တရုတ်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သော ရှန်းရှီပြည်နယ်တွင် “တခြားလုပ်ကိုင်စရာမရှိတော့မှသာ ကျောက်မီးသွေးတွင်းထဲ ဆင်းပါ” ဟူသော ဆိုရိုးစကားတခု ရှေးယခင်ကတည်းက ရှိခဲ့ဖူးသည်။
ဆယ်စုနှစ်များစွာတိုင်အောင် ယင်းတွင်းနက်ကြီးများထဲက ဘဝများသည် ကြေကွဲစရာဖြစ်ရပ်များနှင့် ဒွန်တွဲနေခဲ့သည်။ ယင်းကြေကွဲစရာများက အမြဲတမ်းဖြစ်လာခြင်းကြောင့် အခြားဆိုရိုးစကားများကိုပင် ဖြစ်တည်လာစေခဲ့သည်။ ကျောက်မီးသွေးတွင်းလုပ်သားများသည် ဓာတ်ငွေ့ပေါက်ကွဲမှု၊ ရေကြီးမှုနှင့် တွင်းပြိုမှုများကြောင့် သေဆုံးနိုင်သည့် မြေအောက်လိုဏ်ခေါင်းများထဲသို့ ဆင်းသွားကြသည့်အခါ “ငွေရဖို့ အသက်နဲ့လဲနေကြရသူများ” (သို့မဟုတ်) “မနက်ဖြန်အတွက် အသက်နဲ့လောင်းကြေးထပ်နေရသူများ” ဟူ၍ တင်စားပြောဆိုခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယင်းလုပ်ငန်း၏ သေမင်းတမန်ဂုဏ်သတင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ ထိုဆိုးရွားလှသော နေ့ရက်များသည် တရုတ်အတွက် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် မေလ ၂၂ ရက်က ရှန်းရှီပြည်နယ်ရှိ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူပေါင်း ၈၂ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ချိန်တွင် ထိုယူဆချက်မှာ ပျက်ပြယ်သွားခဲ့ရသည်။
၁၅ နှစ်ကျော်ကာလအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည့် ယင်းကျောက်မီးသွေးတွင်းပေါက်ကွဲမှုသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဦးစားပေးသည့် အစိမ်းရောင်စွမ်းအင်ဆီသို့ ရည်မှန်းချက်ကြီးမားစွာ တရုတ်က ကူးပြောင်းနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းအချက်က အတိတ်ကာလက များစွာအန္တရာယ်များလွန်းကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည့် လုပ်ငန်းအပေါ် မှီခိုနေရမှုကို ရုန်းထွက်ရန် တရုတ်က ရုန်းကန်နေရဆဲဖြစ်ကြောင်း သတိပေးချက် တခုဖြစ်ခဲ့သည်။
“ဒါက မီသိန်းဓာတ်ငွေ့ အလွန်များတဲ့တွင်းဆိုတာ လူတိုင်းသိပါတယ်” ဟု လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသည့် တွင်းလုပ်သားတဦးဖြစ်သူ ချန်က ပြောသည်။
“ကျွန်တော့်စိတ်ထဲမှာတော့ မြေအောက်ထဲမှာ လုပ်သားတွေ ကျန်နေသေးတယ်လို့ ခံစားရတယ်။ မြေအောက်လိုဏ်ခေါင်းလမ်းကြောင်းတွေက ရှုပ်ထွေးပြီး ယှက်ဖြာနေတာ။ လူမသိတဲ့ တူးဖော်ရေးလုပ်ငန်းခွင်တွေလည်း ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့သော ကျောက်မီးသွေးတွင်းမျိုးတွင် “အန္တရာယ်က တချိန်မဟုတ် တချိန်တွေ့ကြုံတွေ့ရမှာပါ” ဟု ချန်က ဆိုသည်။
“ဒီမတော်တဆမှုက လုံးဝ မဖြစ်သင့်ပါဘူး”

လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပိတ်မိနေသူများအနက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်သည် အားလုံးနီးပါးချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
“ပေါက်ကွဲမှုအရှိန်က တွင်းဝအထိ ရိုက်ခတ်လာပြီး ကျွန်တော်တို့အားလုံးကို လဲကျသွားစေခဲ့တယ်။ ဖုန်တွေက အဆမတန် ထူထပ်လွန်းလို့ ဘာမှမမြင်ရတော့ဘူး” ဟု အသက်ရှင်ကျန်ရစ်သူတဦးက တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနသို့ နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
“၁၀ မိနစ်ကျော်လောက် အတင်းပြေးပြီးတဲ့နောက်မှာ ကျွန်တော့်သိစိတ်တွေ ဝေဝါးလာခဲ့ပါတယ်။ တကယ့်ကို ထိတ်လန့်စရာကောင်းခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း၊ ယခုကဲ့သို့ ပေါက်ကွဲမှုများသည် ပုံမှန်အားဖြင့် မီသိန်းဓာတ်ငွေ့ (သို့မဟုတ်) ကျောက်မီးသွေးဖုန်မှုန့်များ စုံပြုံလာပြီးနောက် မီးကူးနိုင်သည့် အရာတခုခုနှင့် ထိတွေ့ရာမှ ဖြစ်ပွားလေ့ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းသဘောအရ အန္တရာယ်များလှသည့် ကျောက်မီးသွေးတွင်း ပတ်ဝန်းကျင်မျိုးတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးစနစ်များ ချို့ယွင်းခြင်းနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်း စသည့် “လူသားတို့၏ အမှားများ” က သေကျေပျက်စီးစေသည့် အဓိကအချက် ဖြစ်လာလေ့ရှိသည်။
“စနစ်တကျ ပုံစံထုတ်ထားတဲ့ ကျောက်မီးသွေးတွင်းတွေက၊ စနစ်တကျ ကာကွယ်မှုတွေကတဆင့် ပေါက်ကွဲမှုမဖြစ်အောင် အပြည့်အဝ တားဆီးနိုင်စွမ်းရှိပါတယ်” ဟု ကျန်းနန်တက္ကသိုလ်၏ အမျိုးသားလုံခြုံရေးနှင့် စိမ်းလန်းစိုပြည်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အင်စတီကျုမှ ပါမောက္ခ ဟုန်းချန်က ရှင်းပြ သည်။
“လက်ရှိ ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ ကျောက်မီးသွေးတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုနဲ့ နည်းပညာစနစ်တွေအရ ကျွန်တော် အပြတ်ပြောနိုင်တာတခုကတော့၊ ဒီမတော်တဆမှုဟာ လုံးဝမဖြစ်ပွားသင့်တဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းပုဂ္ဂလိကပိုင် ကျောက်မီးသွေးတွင်းကို လုပ်ကိုင်နေသည့် ထုံကျိုးဂရု(ပ်)ကုမ္ပဏီသည် “ကြီးလေးသော ဥပဒေချိုးဖောက်မှုများ” ကို ကျူးလွန်ခဲ့ကြောင်း ပဏာမစစ်ဆေးတွေ့ရှိချက်များက ဖော်ပြနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သော်လည်း၊ မည်သည့်အချက်များကို စုံစမ်းသိရှိခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ကျောက်မီးသွေးတွင်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ချိုးဖောက်မှုများစွာ ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ဘေးအန္တရာယ်ဖြစ်ပွားသည့်နေ့က