စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာတွင် အညာဒေသ၌ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိလာပြီဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပ သုံးလုံးယန္တရားအောက်နေ ပြည်သူတို့မှာ အာဏာသိမ်း အစောပိုင်း ကာလများကဲ့သို့ အသက်အန္တရာယ် မလုံခြုံမှုနှင့် မတရားမှုတို့ကို ထပ်မံကြုံနေရသည်။
ပသုံးလုံးဆိုသည်မှာ NUG က အရေးပေါ်ကြားကာလ အုပ်ချုပ်ရေး အစီအမံဖြင့် ဒေသအုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ၂၀၂၁ ဇူလိုင်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ကို အတိုကောက် ခေါ်ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအရ ပကဖသည် NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိပြီး ပအဖနှင့် ပလဖသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်၌ ရှိသည်။
“ကျမယောက်ျားဟာ ရက်ရက်စက်စက်ကိုမှ အသတ်ခံရတာပါရှင်” ဟု လွန်ခဲ့သော နှစ်နှစ်ခွဲကျော်က ခင်ပွန်း ကိုရန်လင်းထွန်းအပါအဝင် လူ ၂ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦးကျော် ဖမ်းဆီးခံခဲ့ရသည့် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)ခေါင်းဆောင်တဦး၏ လုပ်ရပ်များကို CDM ဆရာမတဦးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားထားသည်။
တရားမျှတမှုသည် နှစ်ချီကြာနေမည်ကို ဆရာမက စိုးရိမ်လျက်ရှိသည်။ “ကျမကို ဖမ်းချုပ်ထားတာ တလ နဲ့မှ ၈ ရက်ကြာပါတယ်ရှင်” ဟုလည်း တိုင်ကြားစာတွင် ရေးထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် အညာဒေသသည် စစ်တပ်၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု၊ ရွာလုံးကျွတ် မီးရှို့ခံရမှု၊ စစ်ကြောင်းထိုးမှုများ ကြောင့် နေပူမိုးရွာမရှောင် ညအချိန်မတော် ထွက်ပြေး၍ အမိုး၊ အကာ၊ စားနပ်ရိက္ခာမပြည့်စုံဘဲ ကာလရှည် စစ်ရှောင်နေခဲ့ရသည်။ စစ်တပ်၏ လုပ်ရပ်များကို လက်နက်ကိုင်တော်လှန်နေသော အညာအခြေစိုက် NUG လက်အောက်ခံ ပ သုံးလုံးတို့ကပါ တရားမဲ့ပြုကျင့်လာသောအခါ ဝက်လက်ရှိ ပြည်သူများအဖို့ နူရာဝဲစွဲ လဲရာသူခိုးထောင်းသလို ဖြစ်ကြရတော့သည်။
ထင်ရှားသော ပြစ်မှုများအနက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးနေမျိုးအောင်နှင့် ရွှေဘိုခရိုင် ဝက်လက် တပ်ရင်း အမှတ် ၂ တို့ ကျူးလွန်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လူသတ်အလောင်းဖျောက်မှု ဖြစ်စဉ်မှာ အချိန် ၂ နှစ်ခွဲကျော်အထိ စစ်ဆေးအရေးယူခြင်း မခံရသလို ရရှိထားသော အာဏာ၊ လက်နက်အင်အားတို့ဖြင့် မတရားဖိနှိပ်မှုများနှင့် ပြစ်မှုများ ဆက်လက် ကျူးလွန်နေသောကြောင့် ဝက်လက် ပ သုံးလုံးအဖွဲ့နှင့် တပ်ရင်း ၂ တို့ကို ဒုတိယ မင်းအောင်လှိုင်ဟုပင် ဒေသခံတို့က ခေါ်ဝေါ်သမုတ်ရသည်ထိ ကြောက်လန့်နေကြရသည်။
အာဏာသိမ်းချိန်မှ စ၍ လက်ရှိအချိန်ထိ မတရားမှုများကို တွန်းလှန်နေသူ ဝက်လက်ဒေသခံအမျိုးသားတဦးက “နေမျိုးအောင်တို့က တန်ခိုးသြဇာကို တော်တော်ထွားနေတာ ဝက်လက်မြို့နယ်မှာက၊ သူတို့က တကယ်သတ်ပြတယ်၊ ဖြတ်ပြတယ်၊ ဖမ်းပြတယ်လေ။ ဘယ်လိုပဲ သတ်သတ် ဖြတ်ဖြတ် အရေးယူမခံရတော့ လူတွေက မင်းအောင်လှိုင်ထက်တောင် ပိုပြီးကြောက်နေကြတာ” ဟု ပြောသည်။
