မြစ်ခြေမြို့က လူသတ်ပွဲ

မီးတွေတဝုန်းဝုန်းလောင်နေတဲ့ မြစ်ခြေမြို့ပေါ်တနေရာ။ မီးရှို့ပြီးအောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရှေ့မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူတွေရဲ့ရုပ်အလောင်းတွေ ပြန့်ကြဲနေတယ်။ ဒါ့အပြင် စစ်အုပ်စုအလယ်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူလေးယောက်လည်း ရှိနေတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကြောင်းမှူးကို ဒီလူတွေကို ဘာလုပ်လိုက်ရမလဲမေးတယ်။

စစ်ကြောင်းမှူးက “အကုန်လုံးကို သတ်ပစ်လိုက်”လို့ ပြောလိုက်တယ်။

အာဏာသိမ်းစစ်တပ်က စစ်သားတွေက အဲဒီလူ ၄ ယောက်ကို ပြေးခိုင်းတယ်။ “ပြောရင်အမဲလိုက်သလိုဗျာ။”လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောတယ်။ အဲဒီလူ ၄ ယောက်လည်း အသက်ပျောက်သွားခဲ့ရတယ်။

အဲဒါပြီးတဲ့အချိန်မှာ သူတို့ဖမ်းထားတဲ့အထဲမှာပါတဲ့ ကိုရင်ကြီးတစ်ပါးကိုလည်း ထပ်ပြီးထွက်ပြေးခိုင်းတယ်။ စောစောက လူလေးယောက်ကို သတ်သလို အမဲလိုက်ဖို့။ အဲကိုရင်ကြီးက “မင်းတို့ငါ့ကိုသတ်ချင်လည်း ဒီနားသာသတ်ပစ်လိုက်”ဆိုပြီးပြောလိုက်တယ်။ စစ်ကောင်စီတပ်သားတွေဟာ ကိုရင်ကြီးရဲ့ လက်တွေကိုဓါးတွေနဲ့ မွှန်းပြီးတော့ အပ်ချိတ်တွေနဲ့ ချုပ်လိုက်ပါတော့တယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။

အခုတော့မြစ်ခြေမြို့ကိုစစ်အုပ်စုက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။ မြစ်ခြေဒေသမှာ အာဏာသိမ်းစစ်တပ်က ကလေးငယ်တွေအပါအဝင်အရပ်သား ၄၀ ကျော်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အားလုံးပေါင်းဆိုရင် ဒီနေ့(ဇွန်လ ၅ ရက်)အထိ မြေပြင်မှာ ရှင်းလင်းရေးလုပ်ဆောင်နေတဲ့ သက်ဆိုင်ရာ လူတွေဆီကနေ ကြားရတဲ့ဟာဆိုလို့ရှိရင် ၃၀ Plus(အပေါင်း) ဖြစ်သွားပြီဗျ။ ဒါက dead body(ရုပ်အလောင်း)ကို လောလောလတ်လတ်မြင်ရတဲ့ဟာ မြို့ပေါ်နော်။ မြစ်ခြေရဲ့မြို့ပေါ်မှာတင် တွေ့ရတဲ့ dead body အနေအထားဗျ။ မြစ်ခြေမြို့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ မြစ်ခြေဒေသထဲမှာပါတဲ့ ကျေးရွာတွေမှာ အသတ်ခံရတဲ့ ပြည်သူတွေမပါသေးဘူးဗျ။”

●စစ်ကြောင်းဘယ်လို ရောက်လာသလဲ

အာဏာသိမ်း စစ်တပ်ဟာ မြစ်ခြေဒေသကို အကြမ်းဖက်စီးနင်းဖို့အတွက် ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက်နေ့ကတည်းက ပုဂံ-ညောင်ဦးဘက်ကတစ်ဆင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကူကျွင်းရွာဘက်သို့ အင်အား ၁၈၀ မှ ၂၀၀ ဝန်းကျင်နဲ့ စတင်ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့် ဒေသခံတွေအထိမနာအောင် စစ်ရေးကို အကန့်အသတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြစ်ခြေမြို့ နဲ့အနီးဝန်းကျင်ကို အညိုးတကြီးနဲ့ဖျက်ဆီးခဲ့တာပါ။

