ထိုင်းရောက် မြန်မာအလုပ်သမား ကိုသားသားကို ဂေါက်တံဖြင့်ရိုက်နှက်၊ ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်ခဲ့သည့် တရုတ်ပွဲစားများက ၎င်းတို့လုပ်ငန်းခွင်တွင် အလုပ်လုပ်သည့် အခြားမြန်မာလုပ်သားတစ်ဦးကိုလည်း အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အလုပ်သမား ကိုရှမ်းလေးက ပြောသည်။
တရုတ်နိုင်ငံသား တဟန်(ခေါ်) ရှင်းရန်နှင့် တရုတ်နိုင်ငံသားခြောက်ဦးက ၎င်းတို့အလုပ်သွင်းပေးထားသည့် မြန်မာအလုပ်သမားများကို ခေါ်ထုတ်သည်ဟုစွပ်စွဲချက်ဖြင့် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေသည့် ကိုသားသားကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ လရောင်ခရိုင် Amata City ဧရိယာအတွင်းရှိ ဟော့ပေါ့ဆိုင်၌ ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။

ထို့နည်းတူစွာ တဟန်(ခေါ်) ရှင်းရန်၏ အခြားအလုပ်ဆိုက်တစ်ခုတွင် အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်နေရာမှ လုပ်ခလစာ ပုံမှန်မရ၍ အလုပ်ထွက်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကိုရှမ်းလေးကို အလားတူစွပ်စွဲချက်ဖြင့် အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တဟန်(ခေါ်) ရှင်းရန်သည် မြန်မာအလုပ်သမားများခေါ်ယူ၍ ထိုင်းနိုင်ငံရှိ တရုတ်လုပ်ငန်းခွင်များတွင် ကော်မရှင်စားဖြင့် အလုပ်လုပ်ခိုင်းသည့် အလုပ်သမားပွဲစားဖြစ်သည်။
ကိုရှမ်းလေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သုံးနှစ်နီးပါးကြာ အလုပ်လုပ်ကိုင်နေရာမှ ယခုနှစ် ဖေဖော်ဝါရီလလယ်တွင် တဟန်(ခေါ်) ရှင်းရန်၏ အလုပ်ဆိုက်ခြောက်ခုအနက် ထိုင်းနိုင်ငံ ချုံဘူရီခရိုင် ချာချင်ဆောင်နှင့် စမုပကန်ရှိ အလုပ်ဆိုက်များတွင် တစ်လလျှင် လုပ်ခလစာ ဘတ်နှစ်သောင်းဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ထိုတရုတ်ပွဲစားများသည် သတ်မှတ်လစာကို ပုံမှန်ရှင်းပေးခြင်းမရှိ၍ ထိုအလုပ်ဆိုက်နှစ်ခုမှ မြန်မာအလုပ်သမား ၂၂ ဦး အလုပ်ထွက်ကြပြီး ကိုရှမ်းလေးကိုယ်တိုင်လည်း ယခုနှစ် ဧပြီလလယ်ပိုင်း သင်္ကြန်ပွဲတော်အပြီးတွင် လုပ်ခလစာအပြည့်အဝမရရှိဘဲ အလုပ်ထွက်ခဲ့ကြောင်း သိရသည်။
အလုပ်ထွက်ပြီးနောက် ချူံဘူရီခရိုင် နောင်ရိုင်ဒေသရှိ အဆောင်တစ်ခုတွင် နေထိုင်စဉ် တဟန်အပါဝင် တရုတ်နိုင်ငံသား ခြောက်ဦးသည် ကားဖြင့်ရောက်လာပြီး အုပ်စုဖွဲ့ထိုးကြိတ်ခဲ့ကြောင်း ကိုရှမ်းလေးက ဆိုသည်။

