စစ်မှုထမ်းရန် ဆင့်ခေါ်ခံရ၍ တိမ်းရှောင်နေသည့် အဆိုတော် ဆက်နိုင် မြစ်ကြီးနားတွင် ဖမ်းဆီးခံရ
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ် (၂) ဆုံကုန်းရွာမှ အဆိုတော် ဆက်နိုင် (ကိုဆက်နိုင်ထွန်း) သည် စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာပြီးနောက် တိမ်းရှောင်နေစဉ် မြစ်ကြီးနားမြို့၌ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

အဆိုတော် ဆက်နိုင်၏ နေအိမ်သို့ လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆင့်ခေါ်စာ ရောက်ရှိလာသည့်အတွက် ၎င်းသည် ဇူလိုင် ၂၈ ရက် ညပိုင်း၌ပင် နေအိမ်မှ စတင်တိမ်းရှောင်ခဲ့ရသည်။
ထို့နောက် မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ခေတ္တ တိမ်းရှောင်နေထိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအုပ်စုရှိ ကိုင်းပင်အုန်းပေါက်ရွာ၌ ဒေသခံအချို့ကို အကူအညီတောင်းခံကာ ဆက်လက် တိမ်းရှောင်ခဲ့ရသည်။

ယင်းသို့ တိမ်းရှောင်နေစဉ်အတွင်း အမေရိကန်ရောက် စစ်တပ်ထောက်ခံသူ Shwe Thet(သမီးဆိုး) အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်မှ အဆိုတော် ဆက်နိုင် တိမ်းရှောင်နေသည့် တည်နေရာ အတိအကျကို လူမှုကွန်ရက်ပေါ်တွင် တင်ပြခဲ့သည်။
ထိုသို့ တည်နေရာ အတိအကျ ထွက်ပေါ်သွားခဲ့ပြီးနောက် ၎င်းသည် အုန်းပေါက်ရွာမှတစ်ဆင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ထပ်မံတိမ်းရှောင်ခဲ့ရသည်။

သို့သော်လည်း မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီးနောက် ယနေ့(ဩဂုတ် ၂၈ရက်)တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
“သမီးဆိုးက ကိုဆက်နိုင်ရဲ့ နေရာအတိအကျကို တင်ခဲ့လို့ ကိုဆက်နိုင်က မြစ်ကြီးနားဘက်ကို တိမ်းရှောင်သွားတာ၊ သမီးဆိုးနဲ့ လိုင်းပေါ်မှာ မကျေလည်တာတွေရှိခဲ့တော့ သမီးဆိုးက ယုတ်မာပြီး နေရာအတိအကျတင်လိုက်လို့ ထပ်ပြီး တိမ်းရှောင်ရတာ၊ အခုတော့ အဖမ်းခံလိုက်ရတယ်။

သမီးဆိုးကလည်း ကိုဆက်နိုင်ကို ၆၆(ဃ)နဲ့ အမှုဖွင့်ထားသေးတယ်။ စစ်တပ်ကလည်း ကိုဆက်နိုင်ကို အမှုဖွင့်မလားမသိသေးဘူး” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
အမေရိကန်ရောက် စစ်တပ်ထောက်ခံသူ သမီးဆိုး ကဲ့သို့သော လူမှုကွန်ရက် အကောင့်များမှ တိမ်းရှောင်နေသူများ၏ တည်နေရာကို အတိအကျ ဖော်ထုတ်ရေးသားမှုသည် မသင့်လျော်ကြောင်း ထောက်ပြမှုများလည်းရှိသည်။



Leave a Reply