အာဏာသိမ်းစစ်တပ်က ခု ထုတ်ပြန်တဲ့ ဖုန်းတွေကို မှတ်ပုံတင်ရမဲ့ ကိစ္စက အာဏာရှင်တွေအတွက် အသစ်မဟုတ်ပါ။ သူ့မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်တို့က ဒီစနစ်ကို ကျင့်သုံးနေပြီးသား ဖြစ်ပါတယ်။
ခု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်တဲ့ Central Equipment Identity Register – CEIR ဆိုတာ ဘယ်ဖုန်းမှာမဆို ပါဝင်တဲ့ IMEI (International Mobile Equipment Identity) နံပါတ်တွေကို စနစ်တကျ စုဆောင်းမဲ့ အစီအစဉ်လို့ ကျနော် မြင်ပါတယ်။
❍
ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI နံပါတ်ဆိုတာ ရှိပါတယ်။ ဂဏန်း ၁၅ လုံး ပါပါတယ်။ သိစရာလည်း မလိုသလို အလွတ် ရထားစရာလည်း မလိုပါ။ ဒါက ဖုန်းတလုံးရဲ့ မှတ်ပုံတင်ပါပဲ။ အလွယ် ပြောရရင်တော့ ဖုန်းတစ်လုံးရဲ့ ‘ဒစ်ဂျစ်တယ် လက်ဗွေရာ’ လို့ ဆိုနိုင်ပါတယ်။ ဖုန်းကိုပြောတာပါ၊ ဆင်းမ်ကတ်ကို ပြောတာ မဟုတ်ပါ။
❍
ခု စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ကိုယ်ဝယ်ထားတဲ့ဖုန်းဟာ အခွန်ဆောင်ထားသလား မဆောင်ထားဘူးလား ဆိုတာကို စစ်တပ်ရဲ့ CERI မှာ ကိုယ့်ဖုန်းရဲ့ IMEI နံပတ်တွေကို တင်ပြီး စစ်ဖို့ မှတ်ပုံတင်ဖို့ ပြောလာတာ ဖြစ်ပါတယ်။
စစ်တပ် ရေးထားပုံအရ ‘လက်ရှိ အသုံးပြုနေတဲ့ မိုးဘိုင်လက်ကိုင်ဖုန်းတွေကို အခွန်ပေးစရာမလိုဘူး၊ ဆက်လက်ပြီး အသုံးပြုနိုင်ဖို့ CEIR စနစ် ခွင့်ပြုစာရင်းမှာ အလိုလျောက် ထည့်ပေးမယ်’ လို့ ဆိုတယ်။
ဒါပေမဲ့ အဲ့ဒီ ခွင့်ပြုစာရင်းမှာ ပါနိုင်ဖို့ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ့်ဖုန်းကို မြန်မာဆင်းမ်ကတ် တခုကို ထည့်ပြီး အသုံးပြုနေဖို့ လိုတယ်။
ဒီမှာ သတိထားရမှာက ဖုန်းတလုံးကို ဝယ်ထားပြီး ဒီလ ၃၁ ရက်မတိုင်ခင် မြန်မာဆင်းမ်ကတ် တခုခု ထည့်ပြီး မသုံးထားဘူးဆိုရင်၊ ဒါမှမဟုတ် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမှ သုံးမယ်ဆိုရင် အခွန်ဆောင်ရမယ်။
သဘောကတော့ ဧပြီ ၁ နောက်ပိုင်းမှာ ဖုန်းတလုံးကို ဆင်းမ်ကတ်ထည့်ပြီး သုံးမယ်ဆိုရင် အဲ့ဒီဖုန်းဟာ အခွန်ဆောင်ထားတဲ့ ဖုန်းဖြစ်ရမယ်။ မဆောင်ထားဘူးဆိုရင်တော့ စစ်တပ် ထုတ်ပြန်ချက်မှာ ‘ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရှိမည်’ လို့ ရေးထားပါတယ်။