မြေအောက်သို့ဆင်းသွားသည့် လုပ်သားဦးရေ၏ ထက်ဝက်ခန့်သာ တရားဝင်စာရင်းသွင်းထားကြောင်း ထိုနေရာရှိ အသိပေးဘုတ်အရ သိရှိရပြီး၊ တွင်းလုပ်သားအများအပြားသည် မဖြစ်မနေ ဆောင်ထားရမည့် တည်နေရာခြေရာခံကိရိယာ များကို ယူဆောင်သွားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့် အတားဖြစ်စေခဲ့သည့် လျှို့ဝှက်လိုဏ်ခေါင်းများနှင့် မမှန်ကန်သော မြေအောက်ပုံစံပြမြေပုံများကိုလည်း တွေ့ရှိခဲ့သည်။
ခွင့်ပြုချက်မရရှိထားသည့် ကျောက်မီးသွေးကြောများကို တရားမဝင် တူးဖော်နေခြင်းကြောင့် ကုမ္ပဏီက လုပ်သားများကို ခြေရာခံကိရိယာများဖြင့် တွင်းထဲမဆင်းခိုင်းခြင်းဖြစ်ကြောင်း၊ လျှိုရှန်းယွီကျောက်မီးသွေးတွင်းမှ လုပ်သားတဦးက တရုတ်မီဒီယာဖြစ်သည့် လိန်ရှန်းမှတ်တမ်းသို့ ပြောကြားခဲ့သည်။
“ခြေရာခံကိရိယာတွေ ဆောင်ထားရင် အဲဒီအချက်က ပေါ်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် လျှိုရှန်းယွီကျောက်မီးသွေးတွင်းသည် ယခင်ကတည်းက ဘေးအန္တရာယ်ကင်းရှင်းရေး ချိုးဖောက်မှုများကြောင့် သတိပေးခြင်းခံထားရဖူးကြောင်းလည်း ပေါ်ထွက်လာခဲ့သည်။ ယင်းတွင်းသည် တရုတ်အမျိုးသား မိုင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုဌာန၏ ၂၀၂၄ ခုနှစ် “ဆိုးရွားစွာ အန္တရာယ်ရှိသည့်” ကျောက်မီးသွေးတွင်းစာရင်းတွင် ပါဝင်ခဲ့ဖူးသည်။
နောက်တနှစ်တွင်လည်း ထုံကျိုးဂရု(ပ်)သည် ဘေးအန္တရာယ်ကင်းရှင်းရေး ချိုးဖောက်မှုများကြောင့် နှစ်ကြိမ်တိုင်တိုင် အရေးယူပိတ်ဆို့ခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေသည့် အာဏာပိုင်များက ထုံကျိုးဂရု(ပ်)ကို ဦးဆောင်နေသူများကို “ထိန်းချုပ်မှုအစီအမံများ” အောက်တွင်ထားရှိထားပြီး၊ ကုမ္ပဏီ၏ အခြားမိုင်းတွင်းလုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။
ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာကြောင့် တရုတ်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းအတွင်း သေဆုံးမှုနှုန်းသည် ၁၉၉၀ ပြည့်နှစ်ကတည်းကစ၍ ၉၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။
သို့သော် ပါမောက္ခချန်က မကြာသေးမီက ဖြစ်ပွားခဲ့သော ယင်းကြေကွဲစရာဖြစ်ရပ်က “ကျွန်တော်တို့ အားလုံးက တိုးတက်မှုတွေ ရရှိနေတာကြောင့် သတိလက်လွတ် နေလိုက်လို့ရတယ်လို့ မဆိုလိုပါဘူး” ဟု ပြောကြားခဲ့သည်။
ပြောင်းလဲလာသော ကျောက်မီးသွေး၏ အခန်းကဏ္ဍ
လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ဖြစ်ပွားခဲ့သော ကြေကွဲစရာဖြစ်ရပ်ကြောင့် တရုတ်၏ အရေးအကြီးဆုံးနှင့် အန္တရာယ်အရှိဆုံးလည်းဖြစ်သည့် လုပ်ငန်းတခု၏ ပြဿနာများ ပြည့်နှက်နေခဲ့သော အတိတ်သမိုင်းအပေါ် အာရုံစိုက်မှုများ တကျော့ပြန် မြင့်တက်လာခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်စီးပွားရေး တံခါးဖွင့်ဝါဒစတင်ချိန်၌ ကျောက်မီးသွေးထုတ်လုပ်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး တရုတ်စက်မှုလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
ယင်းကဲ့သို့ စီးပွားရေး တဟုန်ထိုး တိုးတက်လာမှု၏ အချက်အချာမှာ ရှန်းရှီပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်သည် အဖိုးတန်ဆုံး ကျောက်မီးသွေးအမျိုးအစားတခုဖြစ်သည့် ကိုကင်းကျောက်မီးသွေး အမြောက်အမြားထွက်ရှိရာ ဒေသဖြစ်ပြီး၊ ၂၀ ရာစုအစောပိုင်းကတည်းက စတင်ထူထောင်ခဲ့သည့် အခြေခံစက်မှုနယ်မြေလည်း ဖြစ်သည်။
ယနေ့အချိန်တွင် ယင်းပြည်နယ်တခုတည်းမှပင် တရုတ်နိုင်ငံတဝန်းလုံးရှိ ကျောက်မီးသွေး စုစုပေါင်းထွက်ရှိ မှု၏ ၃၀ ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်ပေးနေသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်သို့ ရောက်ရှိချိန်တွင် လိုအပ်ချက်များ အဆမတန် မြင့်တက်လာခြင်းကြောင့် ရှန်းရှီ၏ ကျောက်မီးသွေးလုပ်ငန်းသည် ကြီးမားသော အမြတ်အစွန်းများကို ရရှိခဲ့သော်လည်း ယင်းနောက်ကွယ်တွင် လူသားတို့၏ အသက်သွေးချွေးအရင်းအနှီးများ ရှိနေခဲ့သည်။
ထိုစဉ်က နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ သတင်းတပုဒ်တွင် ယင်းကဲ့သို့ တိုးတက်လာမှုကို “သွေးစွန်းနေသော ဂျီဒီပီ” ဟူ၍ ပြတ်ပြတ်သားသား တင်စားဖော်ပြခဲ့သည်။

ဒေသခံ မိုင်းတွင်းပိုင်ရှင်များသည် ထုတ်လုပ်မှုနှုန်းနှင့် ဝင်ငွေပိုမိုရရှိစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို ဖောက်ဖျက်လုပ်ကိုင်မှုများအား တာဝန်ရှိသူများက မျက်ကွယ်ပြုထားရန် လာဘ်ထိုးလေ့ရှိကြသည်ဟု တရုတ်ပြည်သူ့တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ နိဟွေးဟွာက ၂၀၂၀ ပြည့်နှစ် သုတေသနစာတမ်းတစောင် တွင် ရေးသားခဲ့သည်။
“လူမှုရေးတည်ငြိမ်မှုထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးအရေးကြီးနေချိန်မှာ ဗဟိုအစိုးရက ဒီလိုမျိုး ‘အကျိုးတူပူးပေါင်းပတ်သက်မှုတွေ’ အပေါ် သတိထားစောင့်ကြည့်မှုကို လျှော့ချခဲ့ပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကျောက်မီးသွေးထုတ်လုပ်မှု မြင့်တက်လာသလို၊ မိုင်းတွင်းမတော်တဆမှုတွေလည်း ပိုများလာခဲ့ပါတယ်”
မိုင်းတွင်းဘေးအန္တရာယ်များ၏ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေများကို တနိုင်ငံလုံးရှိ ပြည်သူများရှေ့မှောက်တွင် မကြာခဏ မြင်တွေ့ခဲ့ကြရသည်။ ၂၀၁၀ ပြည့်နှစ်က ရှန်းရှီပြည်နယ်ရှိ ဝမ်ကျားလင် ကျောက်မီးသွေးတွင်း မြေအောက်ရေကြီးမှုဖြစ်ပွားပြီးနောက် ပိတ်မိနေသည့် လုပ်သား ၁၅၀ ကျော်ကို ကယ်ဆယ်ရေးသမားများ အချိန်လုကာ အပြတ်အသတ် ကြိုးပမ်းကယ်ဆယ်နေကြပုံကို တနိုင်ငံလုံးရှိ ပြည်သူများ စောင့်ကြည့်ခဲ့ကြရသည်။