ကိုသားသားကို နှိပ်စက်သည့် ဖြစ်စဉ်မတိုင်မီ သုံးရက်အလို ဧပြီလ ၂၈ ရက်တွင် ၎င်းတို့ခြောက်ဦးက ကိုရှမ်းလေးနေထိုင်သည့် အခန်းအတွင်းဝင်ရောက်၍ အပြင်းအထန်းထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“(အခန်းထဲဝင်လာပြီး) ဓာတ်ပုံလာပြတယ်။ ဘာတုန်းဆိုပြီး သူ့ဖုန်းကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်ကို အပီဆိုပြီးမှ ကုပ်ကိုလာရိုက်တယ်။ အဲ့ဒီမှာ မင်းဘာလို့ရိုက်သလဲလို့ မော့ကြည့်ပြီးတော့ ပြောလိုက်တယ်။ မင်းမပြောနဲ့ဆိုပြီးမှ ကျွန်တော့်မျက်နှာကို ပြန်ထိုးတယ်။ ထိုးတာနဲ့ တွန်းတဲ့အချိန်မှာ ကျွန်တော်က အပေါက်နားရောက်သွားတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က အပေါက်ဝထိပ်ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်မှာ တဟန်က လည်ပင်းကို လာညှစ်တယ်။ ကျွန်တော်က တဟန်ကို လက်နဲ့ပြန်ပုတ်ချတယ်။ နောက်တစ်ခါ တရုတ်တစ်ဦးက ကျွန်တော်ကို ပြန်လာထိုးတယ်။ ထိုးတဲ့အချိန်မှာ ဒီအချိန်က ရုန်းလို့မရတော့ဘူး။ သေလည်းသေတော့မှာ ဆိုပြီး ကျွန်တော်စိတ်က အဲဒီလိုဖြစ်နေပြီ။ သူတို့က ခြောက်ယောက်ဗျ။ အိတ်ထောင် တလွယ်လွယ်နဲ့ ဆိုတော့ ပစ္စည်းဘာပါလို့ပါမှန်းမသိဘူး”ဟု သူက ဆိုသည်။
ထို့နောက် အပြန်အလှန်လုံးထွေးကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ကိုရှမ်းလေးကို အုပ်စုဖြင့် ကားပေါ်တင်၍ လက်သီးကွင်းစွပ်ကာ ခန္ဓာကိုယ်ကို ဝိုင်းထိုးကြကြောင်း၊ ယင်းနောက် ကားပေါ်ဆွဲတင်စဉ် ကိုရှမ်းလေး၏ ခြေထောက်ကို တဟန်က ဆွဲလိမ်ချိုးသဖြင့် ခြေပွတ်တိုင်လည်သွားကြောင်း ၎င်းက ဆိုသည်။

ထို့နောက် အော်ဟစ်အကူအညီးတောင်းကာ အတင်းရုန်းကန်လိုက်သဖြင့် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
ထိုအချိန်တွင် အဆောင်မှူးတစ်ဦးက ရောက်ရှိဖျန်ဖြေခဲ့ပြီး နောင်ရိုင်ရဲစခန်းကို တိုင်ကြားခဲ့ရာ တာဝန်ကျရဲအရာရှိက နှစ်ဦးနှစ်ဖက် မေးမြန်းစစ်ဆေးခဲ့သည်။ ထို့နောက် ၎င်းတို့အလုပ်ဆိုက်များမှ မြန်မာအလုပ်သမားထွက်ခွာရသည့် အကြောင်းအရင်း ပေါ်ပေါက်လာသဖြင့် ထိုတရုတ်ပွဲစားများက ရဲစခန်းအတွက် ထိုင်းဘတ် သုံးသောင်းနှင့် ကိုရှမ်းလေးကို ဘတ်တစ်သောင်းပေးခဲ့သည်။
သို့ရာတွင် ထိုဘတ်တစ်သောင်းကို ကိုရှမ်းလေးက မယူဘဲ ရဲစခန်းသို့ လိုက်လံကူညီပေးသူများကို ခွဲပေးကာ ကျန်ငွေဖြင့် စားသောက်ဖွယ်ရာများဧည့်ခံခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဧပြီလ ၃၀ ရက်တွင် ကိုသားသားကို ရေနွေးပူဖြင့်လောင်းသည့် ကိုယ်ဝန်ဆောင်သည် တရုတ်အမျိုးသမီးနှင့် ထိုင်းနှစ်ဦးက ကိုရှမ်းလေးနေသည့် နေရာသို့ ကားဖြင့်ရောက်လာပြီးနောက် ကိုရှမ်းလေးကို သုံးနာရီဝန်းကျင်ကြာ ကားမောင်းရသည့် နေရာသို့ ခေါ်လာခဲ့သည်။
လူခြေပြတ်သည့် ထိုနေရာတွင် ကိုရှမ်းလေးကို Google Translate အသုံးပြု၍ မြန်မာလုပ်သားများကို ခေါ်ထုတ်ခြင်းရှိမရှိ စစ်မေးခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် လမ်းမတစ်နေရာတွင် ပြန်ချပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် ၎င်းအနေနှင့် ရဲစခန်းကို ထပ်မံတိုင်ကြားတော့မည်မဟုတ်ဘဲ ကိုသားသား၏ အမှုအတွက် လိုအပ်ပါက တရုတ်ပွဲစားများက ထိုးကြိတ်ခြမ်းခြောက်မှုအခြေအနေ၊ လုပ်ခလစာပုံမှန်မပေးမှုတို့ကို သက်သေအဖြစ် ထွက်ဆိုပေးမည်ဟု သိရသည်။
လက်ရှိတွင် ကိုသားသားအား နှိပ်စက်မှုကျူးလွန်ကြောင်း သံသယဖြင့် တရုတ်နိုင်ငံသားခြောက်ဦးကို လရောင်းခရိုင် Pluak Daeng ရဲစခန်းတွင် စုံစမ်းစစ်ဆေးနေသည်။ သို့ရာတွင် အဓိကနှိပ်စက်သည့် ခေါင်းဆောင် တဟန်(ခေါ်) ရှင်းရန်သည် မေလ ၁၂ ရက်တွင် ဘန်ကောက်မြို့မှတဆင့် မလေးရှားသို့ လေယာဉ်စီးထွက်ပြေးသွားကြောင်း သိရသည်။
ကျန်ငါးဦးအနက် ရေနွေးပူဖြင့်လောင်းသည့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးနှင့် အဟွမ်ဟုခေါ်သည့် တရုတ်နိုင်ငံသားကို အမှုဖွင့်၍ တရားရုံးတွင် စွဲချက်တင်ထားပြီဖြစ်သည်။ ၎င်းတို့သည် အာမခံဖြင့် အချုပ်ခန်းပြင်ပမှ အမှုရင်ဆိုင်ခွင့်ရမည်ဟု သိရသည်။ အခြားသုံးဦးကိုမူ အချက်အလက်များစစ်ဆေး၍ မှန်ကန်လျှင် အမှုဖွင့်ရန်စီစဉ်ထားသည်။

