ခိုင်နှင်းဝေ ပရဟိတအဖွဲ့အား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းရာမှအစပြု၍ ပုဂံနှင့်ပုပ္ပါးအခြေစိုက် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးဖြင့် ရှင်းလင်းပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာ
ခိုင်နှင်းဝေ ပရဟိတအဖွဲ့အား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းရာမှအစပြု၍ ပုဂံနှင့်ပုပ္ပါးအခြေစိုက် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးဖြင့် ရှင်းလင်းပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာကြောင်း သိရသည်။
ခိုင်နှင်းဝေ ဦးဆောင်သော ပရဟိတအဖွဲ့သည့် မေ ၁၃ ရက် နံနက်ပိုင်းက ပုပ္ပားတောင်ကလပ်ပွဲတွင် ပွဲပေးပူဇော်မှုများ ပြုလုပ်ပြီးနောက် ပုပ္ပားမှ ပုဂံသို့ Alphard ကားနှစ်စီးဖြင့် ဗျတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ညနေပိုင်းအထိ အဆိုပါ ကားနှစ်စီးမှာ ပုဂံသို့ ဆိုက်ရောက်လာခြင်းမရှိဘဲ ဖုန်းများအားလုံး အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထွက်ပေါ်နေသည့် သတင်းများအရ ခိုင်နှင်းဝေ ဦးဆောင်သော ပရဟိတအဖွဲ့သည် ပုပ္ပားမှ ပုဂံသို့ ထွက်ခွာလာစဉ် ခိုင်နှင်းဝေ လိုက်ပါလာခြင်းမရှိသည့် ကားတစ်စီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားတစ်စီးအား ပုဂံဒေသတွင် လှုပ်ရှားနေသည့် PDF အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အဖွဲ့ဝင်တစ်ဦးအတွက် ကျပ်သိန်း ၁၈၀၀ ပေးဆောင်ရန် ယင်းအဖွဲ့က တောင်းဆိုထားသည်ဟုလည်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခိုင်နှင်းဝေက ယနေ့ (မေ ၁၆ ရက်) မွန်းလွဲပိုင်းတွင် ဘဝမှာ ကံအကောင်းဆုံးအချိန်ဟူသော ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခုအား ၎င်းအသုံးပြုသည့် Khine Hnin Wai Facebook Account တွင် “(၁၃) ရက်နေ့ နေ့လည် (၁၁) နာရီခန့် တွင် ပုပ္ပားတောင်မှာ ပွဲပေးပြီး အပြန် ထမင်းဆိုင်တစ်ဆိုင်အရောက် ရုတ်တရက် စိတ်ထဲ ဆက်မသွားချင်တာနဲ့ ကားရပ်ပီး လက်ဆေး (မျောက်စာကျွေးထားတဲ့အတွက်) ဖြစ်ခဲ့ပါတယ်.. ကားပေါ်ပြန်တက်ဘို့အလုပ်မှာ ဟေသာမေက မေမေ ကြက်ဥပြုတ်စားချင်တယ်ဆိုပီး လက်ကို ဆွဲထားတော့ ဗိုက်ဆာနေလို့အထင်နဲ့ ထမင်းပေါင်း မှာကျွေးလိုက်ပါတယ်..တူတူလာတဲ့ ဝန်ထမ်းများကားကတော့ ဆိုင်မဝင်ပဲ ပုဂံဘက်သို့ ဆက်မောင်းသွားပါတယ်..(၁၅) မိနှစ် အကြာမှာ ဖုန်းထဲသို့ Message ဝင်လာပြီး “ဗျတ္တ ပန်းဆက်လမ်း”တွင် ကားကို အမည်မသိ လ-က်န-က်ကိုင် အဖွဲ့များမှ တားဆီးခေါ်ဆောင်ထားကြောင်း ပြောပီး အဆက်သွယ်ပြတ်တောက်သွားခဲ့ပါတယ်…ကျမအနေနဲ့ လိုအပ်တာများ ဆက်လက်လုပ်ဆောင်ပြီး ည (၇) နာရီခန့်တွင် ကလေးများ ပြန်လည်ရောက်ရှိလာပါတယ်ရှင်..