ငါးသိုင်းချောင်းတွင် ရေစတင်ဝင်ရောက်လာပြီး ဒေသခံများပြောင်းရွှေ့
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ရေတက်လာလို့ ဒေသခံတွေဟာ ရေဘေးလွတ်တဲ့နေရာတွေဆီကို စတင်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာကျိုးပေါက်တဲ့ အရှိန်ကြောင့် ငါးသိုင်းချောင်းမြို့ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေ ရေဝင်နစ်မြုပ်လို့ သြဂုတ် ၇ ရက် မနက်ပိုင်းကစတင်ပြီး ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတယောက်က “လေးမျက်နှာဘက်လောက်တော့ အခြေအနေ မဆိုးသေးပါဘူး။ ရေတွေတော့စတင်လာပါပြီ။ အန္တရာယ်မရှိစေဖို့ ရေဘေးရှောင် နေရာတွေကို ကြိုတင်ပြောင်းရွှေ့ထားတာ” လို့ပြောပါတယ်။

ငါးသိုင်းချောင်းမြို့ထဲက မြို့ကွက်သစ်ရပ်ကွက်၊ ရိုးလမ်း၊ ရွှေဘိုရပ်ကွက်၊ ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံရှေ့၊ မြစ်ကျိုးအင်း၊ မဲဇလီကုန်းချောင်းတလျှောက်၊ အောင်ဇေယျလမ်းစတဲ့ နေရာ တွေမှာ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံ တယောက်က “မဲဇလီချောင်းဘက်ကနေ ရေတွေဝင်လာတာ။ မိုးကသိပ်မရွာဘူး။ မိုးရွာတာ နည်းလို့ သက်သာတဲ့အခြေအနေ။ ရေကနည်းနည်းချင်းတိုးလာတာ” လို့ပြောပါတယ်။

ရေဝင်နစ်မြုပ်တဲ့နေရာတွေက ဒေသခံတွေကို သာသနာ့ အလင်းရောင်းကျောင်းတိုက်၊ ပဏ္ဍိတာရုံကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက် စတဲ့ဘုန်းတော်ကြီးကျောင်းတွေဆီကို ပြောင်းရွှေ့ ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၃၁ ရက်ကစတင်ပြီး လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်ရေကာတာကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်တခုလုံးနီးပါး ရေလွှမ်းမိုးဒဏ် ခံနေရပြီး လေးမျက်နှာနဲ့ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာ စာသင်ကျောင်းတွေ ပိတ်ရတဲ့အထိ ဖြစ်လာတာလို့သိရပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း မိုးကြီးမဲ့ သတိပေးချက်ကို သြဂုတ် ၈ ရက် မနက် ၈ နာရီက ထုတ်ပြန်ထားပြီး သြဂုတ် ၈ ရက် မနက်ပိုင်းကနေ ၁၁ ရက်နေ့အထိ တနိုင်ငံလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးမယ်လို့ ဆိုပါတယ်။


Leave a Reply