ဤပို့စ်သည် ဝမ်းနည်းပူဆွေးစရာများနှင့်ရေးဖွဲ့ထားသည့်အတွက် ဝမ်းနည်းစရာ အဖြစ်အပျက်များကို ဖတ်ရှုရန် စိတ်မခိုင်သူများအနေနဲ့ စိတ်ကြိုတင် ပြင်ဆင်ပြီးမှ ဖတ်ရှုပေးကြပါရန် ကြိုတင်၍ မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်ဗျာ။
ကတိမတည်နိုင်ခဲ့သော တောင်းပန်စာလွှာနှင့် နောက်ဆုံးအနမ်း

သူ့သက်ဝိညာဉ် ငြိမ်သက်ထွက်ခွာသွားခဲ့ပြီဆိုသည့် အသိနှင့်အတူ ကျနော့်ကမ္ဘာကြီးသည် ပြာကျကျန်ရစ်ခဲ့ရသည်။
သို့သော် ဝမ်းနည်းပူဆွေးခွင့်ပင် ပြည့်ပြည့်ဝဝ မရသေးဘဲ သေစာရင်း ထုတ်ယူနိုင်ရန်အတွက် ဆေးရုံမှ အိမ်သို့ အမြန်ပြန်ကာ ၎င်း၏ မှတ်ပုံတင်နှင့် ရပ်ကွက်ထောက်ခံစာ သွားရောက်ယူဆောင်ရတော့သည်။
အိမ်သို့အပြန် လမ်းထဲသို့ ဝင်လိုက်သည်နှင့် အိမ်ရှေ့တွင် ဆောက်တည်ရာမရ မဏ္ဍပ်ထိုးထားကြသည်ကို လှမ်းမြင်လိုက်ရသည်။

ထိုမြင်ကွင်းသည် ကျနော့်ရင်ကို ဓားနှင့်မွှန်းလိုက်သလိုပင်…။
အိမ်ထဲသို့ တလှမ်းချင်း လျှောက်ဝင်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်၏ အခန်းလေးထဲ ရောက်သွားသည့် ခဏ၌မူ စောစောကတည်းက တင်းခံထားသမျှ စိတ်အစဉ်တို့သည် လုံးဝ ပြိုလဲသွားခဲ့ရတော့သည်။
ကျနော် အခန်းထဲတွင် စိတ်ကို အကုန်လျော့ချလိုက်ပြီး ရှိုက်ကြီးတငင်နှင့် ရင်ကွဲမတတ် ငိုကြွေးမိတော့၏။
ဘယ်လိုမှ ဆက်ပြီး တင်းထားလို့ မရတော့ပါ။

ဤအခန်း၊ ဤကုတင်၊ ဤနေရာတိုင်းတွင် သူ့အပြုံး၊ သူ့အသံ၊ သူ့သံယောဇဉ်တို့က အပြည့်ရှိနေဆဲဖြစ်သော်လည်း ပိုင်ရှင်ဖြစ်သူကမူ ဆေးရုံတွင် ထာဝရ ငြိမ်သက်ကျန်ရစ်ခဲ့ပြီ မဟုတ်ပါလား။
ထိုစဉ် အမျိုးသမီး မဆုံးခင်က ကျနော့်ကို မှာကြားခဲ့ဖူးသည့် စကားလေးတစ်ခွန်းကို ပြန်လည်သတိရမိရင်း ရင်ထဲ ပို၍ မချိအောင် ခံစားလိုက်ရသည်။
“တကယ်လို့ ညီမ မရှိခဲ့တော့ရင်… ညီမကို လူတွေကြည့်ပြီး ငိုနေကြတာမျိုး မလိုချင်ဘူး မောင်ရယ်၊ ညီမကို ချက်ချင်းပဲ မီးသင်္ဂြိုဟ် ချပေးပါနော်…”

ပထမတော့ မောင်လည်း ညီမ မှာခဲ့သည့်အတိုင်း ဆန္ဒကို ဖြည့်ဆည်းပေးမည်ဟု ဆုံးဖြတ်ခဲ့တာပါ။
သို့သော် အိမ်ရောက်ပြီး ညီမ၏ အမေ၊ အမျိုးတွေနှင့် စကားပြောကြည့်တော့ ဘယ်လိုမှ လက်ခံနိုင်ကြမည် မဟုတ်သည်ကို နားလည်လိုက်ရသည်။
ညီမကို ချစ်ကြသည့် သူငယ်ချင်းများ၊ တပည့်များ၊ ဆရာသမားများ၊ အမျိုးများနှင့် ရပ်မိရပ်ဖများ အားလုံးလည်း ညီမကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခွင့်မရဘဲ အမှန်တကယ် ခံစားကြရပေလိမ့်မည်။
ထို့ကြောင့် ညီမ မှာကြားခဲ့သည့် ကတိကို မောင် မတည်ပေးနိုင်ခဲ့ပါဘူး… ခွင့်လွှတ်ပေးပါ ညီမရယ်…။

