အရပ်သားတယောက်ဟာ စစ်မှုထမ်းထဲပါသွားရင် အရပ်သားစိတ်ဓာတ်ပြန်မရတော့ဘူး

“အရပ်သားတယောက်ဟာ စစ်မှုထမ်းထဲပါသွားရင် အရပ်သားစိတ်ဓာတ်ပြန်မရတော့ဘူး”

အဓမ္မဖမ်းဆီး ရောင်းစားခံရလို့ ဖြစ်စေ၊ ပိုက်ဆံနဲ့ အဝယ်ခံရလို့ ဖြစ်စေ စစ်သားစုဆောင်းရေးတပ် (စစတ) ကို ရောက်လာတဲ့ လူတယောက်ကို သာမန်အရပ်သား လူ့သဘာဝစိတ်ကနေ စစ်တပ်ရဲ့ အမိန့်အတိုင်း မျက်စိမှိတ် နာခံမယ့်သူ ဖြစ်လာဖို့ စိတ်ဓာတ်ရေးရာ ပြုပြင် ပြောင်းလဲမှု Psychological Warfare Techniques ဆိုက်ဝါးနည်းလမ်းတွေ အသုံးပြုပြီး စိတ်ရောကိုယ်ပါ ချိုးနှိမ် ပုံသွင်းတယ်။

ရန်ကုန် (မင်္ဂလာဒုံ) အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်တွေဟာ လူစုဆောင်းတဲ့ အချုပ်ဆောင် ဂိုဒေါင်တွေသာ ဖြစ်တယ်။

စစတကို ရောက်တာနဲ့ အဓိကလုပ်တာက မှတ်ပုံတင်အတု သန်းခေါင်းစာရင်းအတု စာရွက်စာတမ်းအတုတွေ ဖန်တီးတယ်။ အသက်မပြည့်သူကို အသက်၁၈ ပြည့်အောင်၊ မကျန်းမာသူကို ကျန်းမာကြောင်း ဆေး လက်မှတ်အတု လုပ်တယ်။

ဒီနေရာမှာ တပ်သားသစ်ရဲ့ စိတ်ကို စတင်ချိုးနှိမ်ဖို့ အဝတ်အစား အားလုံး ချွတ်ခိုင်းပြီး ဆေးစစ်ခြင်းကို လုပ်တယ်။ အကျဉ်းသားလိုပဲ ဆက်ဆံတယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်သိက္ခာကို စတင်ဖျက်ဆီးလိုက်တယ်။

စစ်သားပုံသွင်းဖို့ တပ်မတော် တန်းမြင့် စစ်သင်တန်းကျောင်း (တတက) သို့မဟုတ် တိုင်းစစ်ဌာနချုပ်အောက် နယ်မြေခံစစ်သင်တန်းကျောင်းတွေကို ပို့ရတယ်။ ​တပ်သားသစ် ခွဲတမ်းအရေအတွက် ပြည့်ပြီဆိုတာနဲ့ သူတို့ကို စစ်ကား/ ရထားတွဲ သီးသန့်တွေနဲ့ သင်တန်းကျောင်းတွေ (တတက တွေ)ကို ပို့တယ်။ လမ်းခရီးမှာ ထွက်မပြေးနိုင်အောင် တပ်ထိန်း MP သို့မဟုတ် လက်နက်ကိုင်အစောင့်တွေနဲ့ အကျဉ်းသားတွေလို သယ်ဆောင်သွားတယ်။

သင်တန်းကျောင်းကို ရောက်တာနဲ့ လူတဦးချင်းစီရဲ့ ငါဆိုတဲ့ အတ္တနဲ့ အရပ်သားဖြစ်တည်မှုကို လုံးဝ ဖျက်ဆီးပစ်တဲ့ လုပ်ငန်းစဉ် စတင်တယ်။

​သင်တန်းကျောင်းရောက်တာနဲ့ အားလုံးကို ဆံပင်ကတုံးတုံးတယ်။ ဆံပင်ပုံစံဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်လို့ ဒါကို ဖြတ်တောက်ခြင်းက မင်းတို့အားလုံး အတူတူပဲ၊ မထူးခြားဘူးလို့ စိတ်ပညာအရ မသိစိတ်ကို ရိုက်သွင်းလိုက်တာ ဖြစ်တယ်။ သတ္တဝါတကောင်လိုပဲ ဆက်ဆံတယ်။ အရပ်သားအသွင်သဏ္ဌာန် လုံးဝ ဖျက်ဆီးလိုက်တယ်။

