မကွေးတိုင်း၊ ပေါက်မြို့နယ်၏ အသက်သွေးကြောဟု တင်စားထားကြပြီး ပေါက်ကိုယ်တော် (ခေါ်) အာရိယာဝံသ၏ အားအထားရဆုံးသော အမာခံ ကုက္ကိုစုပျူစောထီးကျေးရွာသည် ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြတ်တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် လုံးဝပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ဤဖြစ်စဉ်သည် စစ်ကော်မရှင်နှင့် ပျူစောထီးအုပ်စုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သလို၊ တစ်ဖက်တွင်လည်း ၎င်းတို့ကျူးလွန်ခဲ့သည့် စက်ဆုပ်ရွံရှာဖွေရာ ယုတ်မာမှုများကြောင့် ကာလ ရှည်ကြာ စိတ္တဇနာနာကျင်ကျင် ခံစားခဲ့ရသော ပတ်ဝန်းကျင်ကျေးရွာသားများအတွက်မူ တရားမျှတမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ကုက္ကိုစုရွာနှင့် လှည်းလမ်းလေးတစ်ခုသာ ခြားနေသော မကျီးစင်ရွာသည် မောင်နှမ ဆွေမျိုးသားချင်း တော်စပ်သူများ နေထိုင်ကြပြီး သွေးမကွဲအပ်သည့် ရွာနှစ်ရွာ ဖြစ်သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုက္ကိုစုရွာသည် စစ်ကော်မရှင်၏ လက်နက်တပ်ဆင်ပေးမှုကို ရယူကာ ပျူစောထီးရွာအဖြစ် ပြောင်းလဲသွားချိန်မှစ၍ ထိုသံယောဇဉ်များ အားလုံး ပြာကျခဲ့ရသည်။
ကုက္ကိုစုရွာမှ ပျူစောထီးများသည် သွေးရင်းသားရင်း တော်စပ်မှုကို အနည်းငယ်မျှ ငဲ့ညှာခြင်းမရှိဘဲ မကျီးစင်ရွာအတွင်းသို့ အကြိမ်ကြိမ် ဆိုးသွမ်းစွာ ဝင်ရောက်စီးနင်းခဲ့ကြသည်။ ၎င်းတို့သည် ရွာသားများ၏ အိုးအိမ်တိုက်တာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများကို မုဒိန်းကျင့်စော်ကားခြင်းစသည့် လူမဆန်သော လုပ်ရပ်များကို ရိုးအီနေအောင် ကျူးလွန်ခဲ့ကြသည်။
ကုက္ကိုစုရွာမှ ပျူစောထီးများသည် သွေးရင်းသားရင်း တော်စပ်မှုကို အနည်းငယ်မျှ ငဲ့ညှာခြင်းမရှိဘဲ မကျီးစင်ရွာအတွင်းသို့ အကြိမ်ကြိမ် ဆိုးသွမ်းစွာ ဝင်ရောက်စီးနင်းခဲ့ကြသည်။ ၎င်းတို့သည် ရွာသားများ၏ အိုးအိမ်တိုက်တာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အမျိုးသမီးများကို စော်ကားခြင်းစသည့် လူမဆန်သော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။
ကျေးရွာသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်တွင် ၎င်းတို့သည် ညဘက်၌ ကျေးရွာများအတွင်း အသံချဲ့စက် (ဗောက်ကြီး) များကို အကျယ်ဆုံးဖွင့်ကာ အောင်ပွဲခံ သောက်စားမူးယူးလေ့ရှိကြပြီး ထိုအထဲတွင် ရွာရှိ အသက်ကြီးပိုင်း အဘိုးကြီးအချို့ပါမကျန် ပါဝင်ဆင်နွှဲကာ အမျိုးယုတ် အောက်တန်းကျမှုကို ပြသခဲ့ကြသည်။
ဤကဲ့သို့ ကုက္ကိုစုရွာကို ဗဟိုပြု၍ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအင်အား ၃၀၀ ခန့်က အမာခံစခန်းပြုလုပ်ကာ ဒေသခံ ပြည်သူများအပေါ် စစ်ရေးအရ ဖိနှိပ်ခြင်းနှင့် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခြင်းများကို ပုံမှန်လုပ်ဆောင်လျက် ရှိခဲ့သည်။
တော်လှန်ရေးတပ်သားများဘက်ကမူ ၎င်းတို့၏ ဦးကြီးများ၊ အစ်မများ၊ အစ်ကိုများနှင့် ဒေါ်ကြီးများ ရှိနေသည်ဟူသော ညှာတာထောက်ထားစိတ်ဖြင့် ကာလရှည်ကြာ သည်းခံခဲ့ကြသော်လည်း ပျူစောထီးများ၏ ယုတ်မာမှုက အကန့်အသတ်ကို ကျော်လွန်လာသည့်အခါတွင်မူ PDF များက ယင်းရွာကို သိမ်းပိုက်နိုင်ရန် စီစဉ်ခဲ့ကြသည်။
မြိုင်၊ ပေါက်၊ ရေစကြို စသည့် မြို့နယ်အသီးသီးမှ ရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုများသည် ညီညွတ်စွာ ပူးပေါင်းကာ စစ်ကူများ မလာရောက်နိုင်မီ ကုက္ကိုစုပျူစောထီးရွာကို သုံးရက်ဆက်တိုက် အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
စစ်ကော်မရှင်ဘက်က နေပြည်တော်နှင့် မန္တလေးရှိ ဗိုလ်ချုပ်များထံ စစ်ကူတောင်းကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပေးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဇွဲလုံ့လနှင့် ထိုးစစ်ဆင်မှုကို မတားဆီးနိုင်ဘဲ ဇွန်လ ၄ ရက်နေ့တွင် အဆိုပါ ရွာကြီးတစ်ခုလုံး အပြီးသတ် ပြိုလဲသွားခဲ့ရသည်။