အင်တာနက် မရတဲ့နေရာက လူတွေဆိုရင်တော့ နီးစပ်ရာနေရာက အခွန်ဦးစီးရုံးတွေ၊ အကောက်ခွန်ရုံးတွေမှာ အခွန်နဲ့ဒဏ်ကြေးကို ပေးလို့ရတယ်လို့ စစ်တပ်က ဆိုတယ်။
အခွန်မဆောင်ဘဲ ဆက်သုံးရင်တော့ စစ်တပ်က သတ်မှတ်ထားတဲ့ ရက်နောက်ပိုင်းမှာ အဲ့ဒီဖုန်းတွေမှာ မြန်မာ ဆင်းမ်ကတ်တွေကို ထည့်သုံးလို့ ရတော့မှာ မဟုတ်ဘူး။
ဥပမာ နိုင်ငံခြားကနေ ဖုန်းတလုံး ဝယ်လာမယ်၊ အခွန် မဆောင်ထားဘူး။ ဧပြီ ၁ နောက်ပိုင်းမှာ မြန်မာ ဆင်းမ်ကတ် ထည့်သုံးရင် သတ်မှတ်ကာလတခုအထိပဲ သုံးလို့ရမယ်၊ သတ်မှတ်ကာလအတွင်းမှာ အခွန်မဆောင်ဘူး၊ မှတ်ပုံမတင်ဘူးဆိုရင် သတ်မှတ်ရက်ကျော်သွားတဲ့အခါ အဲ့ဒီဖုန်းကို မြန်မာနိုင်ငံက ထုတ်တဲ့ ဘယ် ဆင်းမ်ကတ်မှ ထည့်သုံးလို့ ရတော့မှာ မဟုတ်ဘူး။
❍
စစ်တပ်ဘက်က ဝါဒဖြန့်နေတာက နိုင်ငံတကာမှာလည်း မှတ်ပုံတင်ကြတယ်ဆိုတဲ့ အချက်ပါ။ မှန်သလိုလိုနဲ့ ရောချပြီး လူထုကို ပုံမှားရိုက်နေတာ ဖြစ်ပါတယ်။
ပုံမှန် အခြေအနေမှာ လူတယောက်က ဖုန်းတလုံး ဝယ်လိုက်တယ်၊ ဆင်းမ်ကတ် ထည့်သုံးတယ်။ ‘ဘာမှ မဖြစ်ရင် ဘာမှ လုပ်စရာမလို’ ပါဘူး။
ဖုန်းတလုံးထဲကို ဖုန်းဆင်းမ်ကတ် တခု ထည့်လိုက်တာနဲ့ ဖုန်းအော်ပရေတာက အလိုလို IMEI ကို ရထားပြီးသား ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အစိုးရက ဒါမှဟုတ် အာဏာပိုင် အဖွဲ့အစည်းတခုခုက ရတာ မဟုတ်ပါ၊ ဖုန်းအော်ပရေတာတွေက ရတာ ဖြစ်ပါတယ်။
ကိုယ့်ဖုန်းပျောက်သွားလို့ အော်ပရေတာကို ပြောလိုက်ရင် သူက ကိုယ့်ဖုန်းရဲ့ IMEI ကို သိပြီးသားဖြစ်လို့ CEIR စနစ်နဲ့ ခိုးသွားတဲ့လူက ကိုယ့် ဆင်းမ်ကတ်ကို ဖြုတ်ပြီး နောက်ထပ် ဘယ် ဆင်းမ်ကတ်ထည့်ထည့် သုံးလို့ မရအောင် လုပ်ပစ်လို့ရပါတယ်။
ဒီစနစ်ကို အမေရိကန်၊ ယူကေ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ဥရောပနိုင်ငံတွေ၊ သြစတြေးလျ၊ အိန္ဒိယတို့မှာလည်း သုံးပါတယ်။
❍
ဒါကြောင့် အစိုးရတရပ်အနေနဲ့ လုပ်လို့မရဘူးလား မေးရင် ရပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေ၊ လွတ်လပ်တဲ့ တရားရေးရှိတဲ့ နိုင်ငံတွေမှာ တရားမဝင် အဖွဲ့အစည်းတွေကို ခြေရာခံတာမျိုး၊ ခိုးသွင်းလာတဲ့ဖုန်းတွေကို ပိတ်ပစ်ချင်တာမျိုး စတဲ့ကိစ္စတွေမှာ IMEI နဲ့ ဖုန်း ဆင်းမ်ကတ်နဲ့ လိုက်တာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ လူတယောက်ရဲ့ ဖုန်းကို ခြေရာခံဖို့၊ လှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ ဆိုတာ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူထုရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို တန်ဖိုးထားတဲ့ နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ ခွင့်ပြုချက် အထူးသဖြင့် တရားရေးရဲ့ ခွင့်ပြုချက်နဲ့မှ ရဲတပ်ဖွဲ့ တနည်းအားဖြင့် ဥပဒေစိုးမိုရေးအဖွဲ့တွေက လုပ်လို့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကို စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စစ်တပ်က ဂုတ်ကနေ ခွစီးထားပါတယ်။ ဖုန်းအော်ပရေတာတွေက စစ်တပ်ကို အစီရင်ခံရပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာလုပ်သလို မြန်မာမှာလည်း လုပ်တာလို့ ယှဉ်ပြောလို့ မရတာပါပဲ။
❍
အဖြေက ရှင်းပါတယ်။ ကိုယ့်ဖုန်း IMEI ကို ဖုန်းအော်ပရတာတွေကပဲ သိတာဖြစ်ပြီးတော့ အစိုးရ ဒါမှမဟုတ် အာဏာပိုင်အဖွဲ့စည်းက သိစရာမလိုပါဘူး။ ပေးစရာလည်း မလိုပါဘူး။ ဒါက လွတ်လပ်တဲ့နိုင်ငံတွေမှာ အလုပ်လုပ်ပုံပါ။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင် ဖြစ်လေတော့ လုပ်ချင်ရာ လုပ်တာပဲ ဖြစ်ပါတယ်။
ကိုယ့် ဆင်းမ်ကတ်ကို မှတ်ပုံတင်လိုက်တာနဲ့ ကိုယ့်အချက်အလက်တွေကို အော်ပရေတာတွေက ရထားပြီးသားဖြစ်သလို အဲ့ဒီဆင်းမ်ကတ်ကို ထည့်သုံးတဲ့ ဖုန်းရဲ့ IMEI ကိုလည်း စစ်တပ်က အချိန်မရွေး တောင်းယူနိုင်ပါတယ်။ တောင်းလည်း တောင်းယူနေပါတယ်။
ခုကိစ္စမှာတော့ စစ်တပ်ရဲ့ လုပ်ရပ်ကို ခန့်မှန်းကြည့်ရင် အရင်လိုမျိုး လူတွေရဲ့ ဖုန်း IMEI တွေကို အော်ပရေတာတွေဆီကနေ တောင်းစရာမလိုတော့ဘဲ အခွန်ဆောင်ထားသလား မဆောင်ထားဘူးလား စစ်တဲ့ ဖုန်းတွေရဲ့ IMEI တွေကို စနစ်တကျ စုဆောင်းခွင့် ရသွားတယ်လို့ မြင်ပါတယ်။
❍
ဆိုတော့ ခု CERI သုံးပြီး ကိုယ့် IMEI ကို စစ်ကြည့်တာ၊ မှတ်ပုံတင်တာက ပုံမှန်အခြေအနေမှာဆိုရင် စိုးရိမ်စရာ မရှိဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ ဘယ်သူ့ကိုမဆို စောင့်ကြည့်ရတာ၊ ခြေရာခံတာ အရင်တုန်းကထက် ပိုမြန်သွားမယ် ပိုလွယ်သွားမယ် ဆိုတာပါပဲ။
