ခြေသံလုံသည့် ဧရာဝတီစစ်မျက်နှာ

ဧရာဝတီတိုင်းတွင် အာဏာသိမ်းပြီးကတည်းက PDF များနှင့် နွေဦးတပ်ဖွဲ့များ လှုပ်ရှားရန် ကြိုးပမ်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ်အထိ အောင်မြင်မှုမရရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ရခိုင်တောင်ပိုင်းရှိ ဂွမြို့ကျပြီးနောက် ဂွ-ငသိုင်းချောင်းကားလမ်းအတိုင်း ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခတပ်တော် AA တပ်များနှင့်အတူ PDF ဧရာဝတီတိုင်းမှ ဗျူဟာတခုနှင့် နွေဦးတပ်ဖွဲ့တခုတို့ အတူတကွ ဝင်ရောက်လာသည်ကို တွေ့ရ၏။

ရခိုင်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမ အရှေ့ခြမ်းကို ဦးတည်၍ ဧရာဝတီတိုင်းစစ်မျက်နှာတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်မျက်နှာ သုံးခုဖွင့်ထားသည်ဟု ဆိုနိုင်၏။ ၎င်းတို့မှာ

၁။ သာပေါင်းစစ်မျက်နှာ

၂။ ငသိုင်းချောင်း၊ မြောက်စမ်း စစ်မျက်နှာ

၃။ လေးမျက်နှာ၊ ကွင်းကောက်စစ်မျက်နှာ တို့ဖြစ်၏။

ဤစစ်မျက်နှာသုံးခု၌ ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် အာရက္ခတပ်တော်နှင့် နွေဦးတပ်ဖွဲ့များ ထိုးဖောက်ဝင်‌ရောက်လာခြင်းကို အသီးသီးတွေ့ရှိရ၏။

ဧရာဝတီတိုင်းစစ်မျက်နှာတွင် တိုက်ပွဲများကို ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များအတွင်း ပုသိမ်-မုံရွာလမ်းတလျှောက်နှင့် ရခိုင်ရိုးမကြားတွင် ဖြစ်ပွားနေသည်ကို တွေ့မြင်နိုင်သည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အာရက္ခတပ်တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ PDF အမှတ် ၂၉ နည်းဗျူဟာ၊ ဧရာဝတီတိုင်း ပကဖ နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့ ပါဝင်တိုက်ခိုက်နေပြီး အာရက္ခတပ်တော်က စစ်ဆင်ရေးကွပ်ကဲမှုယူထားပုံရ၏။

ပုသိမ်အခြေစိုက် နတခ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်များသာမက တပ်မ ၆၆ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၄၊ ခမရ ၅၊ ခမရ ၆၊ ခမရ ၁၀၊ ခလရ ၃၅၊ ခလရ ၈၀ တို့ ဖြည့်တင်းထားသော်လည်း လုံလောက်မှုမရှိသဖြင့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်နုတ်တပ်ရင်းအချို့ကို ထပ်မံဖြည့်ဆည်းထားသည်ဟု သိရ၏။ စစ်အုပ်စုအနေနှင့် ရွှေသောင်ယံဘက်မှစ၍ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာတလျှောက် ပိတ်ဆို့ထိုးစစ်ဆင်သည့် အင်အားသည် ၂,၀၀၀ မှ ၃,၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ဧရာဝတီစစ်မြေပြင် စစ်ရေးသတင်းကို အာရက္ခတပ်တော်နှင့် ဧရာဝတီ PDF တို့က အမြဲတစေ ထုတ်ပြန်ခြင်းမရှိသဖြင့် သတင်းအတည်ပြုရန် ခက်ခဲပါသည်။ သို့သော်လည်း ငြင်းပယ်၍မရသည့် မြေပြင်သတင်းအချက်အလက်များအရ ဧရာဝတီတိုင်းစစ်မျက်နှာအခြေအနေကို အောက်ပါအတိုင်း တွေ့ရ၏။

