သမ္မတအတု မအလရဲ့ အိန္ဒိယခရီးစဉ်အပြီး ရုတ်တရက်ပေါ်လာတဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးအကြောင်း လက်လှမ်းမီသမျှ ရှာဖွေလေ့လာကြည့်ပါတယ် ။
ဇွန်လ ၃ ရက်နေ့မတိုင်ခင်အထိ သူ့ အကြောင်း မကြားဖူးတာကြောင့် Background Research လုပ်တဲ့သဘောမျိုး ဖြစ်သွားပါတယ်။
မအလ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပထမဆုံးထွက်ပြောတဲ့ နေပြည်တော်လေဆိပ်က ပြောကြားချက်ကို အရင်ဆုံး နားထောင်ကြည့်လိုက်တော့ မအလ အိန္ဒိယခရီးစဉ်ကနေ “သံတမန်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ထူးခြားတဲ့ အောင်မြင်မှရရှိခဲ့တယ်” လို့ ပြောပါတယ်။
ပြီးတော့ သူ့ဆရာ မအလရဲ့မူဝါဒတွေ ညွှန်ကြားချက်တွေ လိုက်နာကြဖို့လဲ တိုက်တွန်းသွားပါတယ်။
သူ့ရဲ့ လေယူလေသိမ်းကို နားထောင်ကြည့်လိုက်တာနဲ့ “ဇော်မဲလုံး” ထက် သာမယ့် “ဇော်မဲလုံးလက်သစ်” အမျိုးသမီးတစ်ယောက် ပေါ်လာပြီလို့ တွေးမိပါတယ်။

ဒါပေမယ့် လက်ရှိမှာ ဘယ်ပျောက်နေမှန်းမသိတဲ့ အရင်ပြောရေးဆိုခွင့်ရှိသူ ဇော်မဲလုံးနှင့် ယှဉ်လိုက်ရင် သူက ပိုသာတယ်လို့ ဆိုရပါမယ် ။
ပညာတတ်ဖြစ်ပြီး နိုင်ငံခြားပြန်လည်း ဖြစ်နေတာက ဇော်မဲလုံးထက် ပိုစမတ်ကျကျ လိမ်ညာနိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ကို ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး ။
ဆိုရှယ်မီဒီယာပေါ်က ပျောက်ကွယ်သွားခြင်း
ဒေါက်တာ ခိုင်ခိုင်စိုး နောက်ကြောင်းကို သေသေချာချာ လိုက်ရှာကြည့်တော့ သူ့ရဲ့ Facebook အကောင့် Lock ချထားပြီး၊ သူ့ရဲ့ LinkedIn အကောင့်လည်း ရှာမတွေ့တော့ပါဘူး။
တော်လှန်ရေးဘက်ကလူတွေ တစ်ခုခုလာပြောမှာ ကြောက်လို့ ဆိုရှယ်မီဒီယာအကောင့်တွေ ဖျောက်ထားတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်နေ့က UNFPA (ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့) လက်အောက်ခံ ကုလသမဂ္ဂ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးအေဂျင်စီရဲ့ Facebook စာမျက်နှာမှာ သူပြောထားတဲ့ ဗီဒီယိုတစ်ခု ရှာတွေ့ပါတယ် ။ အဲ့ဒီတုန်းက သူရဲ့ရာထူးက ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးပါ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးဦးရေ ပိုမိုများပြားနေလို့ COVID-19 ကာကွယ်၊ တုံ့ပြန်ရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလာကို အထူးအလေးထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ ပြောရေး ဆိုခွင့်ရှိသူတွေဟာ စစ်အုပ်စုနဲ့ မအလ အကျိုးစီးပွားအတွက် ပြောင်ပြောင်တင်းတင်း လိမ်ညာရဲကြပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာတော့ ပြည်သူလူထုရဲ့ တုံ့ပြန်မှု (Reaction) ကို ရင်မဆိုင်ရဲကြပါဘူး။
ဒေါက်တာခိုင်ခိုင်စိုးက ဘယ်သူလဲ
၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့ မအလရဲ့ အိန္ဒိယခရီးစဉ်အပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် စတင်တာဝန်ပေးခြင်းခံရသူ ဒေါက်တာခိုင်ခိုင်စိုးဟာ လက်ရှိမှာ စစ်အုပ်စုလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်က သင်္ချာဘာသာရပ်နဲ့ ဘွဲ့ (B.Sc, Mathematics) ရရှိခဲ့ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် (Mahidol University) မှ လူဦးရေဗေဒ (Demography) ဆိုင်ရာနဲ့ ဒေါက်တာဘွဲ့ ရရှိထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ လဝက ညွှန်ကြားရေးမှူးအဆင့်သာ ရှိသေးပေမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ညွှန်ကြားရေးမှူးချုပ်၊ ၂၀၂၆ ခုနှစ်မှာ ဒုတိယဝန်ကြီး ဖြစ်လာတာကြောင့် အချိန်တိုအတွင်း ရာထူးတက် အလွန်မြန်တဲ့သူလို့ဆိုရပါမယ်။

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ဒုတိယဝန်ကြီးဖြစ်လာတာကြောင့် မအလအစိုးရအဖွဲ့ ဒုတိယဝန်ကြီး ၄၆ ဦးထဲက အမျိုးသမီး ဒုတိယဝန်ကြီး ၄ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။
ဒေါက်တာခိုင်ခိုင်စိုးဟာ ပြည်သူ့အင်အားဦးစီးဌာနမှာ တောက်လျှောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ ဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ် အထွေထွေလူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
နောက်ခံ အဆက်အသွယ်နှင့် ထူးခြားချက်
ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လဝကဝန်ကြီး ရဲချုပ်ဟောင်း ခင်ရီဟာ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ဆရာအရင်းဖြစ်ပါတယ် ။
ခင်ရီနဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာခဲ့တဲ့အတွက် ခပ်တည်တည်နဲ့ လိမ်ညာတတ်တာတွေ၊ ရာထူးတက်ဖို့နဲ့ ရာထူးမြဲဖို့ဆောင်ရန် ရှောင်ရန်တွေ ဘာတွေလုပ်ရမလဲဆိုတာလဲ ကောင်းကောင်းပညာရလာပါလိမ့်မယ်။
ဒေါက်တာခိုင်ခိုင်စိုး ဘယ်လောက်တော်ပါစေ ဆရာဟောင်း ခင်ရီနဲ့ လက်ရှိ လဝကဝန်ကြီး မြင့်ကြိုင်တို့ ထောက်ခံမှုမပါဘဲ အခု ပြောရေးဆိုခွင့်ရှိသူနေရာ ရောက်လာဖို့ အကြောင်းမရှိပါဘူး။
စစ်အုပ်စုအဆက်ဆက် ပြောရေးဆိုခွင့်ရှိသူတွေ အဖြစ် ဦးရဲထွဋ် (ဦးသိန်းစိန်လက်ထက်)၊ ဦးဇော်ဌေး (ဦးဝင်းမြင့်လက်ထက်) နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း (၂၀၂၁ နောက်ပိုင်း) စတဲ့ အမျိုးသားတွေ ဆောင်ရွက်ခဲ့ကြတာကြောင့် ပထမဆုံး အမျိုးသမီးပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါ်ခိုင်ခိုင်စိုး ပေါ်ထွက်လာတာဟာ ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတာက မအလရဲ့ Mouthpiece (လက်ကိုင်တုတ် စကားပြောခွက်)ပဲ ဖြစ်တာကြောင့် စစ်အုပ်စုက ပြောခိုင်းတာတွေပဲပြောပေးရမှာ ဖြစ်ပါတယ်။
အဲ့လိုမှမဟုတ်ရင် သူ့ရှေ့က ဇော်မဲလုံး သွားတဲ့ လမ်းစဉ်အတိုင်း ဇာတ်သိမ်းရမှာ သေချာပါတယ်။
အိမ်ထောင်ရေးနောက်ခံ
၁၉၇၀ ပြည့်နှစ်ဖွား ဒေါ်ခိုင်ခိုင်စိုးဟာ အသက်ကြီးမှ အိမ်ထောင်ကျခဲ့သူဖြစ်ပါတယ်။
လွန်ခဲ့သော ၇ လခန့်က လေတပ်က ဗိုလ်မှူးကြီး အောင်ကိုမြင့်နှင့် လက်ထပ်ခဲ့ပြီး နေပြည်တော် မစိုးရိမ်တိုက်သစ်မှာ မင်္ဂလာဆွမ်းကျွေး ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ မင်္ဂလာဆွမ်းကျွေးအကြောင်း အသေးစိတ်သိချင်လို့ နေပြည်တော် မစိုးရိမ်တိုက်သစ် ဖေ့စ်ဘုခ်မှာ သွားရှာတော့ သူတို့ ဓာတ်ပုံတွေ မရှိတော့ပါဘူး။ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီးမှ ဓတ်ပုံတွေပြန်ဖြုတ်ချသွားတာပါ။
ဒေါက်တာခိုင်ခိုင်စိုးရဲ့ ခင်ပွန်း ဗိုလ်မှူးကြီး အောင်ကိုမြင့် (ကိုယ်ပိုင်အမှတ် – လေ ၂၈၂၂) သည် နေပြည်တော် လေတပ်စခန်းဌာနချုပ်မှာ ဒုတိယစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းမှာလည်း သူ့နာမည် ပါနေတာတွေ့ရပါတယ်။
ပိုဆိုးတာက ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းရ အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့ စစ်အုပ်စု လေတပ် အရာရှိ ၅၇ ဦးစာရင်းမှာ ဒေါက်တာခိုင်ခိုင်စိုးရဲ့အမျိုးသား ဒုတိယဗိုလ်မှူးကြီး အောင်ကိုမြင့်ရဲ့ အမည် ပါဝင်နေတာပါ။
တစ်ချို့က ဒေါက်တာခိုင်ခိုင်စိုးရဲ့ ဖခင်ကလည်း ဗိုလ်မှူးကြီးဟောင်းတစ်ဦး ဖြစ်တယ်လို့ ပြောကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး ။
သူ့အနေနဲ့ အခု ပြောရေးဆိုခွင့်နေရာ ရရှိလာတာဟာ ခင်ပွန်းဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ရဲ့ နောက်ခံ (Background) ကြောင့်လဲပါနိုင်တယ်လို့ပြောကြပေမယ့် ၊ နီးစပ်သူအချို့ကတော့ ခိုင်ခိုင်စိုးရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့် ဖြစ်ကြောင်း စောဒကတက်ကြပါတယ်။
စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတဲ့ အလုပ်က အချိန်မရွေး အန္တရာယ်ရှိနိုင်တဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါက်တာခိုင်ခိုင်စိုးတစ်ယောက် ဇော်မဲလုံးလိုမျိုး ကြိုးတန်းပေါ်က အောက်ကို လိမ့်ကျမသွားအောင် စစ်အုပ်စုအတွက် ဘယ်လောက်အထိ ဆက်လုပ်ပေးနိုင်မလဲ၊ကြိုးတန်းပေါ်မှာကော ဘယ်လောက်ကြာကြာ ဆက်လျှောက်နိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ကြရုံပဲရှိပါတယ်။
✍🏻 အီးကေ


Leave a Reply