ကိုယ်စားချင်တာ မစားရ၊ ကိုယ်ဝတ်ချင်တာ မဝတ်ရ။ ရှပ်ဖြူ/ပုဆိုးနဲ့ တပ်မတော်ထုတ် အစိမ်းရောင် ဝတ်စုံတွေကို ပေးဝတ်တယ်။ နာမည်အစား ကိုယ်ပိုင်နံပါတ် (ဥပမာ – ပစ/၅၆၇၈၉၀) နဲ့ပဲ ခေါ်ဝေါ်တော့တယ်။ လူတယောက်ဟာ နာမည်ပျောက်ပြီး နံပါတ်တစ်ခု ဖြစ်သွားတယ်။

သင်တန်းသားတယောက် အမှားလုပ်ရင် (ဥပမာ- တန်းစီနောက်ကျရင် သို့မဟုတ် ဖိနပ်တိုက်တာ မပြောင်ရင်) အဲ့ဒီလူတယောက်တည်းကို အပြစ်မပေးဘူး။ သူပါဝင်တဲ့ တပ်စိတ်/တပ်စု တစ်ခုလုံးကို နေပူထဲမှာ ဒူးထောက်ခိုင်း၊ မြေကြီးပေါ် လိမ့်ခိုင်း၊ ဒိုက်ထိုးခိုင်း လုပ်တယ်။

​ဒီစနစ်ကြောင့် သင်တန်းသားတွေဟာ ငါ့ကြောင့် ငါ့ရဲဘော်တွေ ဒုက္ခရောက်ကုန်မယ်ဆိုတဲ့ ကြောက်စိတ်ဝင်လာပြီး အချင်းချင်း စောင့်ကြည့်တဲ့စနစ် အလိုအ လျောက် ဖြစ်လာတယ်။ ထွက်မပြေးရဲတော့ဘူး။ တဦးချင်းကိုယ်ပိုင် စိတ်ဓာတ်ပျောက်ဆုံးပြီး အုပ်စုလိုက်ပဲ လှုပ်ရှားရဲတဲ့ စိတ်သွင်းလိုက်တယ်။ အုပ်စုစိတ် သို့မဟုတ် အစုအဖွဲ့ စိတ်သွင်းတာ။

တပ်မတော်ရဲ့ စစ်သင်တန်းတွေဟာ စိတ်ပညာသဘောတရားအရ Brainwash ဦးနှောက်ဆေးခြင်း နည်းလမ်းတွေကို အသုံးချပြီး အဆင့်ဆင့် သွားတယ်။

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ပုံသွင်းရန် မနက် ၄ နာရီကနေ ည ၁၀ နာရီအထိ နားရက်မရှိ လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။

ညဘက်တွေမှာလည်း အရေးပေါ်အသံ ပေးပြီး ထခိုင်းတယ်။ လူတယောက်ဟာ အိပ်ရေးပျက်ပြီး ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဝေ ဖန်ပိုင်းခြားနိုင်စွမ်း Critical Thinking လုံးဝ ကျဆင်းသွားပြီး ခိုင်းသမျှကို ငြင်းဆန်ဖို့ စိတ်ကူးမရှိတော့ဘဲ နာခံဖို့ပဲ စဉ်းစားမိတော့တယ်။

​ပြင်ပ လူ့လောကနှင့် အဆက်ဖြတ်တယ်။ ဖုန်းသုံးခွင့် မရှိဘူး။ မိသားစုနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက် ထားတယ်။ ပြင်ပလောကမှာ ဘာတွေဖြစ်နေလဲ မသိရတော့တဲ့အတွက် သင်တန်းကျောင်းထဲဟာ သူတို့အတွက် ကမ္ဘာကြီးဖြစ်လာတယ်။

လေ့ကျင်ရေးဟာ နေတိုင်းကို လုပ်ရတာ။ တန်းစီလူ စစ် တယ်ဆိုတာ အလွယ်ပြောတာ။ တကယ်က နေ့စဉ်လေ့ကျင့်ရတဲ့ ‘မနက်စစ်ရေးပြ၊ ညနေစစ်ရေးပြ’ ဖြစ်တယ်။ စစ်ရေးပြ ဆိုတာ စစ်သားစိတ်မပျောက်အောင် လုပ်တာ။