မြေပြင်တိုက်ပွဲဖြစ်ပွားမှု ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ ၂၀၂၆ ခုနှစ် မေလအထိ ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များရှိ သဲဖြူ၊ မရမ်းကျင်း၊ သစ်ဝမ်းပူ၊ ကျားခေါင်း၊ သာပေါင်းလေး၊ ကြက်သွန်ကွင်း၊ ဘုရားကုန်း၊ စက်ဒေါင့်ကြီး၊ ကျွန်းလျားကြီးအုပ်စု၊ ကမွန်းချဉ်ကုန်းရွာ၊ စောပြာ၊ ကျားကိုက်ကွင်း၊ မှန်တန်း၊ တောင်ကလေး၊ ဘန့်ဘွေးကုန်း၊ ဝက်ကုန်းတောင်၊ လှော်ကထား၊ ထုံးကြီးဘို၊ ကြို့ကုန်း၊ တောင်ပို့ပိ၊ ဝတ်ကုန်း၊ ဂျိတ်ကွင်း၊ ကွင်းကလေး၊ မှန်စီ၊ ခတ်ချိုကုန်း၊ စိန်ကွင်း၊ စပြင်၊ ဇီပင်ကွင်း၊ စမ်းကြီး၊ ဥယျာဉ်ကုန်း၊ ထုံးဘို၊ လယ်ဦးစု၊ ရှမ်းကွင်း၊ စိန်ဘောင်၊ ပန်းတင်၊ ချင်းလည်၊ ပန်းတောကြီး၊ ရှမ်းပန်း စသည့်ရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ကို မြေပြင်သတင်းများအရ သိရ၏။

ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များရှိ ရခိုင်ရိုးမ အရှေ့ဘက်တောင်ခြေအစပ်နှင့် ပုသိမ်-မုံရွာလမ်းမကြီးကြား တလျှောက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်ကို တွေ့မြင်နိုင်၏။

လေယာဉ်ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ကူ

တိုက်ပွဲပြင်းထန်သည်နှင့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ၊ လေယာဉ်ပျံသန်းမှုများသည် လေးမျက်နှာ၊ ဟင်္သာတ၊ ဇလွန်မြို့များကို အနိမ့်ပျံသန်း ဖြတ်သန်းလေ့ရှိသည့်အပြင် လေကြောင်းမှ ဗုံးကြဲသံများကို ကြားရသကဲ့သို့ အရပ်သားထိခိုက်မှုများကို ကြားသိနေရ၏။

စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အမြောက်နှင့် ပစ်ခတ်ခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ ၆၉ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး၊ အဆောက်အအုံပျက်စီးမှု ၁၆၇ လုံးရှိသည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲသတင်းများကို အမြဲထုတ်ပြန်ခြင်းမရှိကြသဖြင့် အခြေအနေအတိအကျ မသိရသော်လည်း လေယာဉ်ဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ၊ ထိခိုက်မှုများကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲပြင်းထန်သည်မှာ သေချာသည်ဟု ကောက်ချက်ချနိုင်ပါသည်။ ၂၀၂၆ ခုနှစ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး အရပ်သားထိခိုက်မှု တိကျသော စာရင်းဇယားမသိရှိရသေးပါ။

စစ်အုပ်စု အကျအဆုံးနှင့် တပ်ပြေး

စစ်အုပ်စုဘက်မှ သေဆုံးသည့်အရာရှိများကို ပုသိမ်သို့ ပြန်သယ်ပြီး ပုသိမ်၊ ရွှေမြင်တင်သုသာန်တွင် အခမ်းအနားဖြင့် သင်္ဂြိုဟ်လေ့ရှိရာ အရပ်သတင်း ပုံမှန်ထွက်လေ့ရှိသကဲ့သို့ ပုသိမ်စစ်ဆေးရုံသို့ ဒဏ်ရာရစစ်သားများ ရောက်လာသည့် သတင်းများကလည်း ဖုံးဖိ၍မရပေ။

ထို့ပြင် ဧရာဝတီတိုင်းအတွင်း စစ်ဆင်ရေးဝင်နေသည့် စစ်အုပ်စုတပ်များမှ တပ်ပြေးများကို ဖမ်းဆီးရန် အရပ်ဘက်အဖွဲ့အစည်းများသို့ အကြောင်းကြားလေ့ရှိသဖြင့် တပ်ပြေးအများအပြားရှိပြီး စစ်တပ်၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ၏ ဖမ်းဆီးပေးမှုကြောင့် အချို့ပြန်လည်ဖမ်းဆီးရမိသွားသည့် သတင်းများလည်း ကြားသိရသည်။

ပိတ်ဆို့မှုများ

၂၀၂၆ ခုနှစ် မေလအထိလည်း ဧရာဝတီစစ်မျက်နှာ၏ အခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးဖောက်မှုကို ဟန့်တားနိုင်ခြင်းမရှိသည့်အပြင် ဧရာဝတီတိုင်း အခြားမြို့နယ်များသို့ မကူးစက်ရန် ပိတ်ဆို့နေရသကဲ့သို့ ဧရာဝတီမြစ်ကိုဖြတ်၍ ပဲခူးရိုးမနှင့် ချိတ်ဆက်သွားမည်ကိုလည်း ဟန့်တားပိတ်ဆို့နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရ၏။

ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ငဝန်မြစ်အတွင်း စစ်သင်္ဘောသုံးစင်း အင်အားဖြည့်တင်းခဲ့ပြီး ဧရာဝတီနှင့် ပဲခူးတိုင်းအကြား ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောနှစ်စင်း အင်အားဖြည့်တင်းခဲ့သည်ကို တွေ့ရ၏။ စစ်သင်္ဘောများချထားခြင်းမှာ ထောက်ပို့၊ ပစ်ကူထက် မြစ်များကို ဖြတ်ကူး၍ တော်လှန်ရေးအင်အားစု ပဲခူးတိုင်းနှင့် ဆက်စပ်မည်ကို ပိတ်ဆို့လို၍ ဖြစ်မည်ဟု သုံးသပ်ရ၏။

ရွေးကောက်ပွဲမလုပ်နိုင်သည့် နယ်မြေများ

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း၌ မြို့နယ်လုံးကျွတ် ချန်လှပ်ထားခြင်းမရှိသော်လည်း နယ်မြေမငြိမ်းချမ်းမှုများကြောင့် မြို့နယ် ၄ ခုမှ ကျေးရွာအုပ်စု ၂၃ အုပ်စု (ကျေးရွာခွဲပေါင်း ၁၀၀ ကျော်) တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ကို တွေ့ရ၏။

ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ချန်လှပ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်များနှင့် ကျေးရွာအုပ်စုများစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရွေးကောက်ပွဲ အပိုင်း ၁ နှင့် ၂ တွင် ချန်လှပ်ခဲ့သော နယ်မြေများ – ပုသိမ်မြို့နယ်မှ ဘောမိကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်စု၊ သာပေါင်းမြို့နယ်မှ ကျွန်းလျားကြီးကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စု တို့ဖြစ်၏။

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ချန်လှပ်ခဲ့သော နယ်မြေများ – လေးမျက်နှာမြို့နယ်တွင် ဒေါင့်ကြီး၊ မယ်ဇလီ၊ ယင်းဆယ်၊ ခြောက်ဆယ်၊ သောင်ဘုတ်၊ ကြီးပေါက်ကုန်း၊ ပန်းတောကြီး၊ ကွမ်းခြံကုန်း၊ ဘဲ့ပြားကုန်း၊ ဝါးတောကွင်း၊ ချင်းကုန်း၊ သဲနုကုန်း၊ မိုးကုတ်၊ လှည်းထောက်ကွင်း၊ လှော်ကထား၊ ကွင်းကြီး၊ ဝတ်ကုန်း၊ ကညင်တိုင်း၊ ချင်းလည်ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်စုဖြစ်ပြီး ရေကြည်မြို့နယ်မှ ကက္ကူကြီး၊ သက္ကယ်ပြင်၊ ရွာသစ်ကြီး၊ ပန်းပုကွင်းကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု ၄ အုပ်စုဖြစ်၏။

