Mm News.xyz 2026 02 25 140833

ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ စစ်ရေးနီးစပ်သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနက်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က အသင့်စောင့်တိုက်လိုက်တဲ့အတွက် တိုက်ပွဲအတွင်း အခုလိုသေဆုံးခဲ့ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မနက်ပိုင်း သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင် ဝင်လာတာပါ။ အဲဒါကို AA က အသင့်စောင့်တိုက်ခိုက်တာ ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ လက်နက်ခဲယမ်းကို AA က သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ နောက်ဆုတ်ထွက်ပြေးသွားတယ်လို့ သူက ဆိုပါတယ်။

“နှစ်ဖက်တိုက်ပွဲတော့ ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီက နောက်ထပ် စစ်ကူစစ်ကြောင်း တက်ရတယ်။ ဒရုန်း၊ လက်နက်ကြီးပါ အကူပေးရတယ်။”

စစ်ကောင်စီက သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ပတ်ဝန်းကျင်၊ ဒိုးမတောင်ပတ်ဝန်းကျင်၊ သိုင်းချောင်းပတ်ဝန်းကျင်၊ မင်းပြင်ပတ်ဝန်းကျင်တို့ကို အဓိက တပ်နေရာ ယာယီစခန်းနဲ့ စစ်ကြောင်းတို့ နေရာယူထားပြီး အဲဒီစခန်းတွေကတဆင့် AA ထိန်းချုပ်နေရာတွေကို စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့တိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။

အခုလို စစ်ကောင်စီက ယာယီ စစ်ရှောင်ဒေသခံတွေနေတဲ့ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အတွက် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ငအုပ်ကျေးရွာပတ်ဝန်းကျင်ရှိ ယာယီစစ်ရှောင်စခန်းက သက်ကြီးပိုင်း အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကျောက်ဖြူမှာ အာရက္ခတပ်တော် (AA) ဘက်က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်လှုပ်ရှားမှု ရှိနေတဲ့အတွက် တိုက်ပွဲ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *