ဆီမတိုးဘဲ ပြန်ခဲ့ပြီ

ဒီနေ့ မနက် ၇ နာရီခွဲအချိန် ဆီသွားတိုးခဲ့တယ်။

“ဝန်ထမ်းတွေဒီဖက်မှာစီ၊အရပ်သားတွေဟိုဖက်မှာသွားစီ´´ ။

ဆိုင်ဝန်ထမ်းလားဘာလားမသိ။

သူ့အသံကြောင့် ဆီတိုးသူတွေလူစုခွဲပြီး နှစ်တန်းခွဲစီကြတယ်။

“ဆိုင်ကယ်တွေထားပြီး အထဲမှာ QR ကုဒ်လာလုပ်ကြပါ´´

ဒုတိယအကြိမ် သူ့အသံထပ်ပေါ်လာပြန်ပြီ။

နှစ်တန်းခွဲပြီးတန်းစီထားသူတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး အလုအယက်သွားတန်းစီကြပြန်ပြီ။

သိပ်မကြာလိုက်။

“ဆီထုတ်ရင်းနဲ့ QR ကုဒ်လုပ်ကြပါ ´´

တတိယအကြိမ် သူ့အသံထပ်ထွက်လာပြန်ပြီ။

စောစောက QR ကုဒ်လုပ်ဖို့ အထဲမှာသွားတန်းစီနေသူတွေ အပြေးအလွှားဆိုင်ကယ်တွေပေါ်တက်ကြပြန်ပြီ။

ဆီဆိုင်ရှေ့က သံတံခါးတစ်ချပ်ပွင့်လာချိန်မှာ ဝန်ထမ်းတွေနဲ့အရပ်သားတွေခွဲခြားထားတဲ့စည်းက ပျက်ပြီး တံခါးအပေါက်ဝရှေ့ အလုအယက်တိုးကြလေပြီ။

မနေ့ကထဲက QR ကုဒ်လုပ်ပြီးထားသူတွေ၊ ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေ၊ အရပ်သားတွေဆိုတဲ့ သတ်မှတ်ချက်ဟူသမျှ ဘာမှမရှိတော့။

အချိန်က မနက် ၁၀ နာရီထိုးလုပြီ။

မိမိတို့ဆီရရှိရေးသာ အဓိကဖြစ်ကြ​လေပြီ။

အပူရှိန်က တဖြည်းဖြည်းမြင့်တက်လာသလို အပေါက်ဝရှေ့တိုးဝှေ့နေကြတဲ့လူအုပ်ကြီးက အားကြီးသူသာအနိုင်ရ ဆိုတဲ့ Jungle Law အတိုင်းသာ။

ကျွန်တော် ဆီမတိုးဘဲ ပြန်ခဲ့ပါပြီ။

ဧရာ(ပဲခူး)


Leave a Reply

Your email address will not be published. Required fields are marked *