ကျောင်းအပ်နှံစာရင်းတွင်မပါ၍ မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိသည့် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁၀၀ ကျော်အား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူးကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ကျင်းပသည့် အတန်းဆုံးစာမေးပွဲတွင် စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်ရှိ “ထက်”ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား/သူ ၈၉ ဦး စုစုပေါင်း ၁၆၁ တို့သည် ဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ ၂၂ ရက်၌ စစ်ကိုင်းခရိုင် ပညာရေးမှူးထံမှရရှိခဲ့သော်လည်း ပါဝင်ဖြေဆိုခွင့် မရခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျောင်းသား/သူ ၁၆၁ ဦးသည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ တာဝန်ရှိသူများမှ ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် အမှန်တကယ် ကျောင်းတက်ရောက်မှု မရှိခြင်းနှင့် အတန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း သုံးကြိမ်ဖြေဆိုထားသည့်အထောက်အထားများ မရှိခြင်းတို့ကြောင့် ဖြေဆိုခွင့်မရခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
အထက်ပါအချက်များပြည့်စုံသည့် ထက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၄၀ ဦးနှင့် Grade -9 ကျောင်းသား/သူ ၄၀ ဦး စုစုပေါင်း ၈၀ ဦးအား နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း ဖြေဆိုခွင့်ပြုခဲ့ကြောင်းလည်း ပြောသည်။
“ထက်”ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းလုပ်ငန်းများ စနစ်တကျ မဆောင်ရွက်ခြင်း၊ လချုပ်များ အပ်ဒိတ် တင်ပြနိုင်မှု မရှိခြင်း၊ ကျောင်းခေါ်ချိန်စာရင်းတွင် ကျောင်းသူ/သား ၁,၅၂၉ ဦး ရှိသော်လည်း အမှန်တကယ် တက်ရောက်သူ ၂၂၈ ဦးသာရှိကြောင်း တွေ့ရှိရသဖြင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ နောက်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစကာ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့်ကျောင်း ဖြစ်သည်။
လက်ရှိတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုခွင့် မရခြင်းအပေါ် ကျောင်းသူ/သားများ၊ မိဘများ၏ လက်မှတ်ဖြင့် ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ကြီး ဦးခင်မောင်ရေးက ပညာရေးဝန်ကြီးဌာနကို အသနားခံစာ တင်ထားကြောင်း သိရသည်။

Leave a Reply