Data For Myanmar ၏ ယခုနှစ် ဇန်နဝါရီလ ၆ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ဇန်နဝါရီလမှ ၂၀၂၄ စက်တင်ဘာလထိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၁၇၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၈၆၀ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
အချိန် ၁ နှစ် နှင့် ၈ လအတွင်း အရပ်သားပြည်သူ ၃၅၀၀ ကျော်ထိခိုက်သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းများကြားတွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံး ထိခိုက်မှုများလည်း ပါဝင်နေသည်။
ဝက်လက်မြို့နယ် အရှေ့ပိုင်း ဆားတောင်ကြီး၌ ၂ လောင်းပြိုင်လူသတ်မှု၊ ရွှေဘိုမြို့နယ် ချီပါမြောက်ရွာတွင် ဓားပြတိုက် လူသတ်မှု၊ တပ်ရင်း ၂ တပ်စိတ်မှူးက သမီးရည်းစားစကားများရာ၌ ရည်းစားဖြစ်သူအား ပစ်သတ်မှု၊ ဝက်လက်မြို့နယ် မှော်ဦးကျေးရွာမှ ကိုယ်ဝန်ရှိ အမျိုးသမီးကို ရပ်ကျေး ပကဖ ခေါင်းဆောင်က မုဒိမ်းကျင့်သောကြောင့် ကလေးပြတ်ကျခဲ့မှု စသည့်ဖြစ်စဉ်များသည် ဝက်လက် ပကဖနှင့် တပ်ရင်း အမှတ် ၂ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ပြီး လူသိများခဲ့သော အမှုများဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ထို့ပြင် သစ်ခိုးထုတ်မှု၊ မြေယာမှု၊ အမှုကျူးလွန်သူတချို့ကို လာဘ်ငွေယူလွှတ်ပေးမှု စသည့်အကျင့်ပျက်ချစားမှု ဖြစ်စဉ်များလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“တပ်ရင်း ၂ နဲ့ မြို့နယ် (ပကဖ)က လူအင်အား၊ လက်နက်အင်အားများပါတယ်။ မြို့နယ် (ပအဖ)ဒေါတ်တာဆန်းမြင့်အောင်က တမြို့နယ်လုံးမှာ လုပ်ပိုင်ခွင့်အရှိဆုံးဌာနဖြစ်တဲ့ အားလျော်စွာ သုံးဖွဲ့ပေါင်းပြီး အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေတာပါ။ ရပ်ကျေးက တိုင်လာတဲ့အမှုတွေမှာ သူတို့နဲ့ဆက်စပ်နေရင် မြို့နယ်ပလဖကို အမှုမဖွင့်ဖို့ ပြောပါတယ်” ဟု NUG ဌာနဆိုင်ရာတခုတွင် လုပ်နေသည့် ဝက်လက်ဒေသခံတဦးက ပြောသည်။

အချင်းချင်း သတ်ဖြတ် အလောင်းဖျောက်မှု
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ဦးနေမျိုးအောင်သည် ဝက်လက်အရှေ့ခြမ်း၌ NUG လက်အောက် မဟုတ်ဘဲ လူထုထောက်ခံမှု အားကောင်းသော ဒေသကာကွယ်ရေးတပ်ဖွဲ့ (Local PDF) ဗိုလ်ကျားကြီးအဖွဲ့အား MODအောက်ရှိ တပ်ရင်း အမှတ် ၂ နှင့် ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နံနက် ၁ဝ နာရီခန့်တွင် စီးနင်းတိုက်ခိုက်ခဲ့သည်။
ဦးနေမျိုးအောင် ဦးဆောင်ကာ တပ်ရင်းအမှတ် ၂ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က ဝက်လက်မြို့နယ်၊ ရွှေညောင်တော် တောင်ကုန်းရှိ ဗိုလ်ကျားကြီးအဖွဲ့ကို လက်နက်အပြည့်အစုံဖြင့် စီးနင်းပစ်ခတ်ခဲ့ရာ ဗိုလ်ကျားကြီးတပ်ဖွဲ့မှ ကိုရန်လင်းထွန်းနှင့် ကိုစိုင်းမောင်မောင်တို့ သေဆုံးခဲ့ပြီး CDM ဆရာမ တဦးအပါအဝင်အရပ်သား ၁၂ ဦးလည်း ဖမ်းဆီးခံလိုက်ရသည်။