“ကျွန်မအမျိုးသား ဆုံးပါးသွားတာကို သူတို့ လာပြောပြနေဖို့တောင် မလိုခဲ့ပါဘူး” ဟု ထိုစဉ်က မိသားစုဝင်တဦးက နိုင်ငံပိုင် ချိုင်းနားဒေးလီးသတင်းစာသို့ ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် အံ့ဖွယ်ဖြစ်ရပ်တခုအဖြစ် တင်စားခဲ့ကြသည့် ထိုဖြစ်စဉ်တွင် ကယ်ဆယ်ရေးသမားများသည် လုပ်သား ၁၁၅ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြသည်။
သို့သော် အခြားသူအများစုမှာ ထိုကဲ့သို့ ကံမကောင်းခဲ့ပေ။
၁၉၈၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်တွင် ကျောက်မီးသွေးတွင်းဘေးအန္တရာယ်များကြောင့်နှစ်စဉ်ပျမ်းမျှ လူပေါင်း ၅,၈၅၃ ဦး သေဆုံးခဲ့ရကြောင်း ပါမောက္ခနိက တွက်ချက်ဖော်ပြခဲ့သည်။
သို့သော် ၂၀၁၈ ခုနှစ်သို့ ရောက်ရှိချိန်တွင် ကျောက်မီးသွေး ထုတ်လုပ်မှုနှုန်းမှာ နှစ်ဆကျော်အထိ ရှိလာခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၃၃၃ ဦးအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ဤကဲ့သို့ သိသာထင်ရှားသော အလှည့်အပြောင်းသည် အာဏာပိုင်များက စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်လိုက်ခြင်း၊ ပိုမိုကောင်းမွန်သော ဓာတ်ငွေ့စောင့်ကြည့်စစ်ဆေးရေးစနစ်များကို မိတ်ဆက်ပေးခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားများကို ပိုမိုရှင်းလင်းစွာ ချမှတ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ပြင် ၎င်းတို့သည် စည်းကမ်းထိန်းသိမ်းမှုဘောင်ပြင်ပတွင် လည်ပတ်နေသည့် သေးငယ်သော ပုဂ္ဂလိက မိုင်းတွင်းပေါင်း ထောင်ချီကိုလည်း ပိတ်ပစ်ခဲ့ကြသည်။
ယခင်က လူအင်အားကိုသာ အဓိကအားပြုခဲ့ရသည့် လုပ်ငန်းခွင်များအတွင်းသို့ စက်မှုစနစ်နှင့် အလိုအလျောက်စနစ်များ ဝင်ရောက်လာခြင်းကြောင့် နည်းပညာသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။
“တရုတ်ကျောက်မီးသွေးတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးရဲ့ စံပြအခြေအနေကို ‘လူနည်းလေ၊ ပိုစိတ်ချရလေ၊ လူမရှိရင် လုံးဝစိတ်ချရလေ’ ဆိုပြီး အနှစ်ချုပ်နိုင်ပါတယ်” ဟု ပါမောက္ခချန်က ဆိုသည်။
“အစိမ်းရောင်စွမ်းအင်ကူးပြောင်းမှုကပဲ ကျောက်မီးသွေးလုပ်ငန်းကို ထုတ်လုပ်မှုပမာဏ တိုးချဲ့တဲ့ ပုံစံ ဟောင်းကနေ စနစ်သစ်တခုဆီကို ဦးတည်သွားစေဖို့ အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်”
အစိမ်းရောင်စွမ်းအင်နှင့် ရွှေမည်း
တရုတ်၏ နောက်ဆုံးထုတ်ပြန်ထားသော ငါးနှစ်စီမံကိန်းတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်ရန်မှာ နိုင်ငံတော်၏ ထိပ်တန်းမူဝါဒ ဦးစားပေးလုပ်ငန်းတခု ဖြစ်လာခဲ့သည်။
