ရွာသူရွာသားတွေက ဘုန်းကြီးကိုပြန်လွှတ်ပေးဖို အသနားခံစာပို့
“ဘုန်းကြီး အသက်ကို အာမခံတယ်။ အကောင်းပတိ ရှိပြီး စစ်ဆေးစရာတွေ များကြီး ရှိတယ်။ ဥပဒေအထက်တော့ မည်သူမျှမရှိရပေ” – ပုလဲပကဖ
စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။
ဖေဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။
ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ပူးပေါင်းသွားပြီး စစ်တပ်ကရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့ပါတယ်။
ဗိုလ်နဂါးရှိနိုင်တဲ့ နေရာအချို့ကို PDFနဲ့ ပကဖတပ်တွေက ပိတ်ဆို့ထားချိန်မှာဆရာတော် ဦးအရိယာဝံသကအကာအကွယ်ပေးပြီး ဘယ်သူမှမသိအောင် ခေါ်ထုတ်သွားတာလို့ဒေသခံတဦးကပြောပါတယ်။
ဆရာတော်ဦးအရိယာဝံသဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပါပြီ။၂၀၂၁နောက်ပိုင်း စစ်အာဏာသိမ်းမှုတော်လှန်ဆန့်ကျင်ရေးမှာ ပါပေမယ့် နောက်ပိုင်းမှာ ဗိုလ်နဂါးနဲ့ ဆရာဒကာဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးဘက်ကို မပါတော့ဘူးလို့ ပုလဲမြို့ခံတဦးကပြောပါတယ်။
“အဲ့ဒီဘုန်းကြီးက နဂါးနဲ့ရင်းနှီးတဲ့အဆက်အသွယ်ရှိတာလည်းမှန်ပါတယ်။ နဂါးသွားပြီးနောက် ဒေသတွင်းအခြေအနေတွေပိုဆိုးမလာအောင် ပကဖက ဘုန်းကြီးကိုထိန်းသိမ်းစစ်ဆေးနေတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဒီဘုန်းကြီးကိုဒေသတွင်းကိုးကွယ်နေကြတဲ့ ဒကာ၊ဒကာမတွေလည်းရှိတော့ ထိန်းသိမ်းထားတဲ့ပေါ်မှာစိုးရိမ်နေကြတာမျိုးပေါ့။ နဂါးအလင်းဝင်ပြီး စကစဘက်ကလေကြောင်းရော စစ်ကြောင်းရောလာတော့ တော်လှန်ရေးအဖွဲ့တွေကလည်း မဖြစ်သင့်တာမဖြစ်အောင်ပတ်သက်စပ်ဆက်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ရက်က ဆရာတော်ဦးအရိယာဝံသနဲ့အတူ သီတင်းကံကြီးရွာသားဦးထွန်းလင်းကိုပါ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ထိန်းသိမ်းခဲ့တာပါ။ဦးထွန်းလင်းကိုတော့ ဖေဖော်ဝါရီလ ၁၉ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာရပ်ရွာဒေသခံတွေက ဖေဖော်ဝါရီ ၂၁ ရက် ရက်စွဲနဲ့ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)ဆီစာပို့တောင်းဆိုထားတာလည်းရှိပါတယ်။ဆရာတော်ကိုဖမ်းသွားပြီးပြန်မလွတ်ပေးသေးလို့ဒါကာ ၊ဒါယိကာမတွေက ပူဆွေးသောကရောက်နေတယ်လို့ဖော်ပြထားပါတယ်။ယခုဖြစ်စဥ်မှာအပြစ်ရှိရင်တောင် နောက်နောင် အခုလိုအပြစ်ထပ်မံမကျူးလွန်စေရဟုအာမခံပြီး ထပ်မံကျူးလွန်ရင်ကြိုက်နှစ်သက်သလို စီမံဆောင်ရွက်ပါဟုရွာသားတွေရေးသားထားတဲ့စာမှာဖော်ပြထားပါတယ်။
ဆရာတော်ကို လိုအပ်တာ မေးမြန်းနေခြင်းသာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဟုတ်ပါတယ်အဓိကကတော့ နဂါးကိုကယ်ထုတ်သွားတယ်လို့ သတင်းရလို့ပါတဲ့။ အဲ့ဆရာတော်က နဂါးနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ ပစ္စည်းတွေ လက်နက်တွေ သူ့ဆီမှာအပ်ထားတယ်လို့လည်း သတင်းရလို့ခဏထိန်းထားတာပါ”
ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချပြီးတဲ့နောက်ပိုင်းပုလဲမြို့ထဲကို အင်အားဖြည့်ထားတဲ့ စစ်တပ်တွေထဲက အင်အား ၄၀၀ ခန့်ဟာရွာအချို့ကို စစ်ကြောင်းထိုးနေပါတယ်။ လက်ရှိအချိန်အထိ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိသေးပါဘူး။
ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့ BNRA တပ်ရင်းမှူးအချို့လည်း စစ်တပ်ထံလက်နက်ချသွားတာမို့ ပုလဲမြို့နယ်အတွင်း လုံခြုံရေးနဲ့ စစ်ရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။


Leave a Reply