ထို့ပြင် ဗိုလ်ကျားကြီးတပ်ဖွဲ့၏ ဆိုင်ကယ် ၁၀ စီး၊ ဖုန်း ၆ လုံး နှင့် ပြည်သူများလှူဒါန်းငွေ ကျပ် ၁၁ သိန်းတို့ကို သိမ်းယူသွားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ရာ ဝက်လက်မြို့နယ်ရွှေကျင် ပကဖ ခေါင်းဆောင် ဗိုလ်ကျားကြီးသည် ဧရာဝတီမြစ်ကြောင်း တလျောက်ရှိ ပြည်သူများအပေါ် ခြိမ်းခြောက် ရမ်းကားခြင်း၊ မော်တော်များကို စစ်ကောင်စီထုတ်ကုန် ပါ မပါ စစ်ဆေးရန်ဟု အကြောင်းပြပြီး မော်တော်တစီးလျှင် (ကျပ် ၂ သိန်းမှ ၅ သိန်း) ထိ ခြိမ်းခြောက် ငွေတောင်းခြင်းများ ပြုလုပ်၍ ပြည်သူများမှ အကြိမ်ကြိမ်တိုင်ကြားလာမှုကြောင့် ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင်မှ ဖုန်းဆက်၍ အတန်တန် ပြောသော်လည်း လိုက်နာခြင်း မရှိကြောင်း၊ ထို့ကြောင့် အထက်အဆင့်ဆင့်တင်ပြပြီး သက်ဆိုင်ရာမှ စစ်ဆေးရန် ခွင့်ပြုသဖြင့် မြို့နယ် ပကဖ မှ ဦးဆောင်ပြီး ဗိုလ်ကျားကြီးတပ်စွဲရာ ရွှေညောင်တော် တောင်ကုန်းထိပ်သို့ ခေါ်ယူစစ်ဆေးရန် သွားစဉ် ၎င်း၏ တပည့် နှစ်ဦးက စတင်ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စတင်ပစ်ခတ်သူ နှစ်ဦး သေဆုံး၍ ၅ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ထွက်ပြေးလွတ်မြောက်သွားသည့် ဗိုလ်ကျားကြီးကို ကာကွယ်စောင့်ရှာက်ထားသည့် မည်သည့်အဖွဲ့မဆို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပကဖ က အသိပေး ကြေညာအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ဦးနေမျိုးအောင်၏ ဝါဒဖြန့်ချိရေး ပေ့ချ်တခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၇ မိုင်နှင့် တောင်မှ မြောက်သို့ ၁၉ မိုင် ရှည်လျား ကျယ်ဝန်းပြီး အရှေ့ဘက် စဉ့်ကူးမြို့နယ်၊ တောင်ဘက် စစ်ကိုင်းမြို့နယ်၊ အနောက်ဘက် အရာတော်မြို့နယ်၊ မြောက်ဘက် ရွှေဘိုမြို့နယ်တို့ဖြင့် နယ်နမိတ်ချင်းထိစပ်နေသည်။
ဧရာဝတီမြစ်သည် ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာနှင့် ရှိန်းမကားရွာ အနီးမှလည်းကောင်း၊ မူးမြစ်သည် ဝက်လက်မြို့နယ် သမရိုးရွာအနီးမှလည်းကောင်း မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းနေရာ ဝက်လက်မြို့နယ်သည် မီးရထားလမ်း၊ ကားလမ်းတို့အပြင် ရေကြောင်းလမ်းများဖြင့်ပါ အခြားမြို့နယ်များသို့ ဆက်သွယ်သွားလာနိုင်သည်။
ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ၂၀၁၉ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းများအရ လူဦးရေ ၂၁၀၆၇၇ ဦး ရှိသော ဝက်လက်မြို့နယ်သည် နွေဦးတော်လှန်ရေးကာလတွင် စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ကာကွယ်ရေးတပ် အများအပြားပေါ်ထွက်ရာ မြို့နယ်တခုဖြစ်ခဲ့ပြီး ခုခံတော်လှန်စစ်များလည်း အားကောင်းခဲ့သည်။
မြို့နယ်လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ကျေးလက်နေထိုင်သူများဖြစ်ပြီး ကျေးရွာအုပ်စု ၆၉ အုပ်စုမှ ကျေးရွာပေါင်း ၂၃၄ ရွာ ရှိနေရာ ကျေးရွာအလိုက် (သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် ပြည်သူ့ကာကွယ်ရေးတပ် များစွာရှိခဲ့ပြီး ဝက်လက်မြို့နယ်သည် စစ်ကိုင်းတိုင်းထဲရှိ အခြားမြို့နယ်များနည်းတူ စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်အောင် နွေဦးတော်လှန်ရေးအစောပိုင်းကာလများအတွင်း ပြုလုပ်ထားနိုင်ခဲ့သလို နယ်မြေအများစုကိုလည်း ကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့သည်။
စိုးမိုးထိန်းချုပ်နယ်မြေများအား NUG က ပြည်သူ့အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ရာတွင် ဝက်လက်မြို့နယ်သည် ပ သုံးလုံး ယန္တရား အကျင့်ပျက်ခြစားမှုများဖြင့် နာမည်ဆိုးထွက်ရာနေရာတခု ဖြစ်သည်။

