အီရန်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခြင်းသည် တရုတ်စီးပွားရေးအပေါ် စတင်ဖိစီးလာနေပြီဖြစ်ကာ ယင်းအခြေအနေကြောင့် ယခင်ကတည်းက အားနည်းနေသည့် ပြည်တွင်းစားသုံးမှုမှာ ပိုမိုနှေးကွေးသွားစေရုံသာမက အရေးပါသော ပို့ကုန်ကဏ္ဍများကိုလည်း ထိခိုက်စေလျက်ရှိသည်။
မတ်လအတွင်းက ကားအရောင်းအဝယ် ကျဆင်းခဲ့ပြီးနောက် ဧပြီလတွင် ပိုမိုထိုးဆင်းသွားခဲ့သည်။ အိမ်ထောင်စုအသီးသီးက အသုံးစရိတ်ကို သတိထားချွေတာလာကြသဖြင့် စားသောက်ဆိုင်နှင့် ဟိုတယ်များတွင် လာရောက်သူ ကျဲပါးသွားသည်။ ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံတောင်ပိုင်းတွင် ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်း မြင့်တက်လာမှုနှင့် အမေရိကန်၏ အခွန်စည်းကြပ်မှုဒဏ်များကြောင့် အရုပ်စက်ရုံတရုံ ပြိုလဲသွားခဲ့ပြီးနောက် အလုပ်သမားထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ရေနံအရန် အမြောက်အမြားရှိနေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော်လည်း ယခုကဲ့သို့ စီးပွားရေးအရ ဖိစီးမှုလက္ခဏာများ ပေါ်ထွက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေသည့် အင်အားစုများ၏ဒဏ်ကို မလွှဲမရှောင်သာ ခံစားနေရကြောင်း မီးမောင်းထိုးပြနေသည်။
စစ်ပွဲ၏ နောက်ဆက်တွဲဒဏ်ကို တရုတ်နိုင်ငံက ကောင်းကောင်းကျော်ဖြတ်နိုင်ပုံရသည်ဟု သီတင်းပတ်များစွာကြာအောင် ယူဆခဲ့ကြပြီး မတ်လအထိ ထွက်ပေါ်လာသော စီးပွားရေးအချက်အလက်များကလည်း ထိုအမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။ သို့သော် အီရန်စစ်ပွဲမှာ ကိုးပတ်မြောက်အထိ ကြာမြင့်လာပြီး မည်သည့်အချိန်မှ ပြီးဆုံးမည်ကို မသေချာသေးသည့်အတွက် တရုတ်စီးပွားရေး၏ အားနည်းချက် အက်ကြောင်းများ သိသိသာသာ ပေါ်လာနေပြီဖြစ်သည်။
“စီးပွားရေးက နှေးကွေးသွားပြီ” ဟု ပြင်သစ်ဘဏ္ဍာရေးလုပ်ငန်း Natixis ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွား ရေးပညာရှင်အကြီးအကဲ Alicia García-Herrero က ဆိုသည်။ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုရည်မှန်းချက်ဖြစ်သော ၄ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုမိုရရှိရန် ရုန်းကန်ရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
စီးပွားရေး အားနည်းလာသည့် လက္ခဏာရပ်များအနက် အထင်ရှားဆုံးတခုမှာ မော်တော်ကား ရောင်းအားနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ဖြစ်သည်။ မော်တော်ကားလုပ်ငန်းကို စီးပွားရေးပြဿနာများ၏ အစောပိုင်းအညွှန်းကိန်းတခုအဖြစ် သတ်မှတ်လေ့ရှိသည်။ တရုတ်အိမ်ထောင်စုအများစုအတွက် ကားသည် တိုက်ခန်းများပြီးလျှင် ဒုတိယအများဆုံး အဝယ်လိုက်ပြီး ဤလုပ်ငန်းကဏ္ဍသည် သံမဏိ၊ ဖန်နှင့် အခြားကုန်ကြမ်းပစ္စည်းများ၏ ဝယ်လိုအားကို မြှင့်တင်ပေးသည်။
တရုတ်ခရီးသည်တင်ကားအသင်း (China Passenger Car Association) ၏ အဆိုအရ ဧပြီလ ပထမ ၁၉ ရက်အတွင်း လက်လီကားရောင်းအားသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။ လျှပ်စစ်ကား (EV) ရောင်းအား ကျဆင်းသွားမှုမှာ ဒီဇင်ဘာလတွင် အခွန်သက်သာခွင့်များ သက်တမ်းကုန်ဆုံးသွားခြင်းကြောင့်လည်း ဖြစ်ပြီး ဓာတ်ဆီသုံးကားများမှာ အခြေအနေပိုဆိုးကာ ၄၀ ရာခိုင်နှုန်း နီးပါးအထိ ကျဆင်းခဲ့သည်။