တရားရုံးတွင် တရားစွဲတင်ရန် ရဲဌာနဘက်က ကိုသားသား၏ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ထိုအမှုကို ကူညီပေးနေသည့် မြန်မာ့အလင်းအလုပ်သမားကူညီရေးအဖွဲ့ ဦးဆောင်သူ ကိုနေလင်းသူက ဆိုသည်။
ယမန်နေ့(ဇွန်လ ၂ ရက်)တွင် တရုတ်ပွဲစားများနှင့်ဆက်စပ်သူများဘက်က ကျူးလွန်မှုများအတွက် ဝန်ချတောင်းပန်မည်ဟုဆိုကာ ကိုသားသားအပါအဝင် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ သို့သော်လည်း အမှန်တကယ် လက်ရောက်ကျူးလွန်ခဲ့သူများမပါဝင်ကြောင်း ၎င်းက ဆိုသည်။
“ဒီလိုမျိုးပေးတယ်ဆိုပြီး ရုံးရောက်သွားရင် အမှုပေါ့အောင်လုပ်ချင်တာ။ ဒီဘက်က ဘယ်လောက်ပေးပေး လက်မခံဘူးလို့ အစကတည်းကပြောထားတယ်။ မင်းတို့လာတောင်းပန်ဆိုတာ အမှားကို ဝန်ခံတဲ့ သက်သေလိုချင်လို့” ဟု ၎င်းက ဆိုသည်။
တရုတ်ပွဲစားများက ဆေးဖိုးဝါးခအဖြင့် ဘတ် ၁၆၀,၀၀၀ မှစ၍ ဘတ် ၃၀၀,၀၀၀ ပေးမည်ဖြစ်ကြောင်း ပြောဆိုကြသော်လည်း ကျူးလွန်ခံရသူဘက်မှ လုံးဝလက်မခံဘဲ ဥပဒေကြောင်းအရ ဆက်သွားမည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ဆိုင်များပိတ်ထားရသလို လုပ်ငန်းရပ်ဆိုင်းသွား၍ ဆုံးရှုံးမှုရှိနေကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“နောက်နောင် သူ့လိုမျိုး ကျွန်တော်တို့ နိုင်ငံသားတွေ အနိုင်ကျင့်မခံရအောင် ဒီလိုမျိုးအနိုင်ကျင့်လာရင် ဥပဒေရှိတယ်ဆိုတာကို ပြချင်တယ်ပေါ့။ အဲ့ဒီသဘောမျိုးနဲ့ ကျွန်တော်တို့က အဆုံးထိသွားနေပါတယ်။ တချို့အရာတွေမှာ ဒီအမှုကပြီးသွားပြီး ပိုက်ဆံတွေယူလိုက်ပြီဆိုတဲ့ပုံစံမျိုးတွေကြားနေရတယ်ပေါ့။ အဲ့ဒီအတွက်ဆောရီးပါ။ ကာယကံရှင်ကိုယ်တိုင်က လက်မခံသလို ကျွန်တော်တို့လည်း လက်မခံထားပါဘူး”ဟု သူက ဆိုသည်။

ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခံခဲ့ရသည့် အဆိုပါဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် ပိုမိုကြီးမားလာသော စိုးရိမ်စရာ အခြေအနေကို ထင်ထင်ရှားရှား ဖော်ပြနေသည်ဟု ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူများနှင့် လေ့လာသူများက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်ကြောင့် လူသန်းပေါင်းများစွာ သည် စီးပွားရေး အကျပ်အတည်းဒဏ်ကိုခံစားရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်းစသည့် စိုးရိမ်ပူပန်စရာ ဘေးအန္တရာယ်အသွယ်သွယ်ထဲ ကျရောက်နေသည်။

“သေအောင်သတ်မယ်” — တရုတ်လုပ်ငန်းရှင်တွေရဲ့ နှိပ်စက်မှုခံခဲ့ရတဲ့ ကိုသားသား | အင်တာဗျူးအပြည့်အစုံ
“သေအောင်သတ်မယ်… စကားမပြောနိုင်အောင်လုပ်မယ်” လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကိုသားသားဟာ ထိုင်းနိုင်ငံမှာ တရုတ်လုပ်ငန်းရှင် ၆ ဦးရဲ့ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်မှုကို ကြုံခဲ့ရပါတယ်။
ခြေထောက်နဲ့ ကန်ကြောက်တာ၊ သံတုတ်နဲ့ ရိုက်နှက်တာ၊ ရေနွေးပူလောင်းတာနဲ့ လက်သည်းဆွဲနှုတ်တာတွေကို ခံခဲ့ရပြီးနောက် ကိုသားသားဟာ အသက်လုပြေးလွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။
Myanmar Now သတင်းထောက်တွေဟာ ကိုသားသား ဆေးကုသမှုခံယူနေတဲ့ နေရာ၊ အမှုဖွင့်ထားတဲ့ ရဲစခန်းနဲ့ ဖြစ်ပွားရာနေရာတွေထိ သွားရောက်ပြီး ကိုသားသားကို အသေးစိတ် တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုလှိုင်း၊ အောင်နိုင်/ Myanmar Now


Leave a Reply