ဆီမတိုးဘဲ ပြန်ခဲ့ပြီ
ဒီနေ့ မနက် ၇ နာရီခွဲအချိန် ဆီသွားတိုးခဲ့တယ်။
“ဝန်ထမ်းတွေဒီဖက်မှာစီ၊အရပ်သားတွေဟိုဖက်မှာသွားစီ´´ ။
ဆိုင်ဝန်ထမ်းလားဘာလားမသိ။
သူ့အသံကြောင့် ဆီတိုးသူတွေလူစုခွဲပြီး နှစ်တန်းခွဲစီကြတယ်။

“ဆိုင်ကယ်တွေထားပြီး အထဲမှာ QR ကုဒ်လာလုပ်ကြပါ´´
ဒုတိယအကြိမ် သူ့အသံထပ်ပေါ်လာပြန်ပြီ။
နှစ်တန်းခွဲပြီးတန်းစီထားသူတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး အလုအယက်သွားတန်းစီကြပြန်ပြီ။
သိပ်မကြာလိုက်။
“ဆီထုတ်ရင်းနဲ့ QR ကုဒ်လုပ်ကြပါ ´´
တတိယအကြိမ် သူ့အသံထပ်ထွက်လာပြန်ပြီ။
စောစောက QR ကုဒ်လုပ်ဖို့ အထဲမှာသွားတန်းစီနေသူတွေ အပြေးအလွှားဆိုင်ကယ်တွေပေါ်တက်ကြပြန်ပြီ။

ဆီဆိုင်ရှေ့က သံတံခါးတစ်ချပ်ပွင့်လာချိန်မှာ ဝန်ထမ်းတွေနဲ့အရပ်သားတွေခွဲခြားထားတဲ့စည်းက ပျက်ပြီး တံခါးအပေါက်ဝရှေ့ အလုအယက်တိုးကြလေပြီ။
မနေ့ကထဲက QR ကုဒ်လုပ်ပြီးထားသူတွေ၊ ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေ၊ အရပ်သားတွေဆိုတဲ့ သတ်မှတ်ချက်ဟူသမျှ ဘာမှမရှိတော့။
အချိန်က မနက် ၁၀ နာရီထိုးလုပြီ။
မိမိတို့ဆီရရှိရေးသာ အဓိကဖြစ်ကြလေပြီ။
အပူရှိန်က တဖြည်းဖြည်းမြင့်တက်လာသလို အပေါက်ဝရှေ့တိုးဝှေ့နေကြတဲ့လူအုပ်ကြီးက အားကြီးသူသာအနိုင်ရ ဆိုတဲ့ Jungle Law အတိုင်းသာ။
ကျွန်တော် ဆီမတိုးဘဲ ပြန်ခဲ့ပါပြီ။
ဧရာ(ပဲခူး)


Leave a Reply