ကျမနှင့် အတူ ဝန်ထမ်းများအားလုံး ဘေးကင်းလို့ အဆင်ပြေပြီး ဖြစ်ပါတယ်ရှင်..အားလုံးပဲ အစစအရာရာ သတိထားသွားလာပြီး ဘေးအပေါင်းမှ ကင်းရှင်းကြပါစေရှင်”ဟု ရေးသားထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ TikTok လူမှုကွန်ရက်အကောင်တစ်ခုက “ပုဂံလုံခြုံရေး ကျိုးပေါက်နေတာ ကြာပါပြီ။ ယခု ခိုင်နှင်းဝေကိစ္စကျမှ လူကြားလာတာပါပဲ။ ပုဂံဘုရားဖူးအချို့ မကြာခဏ ပြန်ပေးဆွဲခံကြရတယ်။ ငွေသိန်းထောင်ချီပေး ရွေးခဲ့ကြရတယ်။ အံ့သြစရာကောင်းတာ တစ်ချက်ရှိတယ် ။ အဲဒီ ပြန်ပေးဆွဲခံကြရတဲ့ ကာယကံရှင်တွေကို တိုင်ကြပါဆိုတာကိုပဲ တယောက်မှ မတိုင်ရဲကြပါဘူး။ ဘာကြောင့်လဲ တွေးကြည့်တော့ ရွှေ့ပြောင်းရခက်တဲ့ ဇာတိမြေနေရပ်လိပ်စာ၊ လုပ်ငန်း၊ ဆွေမျိုးသားချင်းတွေနဲ့ ချည်နှောင် ခြိမ်းခြောက်ခံထားရလို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မိတ်ဆွေဖွဲ့ခြင်း၊ ရင်ဖွင့်ရုံပဲ လုပ်ရဲရလောက်အောင် ကြောက်ရွံ့နေတာ တွေ့ရပါတယ်။ ဒီလောက် ရဲရဲတင်းတင်း ရာဇဝတ်ကျူးလွန်နေကြတာတောင် ဒေသအာဏာပိုင်တွေက နှိမ်နင်းဖို့ မကြိုးစားကြပါဘူး။ထိရောက်မှုရှိအောင် အားထည့်မကြိုးစားလို့သာ ယနေ့ထိ ခိုင်နှင်းဝေတို့အဖွဲ့လို ပြန်ပေးဆွဲခံနေကြရတာပါ”ဟု ရေးသားထားသည်။
ကမ္ဘာကျော် ပုဂံမြို့ကြီး တစ္ဆေမြို့ကဲ့သို့ ခြောက်ကပ်နေခြင်းသည် ယခုကဲ့သို့ ပြန်ပေးသမားများကြောင့်ဖြစ်သည်ကို ဒေသခံများက သိရှိကြကြောင်း အထက်ပါ TikTok အကောင့်တွင် ရေးသားဖော်ပြထားသည်။
ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ဒေသများတွင် အစိုးရအနေဖြင့် ခရီးသွားပြည်သူများကို လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောက်နေသည့်သူခိုး၊ ဓားပြ၊ ပြန်ပေးဆွဲသူများကို နှိမ်နင်းပေးရန် တာဝန်ရှိကြောင်း ပုဂံဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပေါ်နေမှု၏ နောက်ဆက်ဆွဲအဖြစ် ဒေသခံများက ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအပေါ် မေးခွန်းထုတ်လာသည့်အပြင် ဒေသအာဏာပိုင်များအပေါ်ပါ မသင်္ကာသည့်စွပ်စွဲပြောဆိုမှုများပါရှိလာကြောင်း TikTok တွင် ကြည့်ရှုသူများပြားနေသည့် ဒေသခံတစ်ဦး၏အကောင့်တွင် ရေးသားပြောကြားထားသည်။
“တစ်ကယ်တော့ ဒီပြဿနာက PDF တွေ သောင်းကျန်းလာရာကနေ အစပြုခဲ့တာပဲ ။ အခု လုပ်နေသူတွေက PDF တွေပါလို့ တထစ်ချ စွပ်စွဲနေတာထက် ပြန်ပေးဆွဲပြီး ခေါ်သွားတဲ့ ရွာသားတွေအဓိကပဲ ။ ရွာလုံးကျွတ် နွားခိုးတဲ့ ပုံပြင်တွေ ကြားဖူးတယ် မဟုတ်လား။ အဲဒါ ပုံပြင်မဟုတ်ဘူး။ ကျုပ်တို့မြင်းခြံမှာ တကယ်ရှိခဲ့တာပဲ ။ ပျားရွာဆိုတာ နာမည်ကြီး နွားခိုးရွာ။ ရွာထဲ နွားဆွဲသွားတာ မြင်လို့ လိုက်ရှာ ဘယ်တော့မှ မတွေ့ရဘူး။ တစ်ရွာလုံး ညီညီညွတ်ညွတ် ဖွက်ပေးကြတာ ၊၊ တစ်ရွာလုံး လိမ်စားတဲ့ ရွာရှိတယ်။ သရဲဖမ်းဆောင်းပါးမှာ ရေးဖူးတယ်။ ဒါကြောင့် ပြန်ပေးကိစ္စကိုလည်း တစ်ရွာလုံး စစ်ဆေးကြည့်စေချင်တယ်။ ငတုံးတွေလို ရွာရှိလူကုန် အကုန်စု ဘယ်သူသိလဲ မမေးနဲ့မပေါ်ဘူး။ တယောက်ချင်း ခွဲစစ်၊ အမှန်ပြောမယ့်သူတော့ ပေါ်လာမှာပဲ”ဟု မြင်းခြံဒေသခံတစ်ဦးက ရေးသားထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပုဂံညောင်ဦးမှ ဒေသအာဏာပိုင်များ ပူးပေါင်းပါဝင်သည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း ကျပ်သိန်းထောင်ချီ တောင်းရမ်းနေသည့် ပြန်ပေးမှုပေါင်းများစွာမှာ မိမိလက်တစ်ကမ်းတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေခြင်းအပေါ် လျစ်လျူရှုထားသည်ဟု ဝေဖန်မှုများရှိနေသလို အမှန်တပယ်လျစ်လျူရှုထားခြင်းရှိ မရှိကို ကြပ်မတ်စိစစ်သင့်ကြောင်း ထောက်ပြပြောကြားမှုများလည်း ရှိနေသည်။
ညောင်ဦးဒေသခံတစ်ဦးက “မတိုင်လို့ပါ၊ မသိလို့ပါဆိုတဲ့ ဆင်ခြေက မလုံလောက်ပါဘူး။ ခြောက်ကပ်နေတဲ့ ပုဂံဈေးဆိုင်တွေက ဈေးသည်တွေရဲ့ ညည်းညူသံက ကျုပ်တို့တောင် ကြားနေရတာ ဒေသအာဏာပိုင်တွေဆို ပိုပြီးကြားရမှာပေါ့ ။ အဲဒီလို ပြန်ပေးရွာတွေကို နဝတခေတ် နွားခိုးရွာ ရှင်းသလို ရှင်းပစ်ဖို့ ကောင်းပြီ။ ဘယ်လို ရှင်းပစ်လဲဆိုတာ လေ့လာပေါ့ဗျာ။ ခေတ်မတူဘူး ဘာညာလာမပြောနဲ့ PDF နဲ့သာ ရောကြိတ် လွယ်ပါ့။ ပြန်ပေးတွေကလည်း PDF နဲ့ ရောကြိတ်နေတာ ဘာထူးလဲ။ ထိရောက်ပါ့မလား မမေးနဲ့။ ၁၉၉၀ ဝန်းကျင်တုန်းက နွားခိုးတွေ ရှင်းပစ်တာ နောင် နှစ်ပေါင်း ၃၀ ကျော်ထိ နွားခိုးသံကို မကြားခဲ့ရတော့ဘူး။ နွားခိုး ၅၀ ကို မညှာပဲ တောင်သူ ၅ သိန်းကို ကာကွယ်ပေးခဲ့တဲ့ အကောင်းဆုံးနည်းကို နဝတ သင်ပေးခဲ့တယ် လေ့လာကြပါအုံးဗျာ” ဟု ညောင်ဦးဒေသခံတစ်ဦးက ပြောကြားသည်။
ပုဂံသို့ ဘုရားဖူးလာရောက်မည့်သူများသည် ကျောက်ပန်းတောင်းနှင့် ပုပ္ပါးလမ်းကြောတွင် PDF များ၏ ပြန်ပေးဆွဲဖမ်းဆီးမှုကို အများဆုံးခံရလေ့ရှိပြီး လူပြတ်သည့် ဗျတ္တပန်းဆက်လမ်းသည် မကြာခဏ ပြန်ပေးဆွဲခံရလေ့ရှိကြောင်း သိရသည်။
ထို့ပြင် ပုဂံညောင်ဦးဒေသတွင်းရှိ ငါ့သရောက်ဒေသတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မရှိသကဲ့သို့ ကျောင်းများ မဖွင့်လှစ်နိုင်သည်မှာလည်း ကြာမြင့်ပြီဖြစ်ကာ ယင်းဒေသတွင် ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ လူဦးရေ ၄၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြန်ပေးဆွဲငွေတောင်းခံရသူများလည်း အများအပြားရှိပြီး ယင်းဒေသရှိ ကျေးရွာတစ်ချို့သည် PDF အဓိကအခြေစိုက်သည့်ကျေးရွာများဖြစ်သည့်အတွက် ယင်းကျေးရွာများကို တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။
ငါ့သရောက်မြို့နယ်ခွဲအတွင်းရှိ ဆည်ရွာ၊ သနပ်ပင်၊ ဆင်သားမွေး၊ ပြာပုံ၊ ဖျောက်ဆိပ်ပင်၊ ကုလားတဲ စသည့်ကျေးရွာများသည် PDF များ အခိုင်အမာအခြေချသည့် အဓိကကျေးရွာများဖြစ်သည့်အတွက် ယင်းကျေးရွာများအား နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန် တောင်းဆိုနေခြင်းဖြစ်သည်။

