ရာ ရရှိထားကြောင်း AA ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဦးစွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းတပ် ဆက်လက် ထိန်းချုပ်ထားနိုင်သော မြို့နယ်များမှာ စစ်တွေ၊ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။

Video (1)

Video (2)

Video (3)


Leave a Reply

Your email address will not be published. Required fields are marked *