အဲဒီနောက် ပခုက္ကူနဲ့ မြစ်ခြေကြားရှိ အောင်သာ၊ ငါးဖောင်ကန် အစရှိတဲ့ ပျူစောထီးရွာတွေက အင်အားတွေ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နဲ့ညောင်ဦးအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) တို့က အင်အားတွေ ပူးပေါင်းပြီး အင်အား ၄၀၀ မှ ၅၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၂ ရက်နေ့မှာ မြစ်ခြေအနီးရှိ ထန်းတောခြောက်ရွာသို့ ရောက်ရှိလာခဲ့ပြီး မြစ်ခြေမြို့ပေါ်ကို အကြမ်းဖက်စီးနင်းမှုများ စတင်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကအင်အားတွေထပ်ဖြည့်ခဲ့တာကြောင့် အင်အား ၄၀၀ ကနေ ၅၀၀ အထိရှိနိုင်တယ်လို့ဒေသခံအချို့ကပြောပါတယ်။

●ပြည်သူတွေ ရှောင်ကြပြီ

စစ်ကြောင်းဝင်လာချိန် မြစ်ခြေမြို့ပေါ်ရှိ ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြပေမဲ့ အချို့ကတော့ စစ်ကြောင်းက ယခင်ကကဲ့သို့ ခေတ္တသာဝင်ပြီး ပြန်ထွက်သွားမယ်အထင်နဲ့ ပစ္စည်းအနည်းငယ်သာယူကာ အနီးအနားတောစပ်တွေမှာ ခိုလှုံရင်း အခြေအနေကို စောင့်ကြည့်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။

“မီးမရှို့လောက်ဘူးလို့ထင်ပြီး သယ်နိုင်တဲ့ ပစ္စည်းပေါ့ပေါ့ပါးပါးတွေပဲယူပြီးတော့ နီးစပ်ရာနေရာတွေ ပြေးကြတာပေါ့နော်။ အဲကနေပြီးတော့ ပြည်သူတွေက ဆုံးရှုံးမှုတွေ ပိုကြီးတာ။”

●စစ်ကောင်စီတပ် မီးရှိူ့ပြီ

အာဏာသိမ်းစစ်တပ်ဟာ မြစ်ခြေမြို့ရဲ့ အဓိကအထင်ကရဖြစ်တဲ့ မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့အပြင် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ ကြောင်ပန်းခုံ၊ ဖိုလ်ကုန်း၊ မကျီးကုန်း၊ ထန်းတောခြောက်၊ ကူကျွန်း၊ လက်ပံပင်၊ ညောင်ပင်၊ နံဂါတ် အစရှိတဲ့ ကျေးရွာ/ရပ်ကွက်ပေါင်း ၁၁ ခုထက်မနည်းကို နေ့ရောညပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရပ်ကွက်အချို့ဆိုလျှင် ၉၀ ရာခိုင်နှုန်းနီးပါး ရွာလုံးကျွတ် ပြာကျသွားခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ကို မီးလောင်တိုက်သွင်းနေတဲ့ တချိန်တည်းမှာပဲစစ်တပ်က မီးလောင်ပြင်နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ပခုက္ကူမြို့ပေါ်မှာ ဇာတ်ပွဲတွေစင်ပြိုင်နွှဲခိုင်းထားပါတယ်။ နာမည်ကြီး သီဟိုဠ်ရှင်ဘုရားပွဲကို ကျင်းပနေပြီး စမ်းရေမိုး ဇာတ်အပါအဝင် တခြားဇာတ်အဖွဲ့တွေကို ရုံပြိုင်ဖွင့်ခိုင်းထားတာပါ။

တကယ်တော့ ခေတ်အခါကောင်းစဉ်က ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတော်ရောက်ပြီဆိုရင် မြစ်ခြေဒေသက ပြည်သူတွေဟာ မြို့ပေါ်တက်လာပြီး ပွဲကြည့်ကြ ဈေးဝယ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြစ်ခြေနဲ့ ပခုက္ကူက ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်မောင်းရင် ရောက်တာ”

အခုတော့ သီဟိုဠ်ရှင်ကို အရောက်မလာနိုင်တော့တဲ့ မြစ်ခြေဒေသက ပြည်သူတွေဟာ ပွဲခင်းထဲမှာ လက်ခုပ်လက်ဝါးတီးပြီး အားမပေးနိုင်တော့ဘဲ အသက်လုကာ ပြေးလွှားနေကြရတယ်။ မြစ်ခြေမြို့မီးလောင်ပြင်က ဒေသခံတွေရဲ့ အော်ဟစ်အကူအညီတောင်းသံ၊ အာခေါင်ခြစ်ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့အသံ၊ စစ်အုပ်စုရဲ့ ညာသံပေးအမဲဖျက်သံတွေဟာ နတ်သံနှောနေတဲ့ မိုက်ခဲဇာတ်မင်းသားတွေရဲ့ အသံဗလံတွေကြားမှ ပျောက်ဆုံးနေပါတယ်။

“စမ်းရေမိုးတို့၊ အောင်ဇဗ္ဗူတို့ဟာစစ်တပ်နဲ့ အလိုတူအလိုပါ ပြိတ္တာတွေဖြစ်တယ်”လို့ မြစ်ခြေမြို့ ခံ လူငယ်တစ်ဦးကနာနာကျည်းကျည်းပြောပါတယ်။

●ပြည်သူတွေဘာ့ကြောင့် အများအပြား သတ်ဖြတ်ခံခဲ့ရတာလဲ

“အသတ်ခံရတာကတော့ မြစ်ခြေမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်အများစုမှာ အသတ်ခံရတာများတယ်။”

ပြည်သူအများစု ရှောင်သွားကြပေမဲ့ ကျန်နေတဲ့ ပြည်သူတွေဟာ ကိုယ့်ရပ်ကွက်နဲ့ မနီးမဝေးမှာပဲ ပုန်းအောင်းနေနေကြတယ်။ စစ်ကြောင်း ကိုယ့်ရပ်ထဲမဝင်မီ ဆန်လေးဆီလေး ပြေးယူကြသူတွေရှိတယ်။ စစ်ကြောင်းဝင်လာတာက အလုံးအရင်းနဲ့ ဖြစ်တဲ့အတွက်ကြောင့် အချိန်၊ ရက်လည်း မကြာနိုင်ဘူးလို့ ထင်လို့ ဒီအတိုင်း အဝတ်အစားတနိုင်တပိုင်လေးနဲ့ ရှောင်ပြီးပြေးကြတဲ့သူတွေများတယ်။ အဲဒီလို ကိုယ့်အိမ်ပြန်ဝင်ချိန် စစ်ကြောင်းနဲ့ တည့်တည့်တိုးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူတွေက ရွာကိုလှမ်းမြင်ရတဲ့ မနီးမဝေးမှာပဲနေပြီးတော့ အခြေအနေကြည့်တယ်။ စစ်ကြောင်းပြန်ထွက်သွားပြီလို့ အသံကြားရင် သူတို့အိမ်လေးတွေထဲကို ဆန်တို့၊ဆီတို့ အဲလိုမျိုးလေးတွေ ဝင်ယူတယ်ပေါ့နော်။ အဲလိုဝင်ယူတဲ့အချိန်မှာ ဖမ်းမိခံရတဲ့ ပြည်သူတွေလည်း ရှိတယ်။ အဲလိုပြည်သူတွေကိုလည်း သတ်တယ်”

နောက်တစ်ခုက မီးဝင်ငြှိမ်းကြတာပါ။ စစ်တပ်မီးရှို့ပြီး ထွက်သွားတော့ စစ်ကြောင်းပြန်ပြီအထင်နဲ့ ပြည်သူတချို့ မီးဝင်ငြှိမ်းကြတယ်။ အဲဒီမှာ စစ်ကြောင်းနဲ့ ပြန်တိုးပြီး အသတ်ခံလိုက်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းမီးရှို့ပြီးတော့ ပြန်ထွက်သွားတဲ့အချိန်မှာ မီးငြှိမ်းမယ်ပေါ့နော်။ ပြောရလို့ရှိရင် ပြည်သူ့အတွေးပေါ့။ မီးဝင်ငြှိမ်းမယ်ဆိုပြီးတော့ မီးမကြီးအောင်၊ တခြားအိမ်တွေ မီးမကူးအောင် မီးငြှိမ်းမယ်ဆိုပြီး ဝင်တဲ့အချိန်မှာ ကျန်ခဲ့တဲ့ စစ်ကောင်စီရဲ့ကင်းပုန်းတွေက ပစ်သတ်လို့ သေတဲ့လူတွေလည်း ရှိတယ်”

အဆိုးရွားဆုံးကတော့ အထက်မှာ ပြောခဲ့သလို ရှေ့ကပြေးခိုင်းပြီး အမဲလိုက်သလို သတ်ဖြတ်ခဲ့တာပါ။

“၉၀ ရာခိုင်နှုန်းလောက်အထိ မီးရှို့ခံရတဲ့ ရွာဆိုလို့ရှိရင် ပြည်သူ ၁၃ ယောက်လောက်ကို ပစ်သတ်တာ”

လက်ကို ဓါးနဲ့အမွှန်းခံရတဲ့ ကိုရင်ကြီးကိုတော့ စစ်ကြောင်းပြန်ထွက်သွားချိန် ဒဏ်ရာတွေနဲ့ ထားပစ်ခဲ့တယ်လို့ သိရပါတယ်။

●စစ်ရှောင်တွေ အရေးပေါ်ဘာတွေလိုနေလဲ

လက်ရှိမြစ်ခြေမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ရှစ်သောင်းခန့် ရှိနေပြီး ၎င်းတို့ဟာ တောတောင်တွေနဲ့ နီးစပ်ရာ ဘေးလွတ်ရာနေရာတွေမှာ ဖြစ်သလို ခိုလှုံနေကြရပါတယ်။ လူနေထူထပ်တဲ့ စစ်ရှောင်စခန်းတွေမှာ လက်ရှိ မိုးရာသီဖြစ်တာကြောင့် မိုးကာတွေ အရေးပေါ်လိုအပ်နေသလို၊ အိုးအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒန်အိုးဒန်ခွက်များ၊ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာ အကူအညီတွေ အလွန်အမင်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“စစ်ရှောင်တွေဆီသွားတဲ့အချိန်မှာ အဓိကဘာမြင်ရလဲဆိုတော့ တချို့စစ်ရှောင်စခန်းတွေဆိုလို့ရှိရင် လူနေထူထပ်တော့ နီးစပ်ရာနေရာလေးတွေမှာ နေရတယ်။ မိုးကာလိုတယ်။ အိုးအိမ်မီးရှို့ဖျက်ဆီးခံရသူတွေအတွက် ဒန်အိုးဒန်ခွက်တွေ၊ ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာလိုမယ်။”

●မြို့ထဲပြန်ဝင်ဖို့ စိတ်မချရသေးတဲ့ အခြေအနေ

စစ်တပ်စစ်ကြောင်းတွေ ဆုတ်ခွာသွားတယ်ဆိုပေမဲ့ စစ်ကြောင်းထိုးစဉ်က ပါဝင်တဲ့ အင်အားနဲ့ ဆုတ်ခွာသွားတဲ့ အင်အား၊ အင်အားချင်း မမျှတာကြောင့် စစ်တပ်ကင်းပုန်းတွေ ကျန်နေသေးတယ်လို့ ဒေသခံအချို့က ယူဆနေပါတယ်။

“ဆုတ်သွားတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းထဲမှာပါတဲ့ လူအင်အားနဲ့ စစ်ကြောင်းထိုးတုန်းက ပါတဲ့ လူအင်အားနဲ့ အရေအတွက်တွေက ကွာဟနေတော့ ကျန်ခဲ့တဲ့ စစ်ကောင်စီရဲ့အင်အားက ဘယ်မှာလဲပေါ့။ မေးခွန်းတစ်ခုလိုဖြစ်နေတော့ ပြည်သူအများစုကတော့ ပြန်မဝင်ရဲသေးဘူး”

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးကို ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ဒါကြောင့် ပြည်သူတွေကို မြို့ပေါ်ပြန်ပေး မဝင်သေးပေမယ့် ကိုယ့်အိမ်ကိုယ်ရာလေး ရှိသေးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အရဲစွန့်ကာ ပြန်ဝင်ကြည့်နေသူအချို့လည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အင်အားအစုအဖွဲ့အသစ်တစ်ခု ထပ်မံဖြစ်တည်နေပြီး ဘယ်ဘက်သို့ စစ်ကြောင်းပြန်ထိုးမယ်ကို မသိရသေးတဲ့အတွက် မြစ်ခြေဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

အခုအခါ မြစ်မြေမြို့ဟာ မြို့ကိုဝင်လိုက်တာနဲ့ အပုပ်နံတွေ လှိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် လူသတ်ပွဲကြီးကြုံလိုက်ရပြီး သေကံမရောက် သက်မပျောက်ခဲ့ကြပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

“ရွာမှာလည်း မီးတွေကလောင် အိမ်တွေကလည်း အကုန်ပါကုန်ပါပြီ။ အိမ်ပြန်ရင်လည်း နေစရာမရှိပါဘူး။ ဘယ်မှာနေရမှန်းလည်း မသိတော့ပါဘူး”

ရုပ်သံ- MFP

✍🏻 ဟာနာဆန်


Comments

Leave a Reply

Your email address will not be published. Required fields are marked *