ငါ့သရောက်နယ်ဒေသည် PDF အခြေပြုသည် အဓိကရွာများဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းသင့်ပြီး ဆည်ရွာကိုလည်း နယ်မြေရှင်းလင်းရန်လိုကြောင်း ညောင်ဦးဒေသခံတစ်ဦးကဆိုသည်။
“တရားဥပဒေမစိုးမိုးတာ နှစ်ချီနေပါပြီ။ ရဲစခန်းရှိလည်း ဘယ်မှကို မထွက်ရဲဘူး။ စစ်ကြောင်းထိုးလည်း ခဏပဲ၊ လာရင်ရှောင်ပြေးတယ်၊ မလာရင် နေရာပြန်ယူတာပဲ။ အခုဆိုရင် ရွာပုလဲမှာ အင်အားရာချီရှိတယ်၊ အိုရင်းဘက်လည်း အပြည့်ပဲ၊ ခက်လန်းကန်၊ ဆင်သားမွေး၊ ဖျောက်ဆိပ်ပင်၊ သနပ္ပင်၊ အိုင်ကြီးဘက်တွေကတော့ အခိုင်အမာခြေကုတ်ယူထားကြတာ။ ဆည်နဲ့ မြောက်ကုန်းကတော့ ညတိုင်းလိုလို သွားလာနေကြတာ။ ကျောင်းဖွင့်ချိန်အမီ ရှင်းနိုင်ရင်ပြည်သူတွေ အဆင်ပြေကြပါပြီ”ဟု အခြားညောင်ဦးဒေသ အခြားညောင်ဦးဒေသခံတစ်ဦးကလည်း မှတ်ချက်ပြုသည်။
လက်ရှိတွင် ပုဂံဒေသသို့လာရောက်သည့် ပြည်တွင်းခရီးသွားများနည်းပါးလျက်ရှိကာ ယခုကဲ့သို့ ပုဂံဒေသတွင် တရားဥပဒေစိုးမိုးမှုအားနည်းပြီး တည်ငြိမ်မှုမရှိသည့် အခြေအနေဆက်လက်ဖြစ်ပေါ်ပါက ပုဂံဒေသသို့လာရောက်သည့် ပြည်တွင်းခရီးသွားသည် ယခုထက်ပိုမို ကျဆင်းလာမည်ဖြစ်သည့်အပြင် ပုဂံဒေသသို့ နိုင်ငံတကာခရီးသွားများကို ပြန်လည်ဖိတ်ခေါ်ရန်မှာလည်း မလွယ်ကူသည့်အခြေအနေတစ်ရပ်ဖြစ်နေကာ ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်နိုင်သည့်အပြင် ဒေသခံများအတွက် မလုံခြုံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ထိခိုက်နိုင်စေသည့် အခြေအနေတွင် ရှိနေသည်။

ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးက” နဂိုဆို ပုဂံ ခဏခဏသွားဖြစ်တယ်။ အခုဘယ်လိုမှမသွားရဲဘူး။ သတင်းတွေကအမျိုးမျိုးထွက်နေတာ။ သွားတဲ့သူတွေပြန်ပြောတာ E-bike နဲ့လျောက်လည်သွားရင် ပုဂံဘက်ကနေ ကျောက်ပန်းတောင်းဘက်အထွက် ပိုင်ထန်းတဲအထိပဲသွားလို့ရတယ်။ ဟိုဘက်ကို ကျော်လို့မရဘူး လုံခြုံရေးစိတ်မချလို့တဲ့၊ ၂၀၂၃ ဒီဇင်ဘာ နောက်ဆုံးသွားခဲ့တုန်းက ခရီးသွားနည်းလို့ ဒေသခံတွေရဲ့ ဧည့်မျှော်တဲ့ ခက်ခဲတဲ့အသံတွေကြားခဲ့ရတယ်။ အခုဆို အရင်ထက်ပိုဆိုးမယ်လို့ထင်တယ်။ လက်နက်ကိုင်တွေကော၊ ဓါးပြတိုက်နေသူတွေကော ကိုယ့်ဒေသကိုယ်ဖျက်ဆီးနေတာတွေ ရပ်သင့်ပြီလို့ထင်တယ်”ဟုပြောကြားသည်။
မကြာမီ ကျောင်းဖွင့်ရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ကာ ပုဂံဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဓားပြမှု၊ ခိုးမှုနှင့် ပြန်ပေးဆွဲမှုများအပေါ် သက်ဆိုင်ရာအနေဖြင့် အသွင်ယူ၍ဖြစ်စေ၊ လုံခြုံရေးအင်အားအများအပြားချ၍ ဆောင်ရွက်ခြင်းဖြစ် လုပ်ဆောင်ရန် တောင်းဆိုမှုများလည်း မြင့်တက်လျက်ရှိသည်။


Leave a Reply