ကျွန်းစုတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦးက ညီအရင်းကို သေနတ်ဖြင့်ပစ်သတ်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရိုင်ကျေးရွာအုပ်စု၊ သဇင်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က အစ်ကိုဖြစ်သူက ညီအရင်းဖြစ်သူကို စကားများပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်ရာမိသားစုဝင်တွေဆီက သိရပါတယ်။

အစ်ကိုဖြစ်သူ ကိုခက်ခဲက သဇင်ရွာရဲ့ ပျူစောထီးတယောက်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် ရတာ တလခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

နီးစပ်ရာ မိသားစုဝင်တယောက်က “အစ်ကိုဖြစ်တဲ့သူက သူ့မိဘအိမ်ကိုလာရင်း ညီဖြစ်သူနဲ့ စကားများပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကျည်က တင်ပါးကနေ ဆီးအိမ်ကို ဖောက်ဝင်သွားတယ်” လို့ ပြောပါတယ်။

ကျူးလွန်သူ ကိုခက်ခဲကို သဇင်ရွာရဲတွေက ညနေဘက်မှာ ဖမ်းဆီးခဲ့ပြီး ကျွန်းစုမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညီဖြစ်သူ ကိုမြင့်သူရဲ့ အလောင်းကိုတော့ မြိတ်မြို့ကို ပို့ဆောင်ပြီး စစ်ချက်ယူနေတယ်လို့ သိရကာ ဘယ်နေ့သင်္ဂြိုဟ်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

သဇင်ကျေးရွာမှာ ပျူစောထီး ၆ ယောက်ရှိပြီး ဒေသခံတွေအပေါ် မတရား ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *