အောင်ပန်း၊ နောင်ရဲရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို သတ်သူအား ဖမ်းမိ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်က သတ်ခဲ့သူ အမျိုးသမီးကို ယနေ့ နေ့လယ်ပိုင်းတွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကလေးငယ်သည် ဆော့ကစားနေရာမှ ပျောက်ဆုံးနေခြင်း ဖြစ်ကာ မိသားစုဝင်များက လိုက်လံ ရှာဖွေစဉ် ကျေးရွာ၏ အနောက်ဘက် ရှိ ဆုတောင်းပြည့် ၅ ဆူတောင်ဘုရားအနီး ရေစုကန်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ကလေးငယ်၏ ရုပ်အလောင်း၌ နားကပ် မရှိတော့ခြင်းအား ကွင်းဆက်လိုက်ကာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာမှ လူသတ်မှု အဖြစ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ကလေးစီက နားကပ်ကို လှတယ်၊ ကြည့်ရအောင် ဆိုပြီး ချော့ပြီး ဖြုတ်ယူတာ။ ဖြုတ်ယူပြီးတော့ ကလေးကို ရေစုကန်ပေါ် တင်ပြီး တွန်းချလိုက်တာ။
ကလေးကို သူ ခေါ်သွားတာဆိုတဲ့ မျက်မြင်သက်သေတွေကနေ တဆင့် လူသတ်မှု ပေါ်ပေါက်ခဲ့တာပါ။” ဟု ဖြစ်စဉ်အား သိရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကလေးငယ်အား သတ်ခဲ့သူ အမျိုးသမီးမှာ နောင်ရဲရွာမကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မမိုးမိုးထွေး (ခ) မိုးစက် ဆိုသူ ဖြစ်ပြီး ၎င်းအား အောင်ပန်းနယ်မြေရဲစခန်း၌ ပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။


Leave a Reply