ထို့နောက် မျက်ရည်များကို ခက်ခဲစွာ သုတ်သင်၍ မြောက်ဒဂုံမြို့နယ်ရုံးတွင် သေစာရင်း သွားရောက်ထုတ်ယူခဲ့သည်။
ထိုမှတစ်ဆင့် ဆေးရုံသို့ ပြန်ရောက်ကာ အမျိုးသမီး၏ ရုပ်ကလာပ်ကို ဦးကျော်သူ၏ နာရေးကူညီမှုအသင်း ကားဖြင့် ကူညီသယ်ဆောင်ရန် စီစဉ်ရသည်။
ထိုစဉ် အိမ်ဘေးမှ မေတ္တာစေတနာကြီးမားသော အစ်မတစ်ယောက်က
“ကိုဇာနည်… ကလေးနှစ်ယောက်ကို သူ့အမေရဲ့ နောက်ဆုံးရုပ်ကလာပ်ကို ဗီဒီယိုကော (Video call) နဲ့ ပြပေးလိုက်ပါဦးလား” ဟု သတိပေးမှပဲ ကျနော် အသိပြန်ဝင်လာခဲ့ရသည်။

ထိုအစ်မကပင် ကလေးများထံ ဗီဒီယိုကော ခေါ်ပေးပြီး မိခင်၏ ရုပ်ကလာပ်ကို အဝေးမှနေ၍ နောက်ဆုံးအကြိမ် ကန်တော့ခိုင်းခဲ့ရသည်။
ဖုန်းမျက်နှာပြင်ထဲမှနေ၍ အခြေအနေကို ဘာမျှရေရေရာရာ မသိသေးဘဲ အမေဖြစ်သူ၏ ငြိမ်သက်နေသော ရုပ်ကလာပ်ကို လက်အုပ်ကလေးများချီကာ ကန်တော့နေကြသည့် သမီးငယ်လေးနှစ်ယောက်ကို ကြည့်ရင်း… ကျနော့် ရင်ထဲတွင် ဘယ်လို ခံစားလိုက်ရမှန်း စကားလုံးများဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ပါ။
မိခင်မရှိတော့သည့် ဤကလေးငယ်လေးနှစ်ယောက်၏ အနာဂတ်အတွက် သနားစိတ်၊ အားနာစိတ်၊ အရိုးထဲထိ စိမ့်ဝင်သော ဝမ်းနည်းမှုတို့က ကျနော့်ရင်ဘတ်တစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြတ်တောက်သွားခဲ့ရသည်။

နာရေးချမည့်ရက်သို့ ရောက်သောအခါ လမ်းထဲမှ အစ်မတစ်ယောက်က အမျိုးသမီးကို သေချာ ပြင်ပေးခဲ့ပါသည်။
ညီမသည် သက်ရှိထင်ရှားရှိစဉ်က မျက်ရည်၊ မိတ်ကပ်များ မလိမ်းဘဲ မျက်နှာကို ရှင်းရှင်းလေးထားကာ နှုတ်ခမ်းနီလေးတစ်ခုပဲ ဆိုးတတ်သူဖြစ်ရာ ထိုအစ်မက ညီမ၏ စိတ်ကြိုက်အတိုင်း ရှင်းသန့်လှပစွာ ပြင်ဆင်ပေးခဲ့ရှာသည်။
ညီမ၏ မရှိတော့သည့် ရုပ်အလောင်းပုံများကို စာနာသောအားဖြင့်လည်းကောင်း၊ ရင်ထဲ မကြည့်ရက်နိုင်လွန်း၍လည်းကောင်း ကျနော် လုံးဝ ဓာတ်ပုံရိုက်မထားခဲ့ပါ။

မီးသင်္ဂြိုဟ်ရန် ရေခဲတိုက်ထဲမှ ရုပ်ကလာပ်ကို ထုတ်ယူစဉ် ကျနော်သည် ညီမ၏ အေးစက်နေသော နဖူးပြင်လေးကို နောက်ဆုံးအကြိမ် နမ်းရှုံ့ခွင့် ရခဲ့ပါသည်။
နာရေးအစဉ်အလာအတိုင်း ဆံပင်လေး အနည်းငယ် ဖြတ်ယူရသည့်အခါ၌မူ ကျနော် မရက်စက်နိုင်၊ မဖြတ်ရက်နိုင်လွန်း၍ ဘေးမှ သူငယ်ချင်းဖြစ်သူကပဲ အစား ဖြတ်ပေးခဲ့ရတော့သည်။
ကျနော့်ရင်ခွင်ထဲကနေ ထာဝရ ထွက်ခွာသွားခဲ့သည့် ညီမ၏ နောက်ဆုံးခရီးသည် ကျနော့်နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး အမာရွတ်တစ်ခုအဖြစ် ထာဝရ စွဲကျန်ရစ်ခဲ့ပါတော့သည်။
Zar Ni Myo Myat


Leave a Reply