ရောင်းအားကျဆင်းမှုကြောင့် ကားအရောင်းပြခန်းများတွင် မရောင်းရသေးသည့် ကားများ ပုံလာခဲ့ပြီး ထုတ်လုပ်မှု လျှော့ချခဲ့ကြရသည်။ တရုတ်ကားစက်ရုံများသည် ဧပြီလ ပထမနှစ်ပတ်အတွင်း၌ ယခင်နှစ်ကထက် ကားထုတ်လုပ်မှု ၂၇ ရာခိုင်နှုန်း လျှော့ချခဲ့သည်။ ပို့ကုန်ကဏ္ဍတွင် တိုးတက်မှုရှိနေသော်လည်း ထုတ်လုပ်မှုပိုင်းတွင် သိသိသာသာ ပြန်ဆုတ်သွားခြင်းဖြစ်သည်။
အပေါ်ယံကြည့်လျှင် စီးပွားရေးမှာ ကြံ့ကြံ့ခံနိုင်ဆဲဟု ထင်ရသော်လည်း၊ အသေအချာ လေ့လာကြည့်ပါက အခြေခံအားနည်းချက်များကို မြင်တွေ့ရမည်ဖြစ်သည်။
ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တရုတ်စီးပွားရေးသည် ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်အလိုက်တိုးတက်မှုနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့သော် ထိုသို့ တိုးတက်မှုအများစုမှာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်သာ အားကောင်းခဲ့ခြင်း ဖြစ်သည်။
မတ်လအတွင်း လက်လီရောင်းဝယ်မှုမှာ သိသိသာသာ နှေးကွေးသွားပြီး ယခင်နှစ်ထက် ၁ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ မရောင်းရသေးသော ပစ္စည်းလက်ကျန်များမှာ ဆက်လက်ပုံလာနေကြောင်း တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအဖွဲ့ချုပ်က ပြောသည်။ ပေကျင်းအခြေစိုက် စီးပွားရေးပညာရှင် Michael Pettis က ယခုကဲ့သို့ ကုန်လက်ကျန်များ ပုံလာခြင်းသည် နောင်တွင် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း သုံးသပ်ထားသည်။
တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် စက်မှုကဏ္ဍ အမြတ်အစွန်းဆိုင်ရာ အချက်အလက်များအရ မတ်လအထိ အခြေအနေကောင်းနေသေးသည်ကို တွေ့ရသဖြင့် စီးပွားရေးကျဆင်းမှုကို အထိုက်အလျောက် ကာမိနိုင်သည်။ သို့သော် ထိုအမြတ် အစွန်း အများစုမှာ ဓာတုဗေဒနှင့် စွမ်းအင်ကုမ္ပဏီများက စစ်မဖြစ်မီကတည်းက စျေးပေါပေါဖြင့် ဝယ်ယူစုဆောင်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို စျေးတက်ချိန်တွင် ပြန်လည်ရောင်းချရာမှရရှိသည့် တခါသုံး အမြတ်အစွန်းများသာ ဖြစ်သည်။
တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် ရေနံအရန်များနှင့် ကြီးမားသော ရေနံချက်စက်ရုံများ ရှိထားသည့်အတွက် အိမ်နီး ချင်းအာရှနိုင်ငံများလောက် စွမ်းအင်ဂယက်ဒဏ်ကို မခံရပေ။ ထို့ပြင် တရုတ်သည် လောင်စာဆီစျေးနှုန်း မြင့်တက်မှုဒဏ်ကို စားသုံးသူများ အပြည့်အဝ မခံစားရစေရန် ကာကွယ်ပေးထားပြီး မြင့်တက်လာသော ရေနံစျေးနှုန်း၏ ထက်ဝက်ခန့်ကိုသာ စားသုံးသူများကျခံစေသည်။
သို့သော် အရုပ်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။
တရုတ်နိုင်ငံတောင်ပိုင်းတွင် ဧပြီ ၂၀ ရက်၌ ရုတ်တရက်ပိတ်သိမ်းသွားသော အရုပ်စက်ရုံအချို့မှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ထောင်ပေါင်းများစွာသည် လွန်ခဲ့သည့်အပတ်က လမ်းပေါ်ထွက်လာကြကာ လုပ်ခလစာနှင့် နစ်နာကြေးများရရှိရန် နေ့စဉ်ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။
ပါရှန်ကွေ့နှင့် ကမ္ဘာ့စွမ်းအင်ဝယ်ယူသူများကို ဆက်သွယ်ပေးထားသည့် ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှု နှေးကွေးသွားပြီးနောက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သော ပလတ်စတကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ စက်ရုံများ ပိတ်သိမ်းရခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အရုပ်ထုတ်လုပ်ရေးလုပ်ငန်းသည် ကုန်ကျစရိတ်မြင့်တက်မှု၊ နိုင်ငံတကာပြိုင်ဆိုင်မှုနှင့် သမ္မတ ထရမ့်၏ အခွန်စည်းကြပ်မှုများကြောင့် ယခင်ကတည်းက ဖိအားများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အဆိုပါ ပိတ်သိမ်းသွားသည့် စက်ရုံများသည် ဟောင်ကောင်၏ အနောက်ဘက် မိုင် ၂၆၀ ခန့်အကွာတွင် တည်ရှိပြီး လုပ်အားခသက်သာသော အရုပ်ထုတ်လုပ်ရေး အချက်အချာမြို့ဖြစ်သည့် ယူလင်းမြို့တွင် တည်ရှိသည်။