အထက်လူကြီး၏ အမိန့်သည် နိုင်ငံတော်အမိန့် ဆိုတဲ့ သဘောတရား နေ့စဉ် ရိုက်သွင်းတယ်။ တန်းစီကွင်းထဲမှာ နည်းပြ (အရာခံဗိုလ်/တပ်ကြပ်ကြီး) တွေက တပ် သားသစ်တွေကို လူမဆန်စွာ ဆဲဆို၊ ရိုက်နှက်တာတွေ မဖြစ်မနေ လုပ်တယ်။

ရာထူးအာဏာအပေါ် ကြောက်ရွံ့ရိုသေစေရန် ​အထက် က ခိုင်းရင် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လုပ်ရမယ်၊ မလုပ်ရင် ငါ သေလိမ့်မယ် ဆိုတဲ့ ရှင်သန်ရေး ဗီဇရဲ့ ကြောက်စိတ်ကို အခြေခံပြီး အမိန့်ကို အလိုအလျောက် တုံ့ပြန်တဲ့စနစ် (စိတ်ပညာအခေါ် Conditioned Reflex) ထည့်သွင်းပေးလိုက်တယ်။

အမိန့်နဲ့ ကင်းကွာရင် အရပ်သားပြည်သူစိတ် ပြန်ပေါက်သွားမှာစိုးလို့ စစ်သားတစ်ယောက်ဟာ ၂၄နာရီလုံး အမိန့်နဲ့ပဲ နေရတယ်။ မနက်မိုးလင်းကတည်းက သတ်မှတ်တဲ့အချိန်မှာ ထရတယ်။

လူစစ်တန်းစီချိန်မီအောင် စီရတယ်။ တန်းစီမှာ ထပ်ထုတ်လိုက်တဲ့ တနေ့တာ တာဝန်(အမိန့်)တွေကို တနေကုန်လုပ်ရတယ်။ သတ်မှတ်တဲ့ နားချိန်မှ နားရတယ်။ ညနေလူစစ် တန်းစီရဦးမယ်။

ညတာဝန်အဖြစ် ကင်းစောင့်ရတာရှိမယ်။ သတ်မှတ် ထားတဲ့ နေရာမှာပဲ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နားရတာ ဖြစ်တဲ့အတွက် အမိန့်နဲ့ နားတာပဲ။ အိပ်ရင်လည်း သတ်မှတ်ထားတဲ့အချိန်မှာ အိပ်ရတယ်။ စစ်သားတယောက်ဟာ အိပ်နေတဲ့အချိန် နှိုးပြီး သူရထားတဲ့ သူ့ရဲ့ အမိန့်တာဝန်ကိုမေးရင်လည်း ထဖြေနိုင်ရပါမယ်။ အိပ်မက်ထဲမှာတောင် အမိန့်နဲ့ နေရတယ်။

ရန်သူ ဖန်တီးခြင်းနှင့် ဝါဒဖြန့်ချိရေးအရ စစ်မြေပြင် ဝါဒဖြန့် စာပေတွေ၊ တပ်မတော်သီချင်းတွေကို နေ့စဉ် အော်ဟစ် သီဆိုခိုင်းတယ်။ “တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ” “တပ်မတော် ပြိုကွဲရင် နိုင်ငံတော် ပြိုကွဲမယ်” ဆိုတဲ့ စိတ်ကို သွင်းတယ်။

ဒါကြောင့် စကစ စစ်သင်တန်းကျောင်းရောက်သွားတာနဲ့ ဘဝဆုံးပြီသာမှတ်။ ‘တပ်မတော်သာအမိ တပ်မ တော်သာအဖ” “တို့မြေကြီးကိုကာကွယ်မလေ၊ တို့ပြည်ကြီးကိုကာကွယ်မလေ၊ တို့အဖေကြီးကိုကာကွယ်မလေ” တွေဖြစ်ကုန်ရော၊ ချောင်ပိတ်ရိုက်သွင်းစရာမလိုအောင် ဆိုက်ကိုသွင်း စည်းရုံးနိူင်တဲ့ ဆရာတွေရှိတယ်။