ထို့အပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် အင်္ဂပူမြို့နယ်အတွင်းရှိ ရခိုင်ရိုးမအနီး ကျေးရွာအချို့တွင်လည်း စစ်ရေးနှင့် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ အပြည့်အဝ မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ရခိုင်ရိုးမနှင့် နယ်မြေထိစပ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့ လှုပ်ရှားစိုးမိုးထားသည့် ပုသိမ်၊ သာပေါင်း၊ လေးမျက်နှာနှင့် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၆ အုပ်စုတွင် ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ခဲ့သည်ကို တွေ့မြင်နိုင်၏။

ဤအချက်က ဧရာဝတီတိုင်းအတွင်း စစ်အုပ်စု နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် အခြေအနေနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးလှုပ်ရှားနိုင်သည့် အခြေအနေကို ဖော်ပြနေ၏။

၂၀၂၆ ခုနှစ် ဇွန်လတွင် မဖွင့်နိုင်သည့် ကျောင်းများ

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းမြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ရှိခြင်းများကြောင့် စာသင်ကျောင်းပေါင်း ၆၈ ကျောင်း မဖွင့်လှစ်နိုင်သလို ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော်မှာလည်း ပညာသင်ကြားခွင့်ဆုံးရှုံးမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု သတင်းအထူးတပ်ဖွဲ့-ပုသိမ်၏ သတင်းအရ သိရသည်။

ဤကဲ့သို့ စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သည်မှာ စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု ဒေသခံတို့က ဆိုကြ၏။ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၁၇၇ ကျောင်းအနက် စာသင်ကျောင်းပေါင်း ၆၈ ကျောင်းမှာ လာမည့် ၂၀၂၆-၂၀၂၇ စာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဟု ဆိုသည်။

ထိုကျောင်းများအထဲတွင် လေးမျက်နှာမြို့နယ်မှ စိန်ကွင်း၊ တောရွာ၊ စန်းကုန်း၊ ဆူးထိုးကွင်း၊ မကျည်းပင်ကွင်း၊ ကျောက်စရစ်ကုန်း၊ ဘုရားကုန်းရွာ၊ ပန်းတောကြီး၊ ချင်းကုန်း၊ ရေသိုးချောင်းရွာ၊ ညောင်ခြေထောက်ရွာ၊ ဂျိတ်ကွင်း၊ အောက်စုရွာ၊ ပန်းတင်ရွာ၊ ချင်းလည်ရွာ၊ လဲခုံကြီး၊ နတ္တမင်းကုန်း စသည့် ကျေးရွာများမှ စာသင်ကျောင်းများ ပါဝင်သည်။

စစ်အုပ်စုမှ ၎င်းတို့အုပ်ချုပ်သည့် နယ်မြေများ အေးချမ်းသာယာနေပြီဖြစ်ကြောင်း၊ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း ဝါဒဖြန့်ချိနေသော်လည်း ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု အန္တရာယ်များကြောင့် ကျောင်းအများအပြားကို ဆက်လက်ပိတ်ထားရဆဲဖြစ်သကဲ့သို့ ပုသိမ်၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနှင့် အင်္ဂပူ စသည့် မြို့နယ်များအတွင်းမှ ကျေးရွာအတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်စိုးမိုးထားသည်ကို ပြသနေ၏။

အထူးသဖြင့် ပုသိမ်-မုံရွာလမ်းတလျှောက်၊ ကားလမ်း၏ အနောက်ဘက်ကျေးရွာများကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။

ဧရာဝတီနှင့် စစ်တိုင်းမှူးအပြောင်းအလဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူးအဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ် စိုးကျော်ထက်အား နယ်မြေဆုံးရှုံးမှုနှင့် တပ်တွင်းဖိအားများကြောင့် တာဝန်မှဖယ်ရှားကာ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် (စတသ-၃၃) ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ ၅ နှစ်တာကာလအတွင်း နတခ တိုင်းမှူးနေရာကို အောင်အောင်၊ ကြည်ခိုင်၊ ဝေလင်း၊ စိုးကျော်ထက်နှင့် ယခုအသစ်ခန့်အပ်ခံရသူ အောင်ကျော်ခိုင်အထိ တိုင်းမှူး ၅ ယောက်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်။

ဗိုလ်ချုပ်စိုးကျော်ထက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗိုလ်ချုပ်ဝေလင်းနေရာ၌ နတခ တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခဲ့ပြီး သူ တာဝန်ယူခဲ့သည့် ၂၀၂၆ ခုနှစ် ဧပြီလအစောပိုင်းအထိ နတခ ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် စုစုပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး၊ တပ်မှ ထွက်ပြေးသူ ၂၅၀ ကျော် ရှိခဲ့ကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်၏ ထုတ်ပြန်ချက်အရ သိရ၏။

ထို့ပြင် ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကျေးရွာပေါင်း ၂၂၈ ရွာခန့်ကို တနှစ်ကျော်ကြာသည်အထိ ပြန်လည် မသိမ်းပိုက်နိုင်သည့်အပေါ် စစ်ကောင်စီအထက်ပိုင်းမှ ကျေနပ်မှုမရှိ၍ စိုးကျော်ထက်အား နတခတိုင်းမှူးတာဝန်မှ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တိုင်းမှူးများသာမက ဧရာဝတီတိုင်း၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (လုံ/နယ်ဝန်ကြီး) နေရာတွင်လည်း အပြောင်းအလဲများခဲ့သည်။ အာဏာသိမ်းပြီးချိန်မှစ၍ ကျော်စွာဝင်း၊ မိုးမင်းနိုင်၊ ခန့်မွန်ဆွေနှင့် လက်ရှိ စိုးမင်းဦးအထိ ၄ ယောက်အထိ ပြောင်းလဲခဲ့ရသည်။ ဤကဲ့သို့ စစ်တိုင်းမှူးနှင့် လုံ/နယ် ဝန်ကြီးများကို ခဏခဏလဲလှယ်နေရခြင်းသည် ဧရာဝတီတိုင်းအတွင်း စစ်အုပ်စု၏ စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ထိန်းချုပ်နိုင်စွမ်း ကျဆင်းနေသည်ဟု သုံးသပ်၍ ရ၏။

နိဂုံး

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက စတင်ဖို့ ကြိုးစားခဲ့သည့် ဧရာဝတီတိုင်းစစ်မျက်နှာကို ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး အာရက္ခတပ်တော်နှင့် PDF တပ်ဖွဲ့များသည် ၂၀၂၆ ခုနှစ် မေလကုန်အထိ ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမအရှေ့ခြမ်း ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များ၌ ကောင်းစွာ ခြေကုပ်ယူနိုင်သည်ကို တွေ့ရ၏။

ဧရာဝတီစစ်မျက်နှာသည် တပြည်လုံးတွင် အသံအတိတ်ဆုံး၊ ခြေသံအလုံဆုံးဖြစ်သည်။ တခါတရံ ရှိသည်ပင် မထင်ရလောက်အောင် ငြိမ်သက်လွန်းသည်။ သို့သော်လည်း ဧရာဝတီစစ်မျက်နှာသည် စစ်အုပ်စု၏ အရှိုက်ကို မိမိရရ ထိုးနှက်နိုင်နေပေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *