မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောသွား ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီအချိန်လောက်က ဆီဘောက်ဆာထဲက စက်သုံးဆီတွေကို အခြားကုန်တင် ယာဉ်ပေါ်ကို ပြောင်းလဲထည့်ရာကနေ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွားပြီး လူ(၁)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
စက်သုံးဆီအရောင်းဆိုင်မှာ ဆီဘောက်ဆာယာဉ်ထဲက စက်သုံးဆီတွေကို ခြောက်ဘီးကုန်တင်ယာဉ်ပေါ်ရှိ ပလတ် စတစ်ပီပါတွေအတွင်း ပြောင်းလဲထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို ဆိပ်ဖြူနဲ့ ချောက်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ခွဲအချိန်လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုကြောင့် ဆီသယ် ယာဉ် (၄)စီး၊ ကုန်တင်ယာဉ်(၁)စီး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း (၁၂၁၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်အဆောက်အဦနဲ့ ဆီသိုလှောင်ကန်တွေကိုတော့ မီးကူးစက်တာ မရှိခဲ့ပါဘူး။
အလုပ်သမားတစ်ယောက်က တော့ ကုန်တင်ယာဉ်ပေါ်ကနေ မီးဘေးလွတ်ရာကို ခုန်ချလိုက်ရာ ခြေသလုံးနဲ့ လက်ဆစ်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ သင်္ဂဟ လူမှုကူညီရေးယာဉ်နဲ့ ဆိပ်ဖြူ ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့ပါတယ်။
မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာကို ဆိပ်ဖြူ မြို့မရဲစခန်းမှာ အရေးယူ ဆောင်ရွက် ထားရှိတယ်လို့ သိရပါတယ်။











Leave a Reply