ရန်သူဖန်တီးခြင်း၊ ငါတို့ဘက်နှင့် သူတို့ဘက် ခွဲခြားခြင်း၊ ရန်သူကို လူအဖြစ် မမြင်စေခြင်း ဆိုက်ဝါးတွေ နေ့စဉ်ရိုက်သွင်းတယ်။ တိုင်းရင်းသား လက်နက် ကိုင် တွေ/ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံဖျက်ဆီးမယ့် သောင်းကျန်းသူ၊ အကြမ်းဖက်သမား၊ အဖျက်သမား၊ သူပုန်များအဖြစ် ပုံဖော် သင်ကြားတယ်။

ထွက်ပြေးရင် လက်နက်ချရင် အလင်းဝင်ရင် သူတို့က သတ်ပစ်တယ်လို့ ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဆိုက်ဝါးရိုက်သွင်းပြီး စိုးရိမ်ကြောက်ရွံ့ခြင်းနဲ့ အမုန်းတရားတွေကို ဆိုက်ဝါးရိုက်သွင်းတယ်။ သူတို့ကို သတ်ဖြတ်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ဘဲ နိုင်ငံတော်အတွက် သစ္စာစောင့် သိခြင်း ဖြစ်တယ်လို့ ဘာသာရေး၊ လူမျိုးရေး၊ အမျိုး သားရေး မှိုင်းတွေနဲ့ ပေါင်းစပ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ (မီးရှို့ လုယက် မုဒိန်းကျင့် လူသတ်တဲ့အခါ) အပြစ် ရှိတယ် ခံစားရစိတ် Guilt ကို ဖျက်ဆီးလိုက်တယ်။

ဆုနှင့် ပြစ်ဒဏ် ယန္တရားအရ သင်တန်းကာလ နောက် ဆုံးရက်မှာအပြစ်ပေး ပုံစံသွင်းနေတာကို ရပ်လိုက်ပြီး အသိအမှတ်ပြုခြင်း အဆင့်ကို သွားတယ်။ နည်းပြတွေက ချီးမွမ်းတာ၊ စစ်သားကောင်း ဖြစ်ပြီလို့ ပြောတာ၊ သင်တန်းဆင်းပွဲမှာ သေနတ်ပေးအပ်တာ၊ ပါတီပွဲ အခမ်းအနားနဲ့ လုပ်တာ။

​တပ်သားသစ်ရဲ့ စိတ်ထဲမှာ ငါဟာ ပေါ်တာအဆွဲခံအနှိပ် စက်ခံ အကျဉ်းသား မဟုတ်တော့ဘူး၊ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်သား ဖြစ်သွားပြီ ဆိုတဲ့ ရိုက်နှက်နှိပ်စက်သူအပေါ် ရက်စက်သူအပေါ် ပြန်လည် ချစ်ခင် စွဲလမ်းခြင်း Stockholm Syndrome စိတ်ရောဂါ ဖြစ်သွားပြီး တပ်မတော် အဖွဲ့အစည်းအပေါ် သစ္စာရှိမှုကို တည်ဆောက်လိုက်တယ်။

ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ အ ထီးကျန်ဆန်စေမှုနဲ့ ဝါဒဖြန့်မှု အဆင့်ဆင့် ၄လကနေ ၆လအထိ ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ အရပ်သားတယောက်ဟာ မိမိကိုယ်ကျင့်တရား Personal Morality တွေ ပျောက်ဆုံးသွားပြီး၊ အထက်က ပစ်ဆိုရင် ကလေးသူငယ်ကိုဖြစ်စေ၊ မိန်းမနဲ့ သက်ကြီးရွဟ်အိုတွေကိုဖြစ်စေ တွန့်ဆုတ်မှုမရှိဘဲ ပစ်သတ်ရဲတဲ့ စစ်တပ်ရဲ့ လူသားလက်နက်တခု အဖြစ် အပြီးသွတ်သွင်းခြင်း ခံရတယ်။

ပ/စ လူသစ်တွေက ၂၀၂၁ မှာ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းတာ ခံခဲ့ရဖူးသူတွေပဲ။ စစ်တပ် ဒုက္ခပေးတာကို ကောင်းကောင်း ခံခဲ့ရဖူးသူတွေပဲ။ ဒါပေမယ့် စစ်တပ်ထဲရောက်တော့ အုပ်စုစိတ်ဝင်ပြီး စစ်သားစစ်စစ် ဖြစ်သွားတယ်။

Credit Original


Comments

Leave a Reply

Your email address will not be published. Required fields are marked *