ဝက်လက်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက နီးစပ်ရာ လက်သင့်ခေါ်ယူခဲ့သည့် ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် ဦးနေမျိုးအောင်၊ ပအဖ ခေါင်းဆောင် ဒေါက်တာဆန်းမြင့်အောင်တို့သည် တပ်ရင်း အမှတ် ၂ နှင့်ပေါင်းကာ မြို့နယ်အတွက် ပေးအပ်ထားသောအခွင့်အာဏာများကို မလျော်သြဇာသုံးပြီး မတရား ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများနှင့် ပြစ်မှုများ ကိုယ်တိုင် ကျူးလွန်ကြသလို ကျုးလွန်သူများကိုလည်း ကာကွယ်ပေးနေကြသည်ဟု ဒေသခံတို့က ပြောသည်။
ဦးမြင့်သိန်း၏ ထောက်ခံချက်ဖြင့် ပကဖ တာဝန်ခံဖြစ်လာသော ဦးနေမျိုးအောင်သည် အခွင့်အာဏာ စတင်ရလာချိန် ကတည်းက ၎င်းအား လက်မခံသည့် ဒေသကာကွယ်ရေးအဖွဲ့များကို နာမည်ဆိုး အမျိုးမျိုးတပ်၍ ချေမှုန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဝက်လက်မြို့နယ်အခြေစိုက် NUG လက်အောက်ခံမဟုတ်သော အခြားအဖွဲ့များက ပြောသည်။
၂၀၂၂ ခုနှစ် အစောပိုင်းကာလကတည်းက ဝက်လက်အရှေ့ခြမ်း၌ ဗိုလ်ကျားကြီးအဖွဲ့သည် ခုခံစစ်များ အားကောင်းကောင်း ပြုလုပ်နေချိန်ဖြစ်ပြီး အခြားကာကွယ်ရေးအဖွဲ့များနှင့်လည်း စုဖွဲ့မှုအားကောင်းသလို ဒေသခံပြည်သူများ၏ အားကိုး ထောက်ခံမှုများလည်း ရှိနေခဲ့သည်။
ဝက်လက်မြို့နယ်တွင် ခုခံတော်လှန်စစ်များကို ဦးဆောင်ခဲ့သူတဦးက “ကျနော်တို့က ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ အနောက်မှာ ဒီကောင်တွေကို(စစ်ကောင်စီတပ်များ) မိုင်းဆွဲပြီးသတ်နိုင်ခဲ့တဲ့အနေအထားကို ပထမဦးဆုံး မစ်ရှင် ပေးနိုင်ခဲ့တယ်။ ဗိုလ်ကျားကြီးတို့ဆိုရင် ဝက်လက်အရှေ့ခြမ်းမှာ ကျနော်တို့နဲ့ တအားကို တက်ညီလက်ညီနဲ့ တူမီးတွေနဲ့ တိုက်ခဲ့ကြတာ ” ဟု ပြောသည်။
ထို့ကြောင့် ဝက်လက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစပိုင်းကာလများကတည်း ကျေးရွာများတွင် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်တော့ဘဲ NUG ၏ အရေးပေါ် ကြားကာလအုပ်ချုပ်ရေး အစီအမံများ စတင် အသက်သွင်းနိုင်ခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးအစတွင် မပါဝင်ခဲ့သော NLD အမတ်များနှင့် နီးစပ်သူများက ပ သုံးလုံး ယန္တရားဖြစ်သော ဒေသ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးတို့ကို ဆောင်ရွက်ခွင့်ရလာကြပြီး မလျော်သြဇာသုံးမှုများကြောင့် အခြားသော ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပွတ်တိုက်မှုများ တစတစဖြစ်လာကာ အချင်းချင်းလုပ်ကြံသတ်ဖြတ်သည်အထိ ပြဿနာကြီးထွားလာခဲ့ရသည်။
ဝက်လက်မြို့နယ်တွင် လူထုထောက်ခံမှုအားကောင်းသည့် ဒေသကာကွယ်ရေးတပ်များသည် ဦးနေမျိုးအောင်နှင့် တပ်ရင်းအမှတ် ၂ တို့၏ အငြိုးအတေးထားမှု၊ စောင့်ကြည့်လုပ်ကြံခြင်းများကို ခံခဲ့ကြရပြီး ထိုအထဲတွင် ဗိုလ်ကျားကြီးအဖွဲ့ နှင့် GZ Special Task Force အဖွဲ့တို့သည် အဓိက ပစ်မှတ်များဖြစ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ဗိုလ်ကျားကြီးအဖွဲ့ စီးနင်းပစ်ခတ်မှုမခံရမီ ၆ လခန့်၌ ဝက်လက်မြို့နယ် ရှိန်းမကားရဲစခန်းမှ ထွက်ပြေးလာသည့် ရဲတပ်သားတဦးကို ဗိုလ်ကျားကြီးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်သား ပါလာသော လက်နက်ကို ဦးနေမျိုးအောင်က သိမ်းယူခဲ့ရာ ပြဿနာတချို့ ဖြစ်ခဲ့ကြသည်။
“ရဲပါလာတဲ့ လက်နက်ကို သိမ်းသွားတာပေါ့။ ကျနော်တို့လည်း အဲဒါလေးနဲ့ နှစ်ပွဲ၊ သုံးပွဲတိုက်နေတာဆိုတော့ ဘယ်လိုပြန်ရအောင်လုပ်ရမလဲ ဘယ်သူ့တွေဆီ တင်ပြတောင်းခံရမလဲ မေးတာကို မသိဘူး။ ကြိုက်တဲ့နေရာသွားဆိုပြီး မချေမငံပြောတယ်။ စကားအခြေအတင်ဖြစ်ကြတယ်” ဟု ဗိုလ်ကျားကြီးက ပြောသည်။
ဗိုလ်ကျားကြီးက ရဲတပ်သားထံမှရရှိခဲ့သော လက်နက်အသိမ်းခံရပြီးနောက် အဆိုပါလက်နက်ကို ပြန်ရရန် လက်လှမ်းမီသလောက် အဆက်အသွယ် အချိတ်အဆက်များဖြင့် အကူအညီတောင်းခံခဲ့ရာ ပြန်မရတော့သည့် အဆုံး ထိုကိစ္စအား မေ့မေ့ပျောက်ပျောက်ရှိနေချိန် ၆ လခန့်အကြာ၌ ဦးနေမျိုးအောင်နှင့် တပ်ရင်း ၂ တို့၏ တိုက်ခိုက်မှုကို ခံလိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်ကျားကြီးက ဆိုသည်။
တပ်ရင်း ၂ သည် NUG ၏ MOD လက်အောက်ရှိ တပ်ရင်း တရင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်သင်တန်းပေးထားသောအဖွဲ့ ဖြစ်သည်။
ဗိုလ်ကျားကြီးက “လက်နက်ပြန်ရဖို့ အထက်ကို လိုက်တင်ပြတောင်းခံ လုပ်နေကတည်းက သူက ကျနော့်ဆီမှာ မောင်းပြန် လေး၊ ငါး၊ ဆယ်လက်လောက်ရှိနေသေးတယ်အထင်နဲ့ ဘာမှလာမလုပ်သေးဘဲ အငြိုးအတေးထားထားတာ။ ပြီး NUG က KIA သင်တန်းဆင်းတပ်သားတွေ နဲ့ ဒူချွန်တို့ ပါလာတဲ့အချိန်ကျတော့ ဒူချွန်တောင် ရောက်ခါစ နယ်မြေအကြောင်း မသိခင်ကို အလစ်ငိုက် လာတိုက်တာ မောင်းပြန်တွေ အပြည့်အစုံနဲ့ ။ မင်းကို လုပ်ချင်တာကြာလှပြီ၊ ၆ လတောင် စောင့်ခဲ့ရတာ ဆိုပြီး စိန်ခေါ်သွားသေးတာ ‘’ဟု ဧရာဝတီကို ပြောသည်။
ယင်းသို့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂ အဖြစ် လူအင်အား၊ လက်နက်ခဲယမ်း အင်အားအပြည့်အစုံဖြင့် ဝက်လက်သို့ စတင်ရောက်ရှိလာချိန် ဦးနေမျိုးအောင်၏ စည်းရုံးမှု၊ မဟုတ်မမှန် ပြောဆို ချောက်တွန်းမှုများကြောင့် ဗိုလ်ကျားကြီးတို့အဖွဲ့ စတင်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ်၌ လက်နက်ကိုင် တော်လှန်ရေးကိုစခဲ့သည့် ဦးဆောင်သူတဦးက ပြောသည်။
၎င်းက “ဝက်လက်အရှေ့ခြမ်း ရွှေတောင်ကုန်းပေါ်မှာ ဗိုလ်ကျားကြီးတို့အဖွဲ့ လိုင်းသုံး ဘာသုံးနဲ့ ရှိနေချိန် ရုတ်တရက် ရောက်လာပြီး ပစ်ကြတာပဲ။ ဒီလို အင်အားကြီးနဲ့ ဒီလို ကျည်မျိုးစုံနဲ့ လက်နက်ကိုပိုင်ဆိုင်ထားတဲ့ အနေအထားမှာ ဘယ်စစ်ကြောင်းမှ မတိုက်ဘဲနဲ့ ဘယ်စခန်းမှမသိမ်းသေးဘဲနဲ့ ကိုယ့်တော်လှန်ရေးသမားအချင်းချင်းကို ပထမဆုံး ချေမှုန်းတာ” ဟု ပြောသည်။

၂ နှစ်ခွဲကျော် ကြာလာသည်ထိ NUG တုံ့ပြန်မှု မရှိ
ပြည်သူထောက်ခံမှု အားကောင်းသော တပ်ဖွဲ့တခုဖြစ်သည့် ဗိုလ်ကျားကြီးတို့အဖွဲ့ မတရားစီးနင်းပစ်ခတ်ခဲ့ရမှုအတွက် ပြည်သူတချို့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသက်အန္တရာယ်ရှိသည့်ကြားမှ သက်သေအထောက်အထား၊ ထွက်ဆိုချက်များဖြင့် NUG တာဝန်ရှိသူများထံ တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။
