ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာ
မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲနာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ မိုးဇလပညာရှင် ဦးဝင်းနိုင်က “မေလ ၁၉ ရက်မှ ၂၂ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်အဆင့် (Depression) အဖြစ် အရှိန်ရလာနိုင်ပါတယ်။ ယခု Update တွင် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း/ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဦးတည်လာနိုင်ပါတယ်။ မေလ ၂၃ ရက်နောက်ပိုင်းတွင် Vorticity တန်ဖိုးများ မြင့်တက်လာခြင်းကြောင့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဆင့်အထိ ကူးပြောင်းနိုင်ခြေကို ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ယနေ့ နေ့လည်ပိုင်းက သုံးသပ်ပြောကြားထားပါတယ်။
ECMWF Chart Update များအရ မုန်တိုင်းဖြစ်ပေါ်နိုင်စွမ်း (Cyclogenesis) ဟာ မေလ ၁၅ ရက်နေ့တွင် လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းအဆင့်သို့ ကူးပြောင်းနိုင်ခြေမှာ ဗဟိုချက်အနီးတွင် ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းအထိ မြင့်မားနေသည်ကို တွေ့ရပြီး ရွေ့လျားမှုလမ်းကြောင်းအဖြစ် မေလ ၁၇ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်/ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလာမှာဖြစ်ကာ strike probability ဧရိယာသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပိုမိုကျယ်ပြန့်စွာ ဦးတည်လာနေတာကို တွေ့ရတယ်လို့လည်း ၎င်းက ခန့်မှန်းသုံးသပ်ပြောကြားထားပါတယ်။
ထို့အပြင် လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း (Tropical Cyclone) အဆင့်သို့ ရောက်ရှိနိုင်ခြေ မြင့်မားနေကြောင်း ECMWF chart များရှိ အရောင်အညွှန်းကိန်းများက ဖော်ပြနေပြီး အိန္ဒိယမိုးလေဝသဌာနမှ မေ ၁၃ ရက် ထုတ်ပြန်ချက်အရတော့ လေဖိအားနည်းရပ်ဝန်းသည် “သိသာထင်ရှားသော လေဖိအားနည်ရပ်ဝန်း”(WELL MARKED LPA)အဖြစ်အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်မည်မဟုတ်ကြောင်း သိရတယ်လို့ ဦးဝင်းနိုင်က အသိပေးပြောကြားထားပါတယ်။
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပို လာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။







Photos-မိုးဇလ၊ Win Naing
မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်လာရင် ဘာတွေ လုပ်ရမလဲဆိုတာ သေချာသိထားပြီလား?
ဘေးအန္တရာယ်တစ်ခု ကျရောက်လာနိုင်တဲ့အခါ အရောင်တွေနဲ့ အဆင့်လိုက် သတိပေးချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီအရောင်တွေက ဘာကိုဆိုလိုသလဲ၊ မိသားစုတွေအနေနဲ့ ဘယ်လို ကြိုတင်ပြင်ဆင်ပြီး တုံ့ပြန်ရမလဲဆိုတာကို ဒီပုံလေးထဲမှာ အလွယ်တကူ လေ့လာနိုင်ပါတယ်။
မိုးရာသီမှာ ကိုယ်ချစ်ရတဲ့သူတွေ ဘေးကင်းဖို့အတွက် ဒီအချက်လေးတွေကို အတူတူ ဖတ်ကြည့်ပြီး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြပါနော် 💙





UNICEF


Leave a Reply