အလုပ်သမားများသည် စက်ရုံဂိတ်ပေါက်များတွင် “ငါတို့ရဲ့ သွေး၊ချွေးနဲ့ ရင်းထားတဲ့ ငွေတွေ ပြန်ပေးပါ” ဟူသော ကြွေးကြော်သံများပါသည့် နဖူးစည်းစာတန်းများကို ချိတ်ဆွဲထားကြသည်။ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင် အလုပ်သမားများက ငြိမ်သက်စွာ စုဝေးနေကြပြီး ရဲအရာရှိများက အနီးအနားတွင် စောင့်ကြည့်နေကြသည်။
ဆန္ဒပြမှုနှင့် ပတ်သက်သည့် ဗီဒီယိုတို အမြောက်အမြားမှာ တရုတ်နိုင်ငံ၏ အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ပုံမှန်အားဖြင့် လူထုမငြိမ်မသက်ဖြစ်မှုများကို အာဏာပိုင်များက ပိတ်ပင်ကန့်သတ်လေ့ရှိသော်လည်း၊ ယခုဗီဒီယိုများမှာမူ ဆက်ရှိနေဆဲဖြစ်သည်။ ယင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းကြောင့်လည်းကောင်း၊ အလုပ်သမားများအပေါ် တာဝန် ကျေပွန်ရန် ကုမ္ပဏီများကို ပေကျင်းအစိုးရက တိုက်တွန်းထားခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်သည်။
သောကြာနေ့နှင့် တနင်္လာနေ့များတွင် ယူလင်းမြို့ရှိ အစိုးရနှင့် ကွန်မြူနစ်ပါတီရုံးများသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။ ပိတ်သိမ်းသွားသော စက်ရုံများသည် ဟောင်ကောင်အခြေစိုက် Wah Shing Toys ကုမ္ပဏီပိုင်များဖြစ်ပြီး၊ ယင်းကုမ္ပဏီဘက်ကလည်း ဖုန်းနှင့် အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှုများကို တစုံတရာ တုံ့ပြန်ခြင်း မရှိပေ။
ယူလင်းမြို့ရှိ စက်ရုံခွဲက အလုပ်သမားများထံ ထုတ်ပြန်သည့် ကြေညာချက်မှာ အွန်လိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ပြည်ပမှ ခက်ခဲသောအခြေအနေများကြောင့် စက်ရုံများကို ပိတ်သိမ်းကာ ဒေဝါလီခံရန် လျှောက် ထားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် “မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း” နှင့် စိန်ခေါ်မှုများပြားသော ပြည်ပစီးပွားရေးဝန်းကျင်တို့ကို အကြောင်းပြထားပြီး၊ နိုင်ငံခြားဖောက်သည်များထံမှ ရရန်ရှိသော ငွေကြေးများ မရရှိသဖြင့် ကုမ္ပဏီ၏ ငွေကြေးစီးဆင်းမှုကို ထိခိုက်စေခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။
ပလတ်စတကုန်ကြမ်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းသည် တရုတ်နိုင်ငံ၏ အရုပ်ထုတ်လုပ်ရေးကဏ္ဍအတွက် ကြီးမားသော ပြဿနာတခု ဖြစ်လာခဲ့သည်။ ယင်းတွင် ဟောင်ကောင်၏ အရှေ့မြောက်ဘက် မိုင် ၁၉၀ အကွာတွင်ရှိပြီး ကမ္ဘာ့အရုပ်ထုတ်လုပ်မှု၏ သုံးပုံတပုံခန့်ကို တာဝန်ယူထားသည့် ရှန်တို မြို့ရှိ ထုတ်လုပ်ရေးဇုန်လည်း အပါအဝင်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၁၀ ရက်အကြာ၌ ပလတ်စတစ်ဈေးနှုန်းများ ထိုးတက်သွားခဲ့ရာ ရှန်တိုချန်ဟိုင် အရုပ်လုပ်ငန်းရှင်များအသင်း (Shantou Chenghai Toy Association) က ကုန်ပစ္စည်းများကို “ဈေးကစားရန် သိုလှောင်ခြင်းနှင့် ထိတ်လန့်တကြားဖြစ်မှုများ” ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။
The New York Times မှ The Iran War Is Starting to Expose Cracks in China’s Economy အား Brownie ဘာသာပြန်သည်။


Leave a Reply