ထိုအမှုအတွက် NUG ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ လူ့အခွင့်ရေးဝန်ကြီး တို့ထံ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် တိုင်ကြားခဲ့သော်လည်း တုံ့ပြန်မှုများ မရရှိခဲ့၍ ထိုဖြစ်စဉ် နှစ်ပတ်လည်နေ့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ရက်တွင် ထပ်မံတိုင်ကြားခဲ့ပြန်သည်။ သို့သော် တစုံတရာ တုံ့ပြန်မှုများမရရှိ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် NUG ယာယီသမ္မကြီးထံ တိုင်ကြားစာထပ်မံပေးပို့ခဲ့သည်ဟု ထိုအမှုကို ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။ ထိုတိုင်ကြားစာများအား ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သက်သေ ဓာတ်ပုံများ၊ မျက်မြင်များ၏ သက်သေခံပြောဆိုထားမှုများ၊ ဒေသခံကာကွယ်ရေး တပ်များ၏ သဘောထားထုတ်ပြန်မှုများ ၊ ပြည်သူများ၏ ဆန္ဒပြတောင်းဆိုမှုများ စသည့်အထောက်အထားများစွာဖြင့် တင်ပြတိုင်ကြားခဲ့ခြင်းဖြစ်သော်လည်း NUG တာဝန်ရှိသူများက ယနေ့ထိ အရေးယူဆောင်ရွက်မှု မရှိပေ။
NUG သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများထံ မျက်မြင်သက်သေများနှင့် နစ်နာသူ ၈ ဦးတို့က သက်သေထွက်ဆို ပေးထားသည်။
မျက်မြင်သက်သေတဦးကထွက်ဆိုထားသော ရုပ်သံဖိုင်တွင် “အဲဒီနေ့က ကျမ ဗိုလ်ကျားကြီးတို့အဖွဲ့ကင်းစောင့်နေတဲ့ ဘေးက ဘုရားနားမှာ ဘုရားဝေယျာဝစ္စလုပ်ရင်း ကုသိုလ်ယူနေတဲ့အချိန်မှာ ရင်း ၂ က ကား၃ စီးနဲ့တက်လာခဲ့ပါတယ်။ ကျမလည်း ရင်း ၂ က ဆိုပြီး သတိမထားမိလိုက်ပါဘူး။ ကားတွေတောင်ပေါ်ရောက်တော့ ကျမတချက် လှည့်ကြည့်မိလိုက်ပါတယ်။ ကားတွေပေါ်ကနေ သေနက်တွေ မောင်းတင်ပြီး တန်းပြီး ပစ်ခတ်တော့ ကျမလည်း ပြေးခဲ့ရပါတယ်။ ကျမနောက်က ပြေးလိုက်လာတဲ့ကလေး ၂ ယောက်က ရင်း ၂ ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ပြီး လဲကျသွားခဲ့ပါတယ်။ လဲကျသွားခဲ့တာကိုလည်း ကျမ မြင်တွေ့ခဲ့ရပါတယ်” ဟု ပြောသည်။
အဆိုပါ ထွက်ဆိုချက်တွင် ဗိုလ်ကျားကြီးတို့အဖွဲ့သည် ဒေသလုံခြုံရေးအတွက် အားကိုး အားထားပြုရသည့် အဖွဲ့ဖြစ်ကြောင်း၊ ဗိုလ်ကျားကြီးအဖွဲ့သည် ဦးနေမျိုးအောင်တို့ စွပ်စွဲပြောဆိုထားသလို ပြည်သူများအပေါ် ခြိမ်းခြောက်၍ မတရားငွေကြေး ကောက်ခံနေသူများမဟုတ်ကြောင်း ပြောဆိုထားသည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်စဉ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော စစ်ဘေးရှောင် အမျိုးသားတဦးကလည်း တပ်ရင်း ၂ က လာရောက် ပစ်ခတ်ခဲ့ရာတွင် ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင်များသာမက စစ်ရှောင်များကိုလည်း ပစ်ခတ်ကြောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီများပါမချန် ရက်ရက်စက်စက် ပစ်ခတ်ခဲ့ကြောင်းနှင့် သေဆုံးသွားသော ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း ကားပေါ်ဆွဲတင်ပြီး အခြားသူများကိုလည်း ဖမ်းဆီးသွားကြောင်း ပြောသည်။
အဆိုပါ စစ်ရှောင်အမျိုးသားသည် တပ်ရင်း ၂ စခန်းတွင် ၁၂ ရက်ကြာနေခဲ့ရပြီး ဖမ်းခေါ်လာသောဗိုလ်ကျားကြီး တပ်ဖွဲ့ဝင်များကို ရိုက်နှက် နှိပ်စက်ကြောင်း၊ ထို့ပြင် တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသော ၎င်းတို့ကိုလည်း ခြိမ်းခြောက်သည့်အပြင် ၁၂ ရက်အကြာ ပြန်လွတ်လာချိန်၌ အိတ်နှင့် ဖုန်းကို ပြန်မပေးခဲ့ကြောင်း ပြောသည်။
ဦးနေမျိုးအောင်ဦးဆောင်သော တပ်ရင်း ၂ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော ကိုရန်လင်းထွန်း၏ ဇနီး CDM ဆရာမသည်လည်း တပ်ရင်း ၂ ၏ ဖမ်းဆီးခံခဲ့ရပြီး NUG တာဝန်ရှိသူများ တရားမျှတမှုဆောင်ရွက်ပေးရန် သက်သေထွက်ဆိုထားသည်။
CDM ဆရာမက “ကျမတို့ကို ကြိုးတွေနဲ့တုပ်ပြီး ဖမ်းဆီးသွားတဲ့အခါမှာ မင်းတို့တွေပြေးရဲ ပြေးကြည့် မင်းတို့နောက် လူမလိုက်ဘူး၊ ကျည်လိုက်မယ်ဆိုပြီးတော့ တပ်ရင်း ၂ ကနေ ကျမတို့ကို ခြိမ်းခြောက်ပါတယ်။ ကျမယောက်ျားနဲ့လည်း တွေ့ခွင့် လုံးဝမပေးခဲ့ပါဘူး။ ကျမယောက်ျားကို မြေမမြှုပ်ရသေးရင် ကျမကိုယ်တိုင် မြေမြှုပ်ချင်ပါတယ်လို့ တောင်းဆိုတဲ့အခါမှာလည်း ကျမကို လုံးဝမြေမြှုပ်ခွင့်လည်း မပေးပါဘူး။ အခုချိန်ထိလည်း ကျမယောက်ျားကို ဘယ်နေရာမှာ မြှုပ်ထားတယ်ဆိုတာကို ကျမ မသိရသေးပါဘူးရှင်” ဟု ပြောသည်။

ထိုဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦး အနက် ကျန်တဦး၏ မိသားစုဝင်များက အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကြောင့် သက်သေထွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း အမှုကူညီပေးနေသူ အမျိုးသမီးက ပြောသည်။
ပစ်သတ်ခံရပြီးသေဆုံးသွားသော ကိုရန်လင်းထွန်းနှင့် ကိုစိုင်းမောင်မောင်တို့၏ ရုပ်အလောင်းများကို ဦးနေမျိုးအောင်နှင့် တပ်ရင်းအမှတ် ၂ တို့က ဖျောက်ဖျက်ခဲ့သောကြောင့် ယနေ့ချိန်ထိ နစ်နာသူများက အစအန ရှာမရဖြစ်နေကြောင်း ၎င်းကပြောသည်။
ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံလိုက်ရသူများအနက် မေးရိုးတခြမ်းမရှိတော့ဘဲ မျက်လုံးတဖက် ကန်းသွားသည့် ဒဏ်ရာများရရှိခဲ့သော အသက် ၁၈ နှစ်အရွယ် မောင်ရှိန်းဇော် ( ခေါ် ) လောက်ကြီးအား ဦးနေမျိုးအောင်နှင့် တပ်ရင်း ၂ တို့က ဆေးဝါးကုသခွင့် မပေးခဲ့ပေ။
ဆေးဝါးကုသခွင့်မရသောကြောင့် တလနီးပါးအကြာ ၂၀၂၂ စက်တင်ဘာ ၂၇ ရက်တွင် သက်ကြီးပိုင်းအရွယ် မောင်ရှိန်းဇော်၏ မိခင်မှ သားဖြစ်သူဒဏ်ရာမှာ လွန်စွာဆိုးရွားနေသည့် အခြေအနေ၊ ဆေးဝါးကုသမှုမရရှိသည့် အခြေအနေတို့အား ဗီဒီယိုမှတ်တမ်းဖြင့် NUG လူ့အခွင့်အရေး ဝန်ကြီးဌာနထံ အသနားခံစာ တင်ပြတောင်းခံခဲ့သည်။
မောင်ရှိန်းဇော်၏ မိခင်က NUG ထံပို့သည့် ရုပ်သံဖိုင်တွင် “အရိုးတွေက တအားထွက်လာလို့ ကလေးက ကိုက်လာလို့ ဘယ်လိုမှ မခံစားနိုင်လို့ ဆေးကုသခွင့်တောင်းတာ မရပါဘူး။ ဆားပြုတ်ရေလေး ငုံပြီး ငုံပြီး ထွေးနေရပါတယ်။ အကိုက်အခဲပျောက်ဆေးပဲ တိုက်ရပါတယ်” ဟု ပြောသည်။
တပ်ရင်း၂ အပါအဝင် ဒေသတွင်းသက်ဆိုင်ရာအဖွဲ့များအား ဆေးကုသခွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မရရှိဘဲ လူ့အခွင့်အရေးဝန်ကြီးဌာနထံ အသနားခံစာတင်ပြီး ၅ ရက်ခန့်အကြာမှသာ ဆေးကုသခွင့်ရခဲ့သည်ဟု သိရသည်။
ဒဏ်ရာဆိုးရွားနေသည့် အခြေအနေဖြင့် ပြန်လွတ်လာခဲ့သော ထိုလူငယ်အတွက် မြို့ပေါ်ဆေးတက်ရောက်ကုသရန် အသက်အန္တရာယ်ရှိသည့် အခြေအနေ၊ ငွေကြေးအခက်အခဲတို့ကြောင့် ဆေးဝါးကုသမှုကောင်းစွာ မပြုလုပ်နိုင်ခဲ့ကြောင်း NUG ထံ အသနားခံစာ ကူညီတင်ပေးခဲ့သူ အမျိုးသားကပြောသည်။
၎င်းက “ဒီကိစ္စတွေကို အရေးယူပေးဖို့ မပြောနဲ့ ။ ဒီကလေးနော် မျက်နှာမေးရိုးတခြမ်းမရှိတော့ဘူး။ မျက်လုံးတဖက်လည်း ကွယ်သွားတယ်။ ကျနော်တို့ တိုင်စာတွေရေးပို့တဲ့အချိန်မှာလည်း NUG က အကုန်သိတယ်။ ကလေးရဲ့ အခြေအနေကို။ အဲဒါတောင်မှ တရုတ်က ထုတ်တဲ့ အကိုက်အခဲပျောက်ဆေးလေး တပြားတောင် မတိုက်ဘူးဗျာ။ ကျနော်ကပဲ လိုင်းပေါ်မှာ အလှူခံပြီး သောက်ဆေးတွေ ဝယ်ပေးနေရတယ်” ဟု ပြောသည်။
ဗိုလ်ကျားကြီးတို့အဖွဲ့ ဆက်ကြေးကောက်သည်ဟူသော စွပ်စွဲထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း သင်္ဘောသားများက မဟုတ်မှန်ကြောင်း သက်သေထွက်ဆိုပေးထားသည်။