အရင်က လူတယောက်ကို လိုက်ချင်ရင် စစ်တပ်က ဖုန်းနံပါတ်နဲ့ လိုက်ပါတယ်။ ဖုန်းပြောနေတဲ့အချိန်၊ အင်တာနက်သုံးနေတဲ့အချိန်မှာ အနည်းဆုံး ဖုန်းတာဝါတိုင် ၃ ခုလောက်နဲ့ တိုက်ပြီး လိုက်လို့ရပါတယ်။
ခုတော့ ဖုန်းနံပါတ်ကိုတင် မဟုတ်တော့ဘဲ ကိုယ့်ဖုန်းဟန်းဆက်ရဲ့ IMEI ကိုပါ တိုက်ဆိုင်ကြည့်နိုင်တော့မှာ ဖြစ်လို့ မှတ်ပုံမတင်ထားတဲ့ ဆင်းမ်ကတ်တခုကို ကိုယ့်ဖုန်းမှာ ထည့်သုံးရင် စစ်တပ်က ဖုန်းကိုပါ သိထားတဲ့အတွက် ပိုပြီး ခြေရာခံဖို့ လွယ်သွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဖုန်းကို လုံးလုံးပိတ်ချလိုက်တာ၊ ဖုန်း မပြောတာ၊ ဝိုင်ဖိုင် မသုံးတာဆိုရင် စစ်တပ်က လိုက်ဖို့ မလွယ်ပါဘူး။ လုံခြုံရေးအတွက် အန္တရယ်ရှိတယ်ဆိုရင်တော့ အီရန်၊ ဂါဇာ၊ ဆီးရီးယားတို့မှာလိုမျိုး ဖုန်းပြောပြီးတာနဲ့ ဖုန်းရော ဆင်းမ်ကတ်ကိုပါ လွှင့်ပစ်ရမဲ့ အနေအထားပါပဲ။
❍
ခု လက်ရှိသုံးနေတဲ့ ဖုန်းတွေရဲ့ IMEI ကို စစ်တပ်က သိပြီးသားမို့ ရှောင်ဖို့တော့ မလွယ်နိုင်ပါဘူး။ ဆိုတော့ ကိုယ် အင်တာနက်သုံးတာကို ပိုပြီး ဂရုစိုက် ဆင်ခြင်ကြဖို့သာ ရှိပါတော့တယ်။ ဒီအတွက်တော့…
◼︎ အင်တာနက်ပေါ်ကနေ ဆက်သွယ်ဖို့အတွက် လုံခြုံမှုအရှိဆုံးလို့ ဆိုနိုင်တဲ့ Signal အက်ပလီကေးရှင်းကို သုံးပါ။ Facebook Messenger တို့၊ Telegram တို့၊ Viber တို့လိုပဲ စာပို့၊ ဖုန်းပြော၊ ဓာတ်ပုံ၊ ဗွီဒီယိုပို့တဲ့ Application ဖြစ်ပါတယ်။ ပိုပြီး လုံခြုံပါတယ်။
Android မှာပဲဖြစ်ဖြစ် iPhone တွေမှာဖြစ်ဖြစ် App Store မှာ အလွယ်တကူ ရှာလို့ရပါတယ်။ Signal မှာဘာတွေပြောထားသလဲ ဆိုတာကို ကြားကနေ ဘယ်သူမှ မဖတ်နိုင်ပါ။ ကြားဖြတ် နားမထောင်နိုင်ပါ။
◼︎ လုံခြုံရေးအတွက်၊ တခြားသူ မသိစေချင်တဲ့ ဘယ်ကိစ္စတိုင်းမဆို မဖြစ်မနေ ဘယ်အခြေအနေရောက်ရောက် VPN သုံးပါ။
◼︎ ကိုယ့်ဖုန်းထဲမှာ သံသယရှိနိုင်တဲ့အချက်အလက်၊ ဓာတ်ပုံ၊ ဗွီဒီယို တခုဆို တခုမှ ထည့်မထားပါနဲ့။
ဒီအကြောင်းကို ကျွမ်းကျင်သူတွေကို မေးမြန်းပြီး ကျနော် နားလည်သလို ပြန်ရေးပြတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းကို ပိုပြီး နားလည်တတ်ကျွမ်းသူတွေအနေနဲ့ လူထုကို ရှင်းရှင်းလင်းလင်း ရေးပြကြဖို့၊ လူထုကို အသိပေးဖို့ လိုအပ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျား။
✍️ Mratt Kyaw Thu


Leave a Reply