တရုတ်သည် ၂၀၃၅ ခုနှစ်တွင် အစိမ်းရောင်စွမ်းအင် ထောက်ပံ့မှုကို နှစ်ဆတိုးမြှင့်ရန်နှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ဓာတ်ငွေ့ လုံးဝထုတ်လွှတ်မှုမရှိစေရန် ရည်မှန်းချက်ကြီးမားသော ပန်းတိုင်များကို ချမှတ်ခဲ့သည်။
တိဘက်ကုန်းပြင်မြင့်မှသည် ရှင်ကျန်းသဲကန္တာရများအထိ နေရောင်ခြည်ကောင်းစွာရရှိသော မြေကွက်လပ်ကျယ်ကြီးများပေါ်တွင် ပေါ်ထွက်လာသည့် ဆိုလာပြားများနှင့် လေအားလျှပ်စစ်တာဘိုင်များသည် ဤမျှော်မှန်းချက်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ယင်းစွမ်းအင်လိုင်းများမှတဆင့် အစိမ်းရောင်စွမ်းအင်များကို ကွမ်ကျိုး၊ ရှန်းကျန့်နှင့် ချုံချင်းကဲ့သို့သော မဟာမြို့ကြီးများဆီသို့ ပို့ဆောင်ပေးရန် စီမံကိန်းချမှတ်ခဲ့သည်။
သို့သော် တရုတ်၏ ကမ္ဘာ့ထိပ်တန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များနှင့် ကျောက်မီးသွေးအပေါ် ကာလရှည်ကြာ မှီခိုနေရမှုတို့အကြား ထင်ရှားသော ကွာဟချက်တခု ရှိနေဆဲဖြစ်သည်။
ကျောက်မီးသွေး၏ အရေးပါမှုသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ နိုင်ငံ၏ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ဆယ်စုနှစ်တခုအတွင်း ယမန်နှစ်က ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့သည်။
တရားဝင်အချက်အလက်များအရ ယမန်နှစ်တွင် ကျောက်မီးသွေးတူးဖော်ရေးကဏ္ဍမှ ရရှိသော အမြတ်အစွန်းများသည် ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
သို့သော် တရုတ်က ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အများဆုံးထုတ်လုပ်သည့် နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပြီး၊ တန်ချိန် ၄ ဒသမ ၈ သန်း ထုတ်လုပ်ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စုစုပေါင်းထွက်ရှိမှု၏ ထက်ဝက်ကျော်ခန့် အထိ ရှိခဲ့သည်။
အစိုးရသည် ကျောက်မီးသွေးကို တရုတ်၏ စွမ်းအင်လုံခြုံရေးအတွက် “အဓိကဒေါက်တိုင်”ဟု မကြာခဏရည်ညွှန်းလေ့ရှိသည်။ ယင်းက မရေရာမှုများပြည့်နှက်နေသော ကမ္ဘာ့စွမ်းအင်စျေးကွက်တွင် စိတ်ချရသော ဒေါက်တိုင်အဖြစ်ဖော်ပြခဲ့သည်။
အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားပြီးနောက် ထိုကဲ့သို့သော တွေးခေါ်မြော်မြင်မှုသည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ အာရှတဝန်းရှိ အခြားနိုင်ငံများသည် ရေနံအကျပ်အတည်းကြောင့် အလူးအလဲခံနေရချိန်တွင် တရုတ်ကျောက်မီးသွေးထောက်ပံ့မှုက တရုတ်စီးပွားရေးကို အဆိုးရွားဆုံး ရိုက်ခတ်မှုများမှ ကာကွယ်ပေးနိုင်ခဲ့သည်။
“တရုတ်ရဲ့ အစိမ်းရောင်စွမ်းအင် တွန်းအားပေးမှုကြောင့် ကျောက်မီးသွေးက ကွယ်ပျောက်မသွားပါဘူး၊ ကျောက်မီးသွေးရဲ့ အခန်းကဏ္ဍကိုပဲ ပြောင်းလဲပစ်လိုက်တာပါ” ဟု ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် စီးပွားရေးပညာပါမောက္ခ ရော့ရှီးက ဆိုသည်။