ကြံ့နှစ်ကောင် ဘိလပ်မြေများတင်ဆောင်လာသော ဒေါ်လာ သင်္ဘောကို ဝက်လက်မြို့ကမ်းဖြူရွာတွင် ဗိုလ်ကျားကြီးဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်၌ စစ်ဆေးခဲ့ရာ ကြံ့နှစ်ကောင် ဘိလပ်မြေသည် သယ်ဆောင်ခွင့်မရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့် ကန့်သတ်ကုန်ပစ္စည်းအမျိုးအစားဖြစ်သည်ကို မသိ၍ သယ်ဆောင်လာမိကြောင်း အကျိုးအကြောင်း ဆီလျော်အောင် ရှင်းပြပြောဆိုခဲ့ရာ ဗိုလ်ကျားကြီးက နားလည်ပေးခဲ့ပြီး ပိုက်ဆံတောင်းခြင်း၊ ပစ္စည်းသိမ်းခြင်းမရှိဘဲ ပြန်လွတ်ပေးခဲ့သည်ကို သင်္ဘောသား ၂ ဦးက ဗီဒီယိုမှတ်တမ်းဖြင့် သက်သေထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စီးနင်းပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံလိုက်ရသူများအနက် ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် ၂ ဦးကလည်း ၎င်းတို့ကို တပ်ရင်းအမှတ် ၂ က နှိပ်စက်ပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဗီဒီယိုမှတ်တမ်းဖြင့် သက်သေ ထွက်ဆိုပေးသည်။
ဗိုလ်ကျားကြီးတို့ အဖွဲ့ပစ်ခတ်ခံရပြီး ၆ လခန့်အကြာ ၂၀၂၃ ဖေဖော်ဝါရီ ၂၆ ရက် NUG ဝန်ကြီးများနှင့် ဒေသခံတော်လှန်ရေး အင်အားစုများ ပူးပေါင်းပြုလုပ်သည့် အစည်းအဝေးတခု၌ ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင်များ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှု အတွက် ကိုယ်တွယ်စစ်ဆေးနေမှုနှင့် နစ်နာသူမိသားစုဝင်များအတွက် ကုစားပေးမည့် အခြေအနေများကို သိချင်ကြောင်း ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ဝင်တဦးက NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းထံ အများရှေ့မှောက် မေးမြန်းခဲ့သည်။
ထိုအစည်းအဝေး ရုပ်သံမှတ်တမ်း၌ မေးမြန်းမှုအပေါ် ဦးအောင်မျိုးမင်းက ‘’ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ကျနော့်ဆီ ပေးပို့ထားတာ ရရှိပြီးသားဖြစ်ပါတယ်။ ဒီသတင်းသာမက ကာယကံရှင်မိသားစုရဲ့ထွက်ဆိုချက်၊ နောက် သူတို့ရဲ့ အကူအညီတောင်းတဲ့ဟာကို ကျနော် လက်ခံရရှိပြီးသား ဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့သည် ဒေသတွင်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က အဖွဲ့အစည်းတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့်မိုလို့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနကို ကျနော်တို့ ပေးပို့ထားပါတယ်။ သူတို့အနေနဲ့ ဒီကိစ္စကို သူတို့ရဲ့ စစ်မှုဆိုင်ရာတရားရုံးနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ ကတိရရှိထားပါတယ်။ စုံစမ်းလည်း စုံစမ်း စစ်ဆေးနေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်” ဟု ပြောသည်။
ဗိုလ်ကျားကြီးက “နစ်နာသူမိသားစုရော ကျနော်တို့အဖွဲ့နစ်နာမှုရော အကုန်လုံးကိုပေါ့။ ကျူးလွန်ခဲ့တဲ့ အတိုင်းအတာ အလျောက် ထိထိရောက်ရောက် အရေးယူစေချင်တယ်။ နဂိုကတော့ အခုလုပ်တော့မှာလိုလို တော်ကြာလုပ်တော့မှာလိုလိုနဲ့ ဟိုဝန်ကြီးဌာနဆီရောက်လိုက်၊ ဒီဝန်ကြီးဌာနဆီရောက်လိုက်နဲ့ မြေပြင်ထိဆင်းပြီး ညှိနှိုင်းဆွေးနွေးနေပါတယ်နဲ့ ဒီလိုနဲ့ပြောပြီးတော့ ချွေးသိပ်နေတာ ဒီနေ့ထိ ဘာမှဖြစ်မလာတာဗျ ” ဟု ပြောသည်။


Leave a Reply