ရွာပြိုသွားသည့်အခါ ရာနှုန်းပြည့် လက်နက်တပ်ဆင်ထားသော ပျူစောထီးများနှင့် မိစုစုဝင် ၇၀ ကျော်သည် အညံ့မခံဘဲ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် မြိုင်စက်မှု (၂) ထံသို့ တောတွင်းလမ်းအတိုင်း တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
၎င်းတို့ လက်နက်များနှင့်အတူ တောတွင်းသို့ ထွက်ပြေးမှုကြောင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာအနည်းဆုံး ၅ ရွာထက်မနည်းက ပြည်သူများ ဘေးလွတ်ရာသို့ အလုအယက် တိမ်းရှောင်ခဲ့ရပြီး ဒေသခံပြည်သူများအကြား အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့ရသည်။
သို့သော်လည်း တော်လှန်ရေးတပ်ပေါင်းစုများက မနားမနေ တောနင်းရှာဖွေ ကင်းထောက်ခဲ့ကြရာ ဇွန်လ ၅ ရက် ည ၇ နာရီဝန်းကျင်တွင် ပေါက်မြို့နယ် တောတွင်းတစ်နေရာ၌ ထွက်ပြေးသည့် ပျူစောထီးများနှင့် မိသားစုဝင် ၇၀ ကျော်လုံးကို အစုလိုက်အပြုံလိုက် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ပျူအဖွဲ့ကို ဦးဆောင်သည့် ကုက္ကိုစုပျူခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးမှာမူ ၎င်းတို့၏ တပည့်များနှင့် မိသားစုဝင်များကို လမ်းခုလတ်တွင် စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေရသည်။
ဖမ်းဆီးရမိသော ပျူစောထီးများသည် ကြိုတင်လက်နက်ချခြင်း မရှိဘဲ ပြန်လည်ခုခံရန် ကြိုးစားခဲ့ကြသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့အားလုံးကို ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) ဥပဒေများနှင့်အညီ စစ်သုံ့ပန်းအဖြစ် သတ်မှတ်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။
ဤကဲ့သို့ မိမိတို့၏ အမာခံစခန်းကြီး တိုက်ခိုက်သိမ်းပိုက်ခံရပြီး ပျူစောထီးများနှင့် မိသားစုဝင်များ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဉ်အပေါ် ပျူစောထီးခေါင်းဆောင် “ပေါက်ကိုယ်တော်” က ဒေါသတကြီးဖြင့် ပေါက်ကွဲမြည်တမ်းလာခဲ့သည်။
ပေါက်ကိုယ်တော်က တော်လှန်ရေးအဖွဲ့များသည် မြို့များကို တိုက်ခိုက်ခြင်းထက် ကျေးရွာများနှင့် ပြည်သူ့စစ်ရွာများကို အရင်ဖြိုဖျက်သည့် စစ်ဗျူဟာကို ကျင့်သုံးနေပြီး၊ တောရွာများကို ၎င်းတို့က ကြီးစိုးသွားပါက စစ်ကောင်စီ၏ အစိုးရယန္တရားကို ထိန်းရှိဖို့ အလွန်ခက်ခဲသွားလိမ့်မည်ဟု ညည်းတွားခဲ့သည်။
၎င်းက ကုက္ကိုစုရွာ တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က ဆေးဝါးများသုံးစွဲကာ တစ်ဦးပြီးတစ်ဦး ရဲရဲဝံ့ဝံ့ တက်ရောက်တိုက်ခိုက်ခဲ့ကြပြီး သုံးရက်ဆက်တိုက် ရန်သူက ရန်သူလို ရက်ရက်စက်စက် ကျင့်သုံးကာ တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း အချက်အလက်အမှားများပြောဆိုပြီး PDF တွေကို အပုပ်ချခဲ့သေးသည်။
ထို့အပြင် ပေါက်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ဗိုလ်မှူးကြီးဆိုသူများသည် ဘာမှအသုံးမဝင်ဘဲ ပြည်သူလောက်သာ အနိုင်ကျင့်ရဲကြပြီး လုံခြုံရေးအရ ဘာတစ်ခုမှ တာဝန်မယူနိုင်ကြောင်း၊ မိမိတို့အဖေအရွယ်များကိုပင် ခေါ်ယူရိုက်နှက်နေမှုများ ရှိနေကြောင်း စစ်ကော်မရှင်ခေါင်းဆောင်ပိုင်းကိုပါ လှည့်ပတ်ပေါက်ကွဲခဲ့သည်။
အကယ်၍ PDF အခြေစိုက်ရာ ကျေးရွာကြီးများကို ပြန်လည်မချေမှုန်းနိုင်ပါက ပေါက်မြို့နယ်တစ်ခုလုံး အေးချမ်းရန် မလွယ်ကူတော့ကြောင်းနှင့် အဆိုပါ တော်လှန်ရေးရွာများ ဆိတ်ဖြူဘက်ကနေ ရိက္ခာဖြတ်သန်းရရှိနေမှုကို မတားဆီးနိုင်ပါက ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ပေါက်ကိုယ်တော်က သုံးသပ်ပြောကြားခဲ့သည်။
အတိတ်က ကျူးလွန်ခဲ့သော ယုတ်မာမှုများ၏ နောက်ဆက်တွဲရလဒ်အဖြစ် ကုက္ကိုစုပျူရွာကြီး ပြိုလဲသွားခြင်းသည် အာဏာရှင်အကြမ်းဖက်စနစ်ကို အမှီပြု၍ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သူမှန်သမျှ မည်သို့မျှ သက်ဆိုးရှည်မည်မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။


Leave a Reply