“ကျောက်မီးသွေးက စီးပွားရေးတိုးတက်မှုရဲ့ အဓိကစက်အင်ဂျင်အဖြစ်ကနေ၊ စွမ်းအင်လုံခြုံရေးနဲ့ လျှပ်စစ်စနစ်ယုံကြည်စိတ်ချရမှုအတွက် နောက်ခံအမာခံအဆင့်ဆီကို ကူးပြောင်းနေတာ ဖြစ်ပါတယ်”
ကျောက်မီးသွေးသည် တရုတ်စီးပွားရေးအတွက် ကာလရှည်ကြာစွာ “ရွှေမည်း” ဖြစ်ခဲ့ပြီး၊ ၎င်း၏ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအတွက် လျှပ်စစ်မီးများ ဆက်လက်လင်းထိန်နေစေရန် ယခုတိုင် မရှိမဖြစ် လိုအပ်နေဆဲဖြစ်သည်။
ရှန်းရှီပြည်နယ်တွင် ကျောက်မီးသွေးသည် အခြားရွေးချယ်စရာ လမ်းစနည်းပါးသူများအတွက် အသက်မွေးဝမ်းကျောင်း မျှော်လင့်ချက်တခုလည်း ဖြစ်သည်။
“ကျွန်တော်ကတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ၊ ကျွန်တော်တို့ခရိုင်မှာ မိုင်းတွင်းအလုပ်ကလွဲရင် တခြားအလုပ်ရှာဖို့ ခက်လို့ပါ။ မဟုတ်ရင်တော့ အိမ်နဲ့ ဝေးရာကို သွားရမှာပေါ့” ဟု တွင်းလုပ်သားတဦးက ပြောကြားခဲ့သည်။
၎င်းသည် လျှပ်စစ်ကျွမ်းကျင်သူတဦးဖြစ်ပြီး မြေပြင်ပေါ်တွင်သာ လုပ်ကိုင်ရသဖြင့် မြေအောက်လိုဏ်ခေါင်းထဲ ဆင်းရသူများနှင့်စာလျှင် အန္တရာယ်ပိုနည်းသည်။ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ဘေးအန္တရာယ်ဖြစ်ပွားကြောင်း ကြားသိရသည့်အချိန်တွင် “စိတ်ထဲ ဟာခနဲ ဖြစ်သွားခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကြေကွဲစရာဖြစ်ရပ်အပြီးတွင် တခုတည်းသော အတွေးမှာ “သာမန်လူတန်းစားတွေရဲ့ ဘဝက တကယ့်ကို သနားစရာကောင်းလှပါတယ်” ဟူ၍ ဖြစ်ကြောင်း အခြားလုပ်သားတဦးက ဆိုသည်။
အန္တရာယ်များနှင့် ထောင်ချောက်များ အလွန်များပြားလှသည့် လုပ်ငန်းတခုဖြစ်နေစေကာမူ လျှိုရှန်းယွီ ကျောက်မီးသွေးတွင်းတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် တွင်းလုပ်သားချန်က မိုင်းတွင်းထဲတွင် စွန့်စားလုပ်ကိုင်ရန် အဆင်သင့်ရှိနေသည့်သူများ အမြဲတမ်းရှိနေဦးမည်သာဖြစ်ကြောင်း သုံးသပ်ပြသည်။
“မိုင်းတွင်းလုပ်သားတွေအားလုံးက မိသားစုကို လုပ်ကျွေးဖို့အတွက် မိမိသဘောဆန္ဒအလျောက် လာလုပ်ကြတာပါပဲ” ဟု ၎င်းက ထောက်ပြသည်။
တရုတ်အစိုးရက လျှိုရှန်းယွီကျောက်မီးသွေးတွင်းဖြစ်စဉ်အတွက် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကတိပြုထားသည်။ သို့သော် ချန်ကဲ့သို့သော တွင်းလုပ်သားများအတွက်မူ ယင်းက “နောက်ကျသွားခဲ့ပြီ” ဖြစ်သည်။
“နိုင်ငံတော်ကတော့ ဒီကိစ္စကို အလွန်အလေးထားပါတယ်။ ဒါပေမဲ့ သေဆုံးသွားခဲ့တဲ့ တွင်းလုပ်သားတွေက အသက်ပြန်ရှင်လာဦးမှာလား” ဟု ၎င်းက မေးခွန်းထုတ်ခဲ့ပါသည်။
BBC မှ Secret tunnels and unregistered workers: China’s coal mine disaster is a reminder of darker days အား သောမတ်ဘာသာပြန်သည်။


Leave a Reply