မုန်တိုင်းလက်ကျန်မိုးတွေ ဆက်ကြမ်းဦးမယ်… လကုန်ရက်မှာ အဆိုးဆုံး ကြုံရနိုင်တဲ့ ဒေသတွေ
တုံကင်ပင်လယ်ကွေ့ (တရုတ်အခေါ် ဘိုင်ဘူပင်လယ်ကွေ့) အတွင်း တစ်ပတ်လှည့်လည်ဖြစ်ပေါ်နေခဲ့သည့် အပူပိုင်းမုန်တိုင်း “နာရာ” (NARRA) ဟာ တဖြည်းဖြည်း အားလျော့သွားပြီဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်းသို့ မုန်တိုင်းငယ် (သို့မဟုတ်) လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့်သာ ဝင်ရောက်တော့မည် ဖြစ်သည်။

သို့သော် မုန်တိုင်းအန္တရာယ် တိုက်ရိုက်မကျရောက်သော်လည်း မုန်တိုင်း၏ အကြွင်းအကျန်သက်ရောက်မှုများကိုမူ မြန်မာနိုင်ငံက ခံစားရမည်ဖြစ်သည်။
အထက်လေစီးကြောင်းမှတစ်ဆင့် လွင့်စင်လာသည့် မုန်တိုင်း၏ အကြွင်းအကျန် လေဖိအားနည်းဆဲလ်များနှင့် လေပွေလှိုင်းလေးများသည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာရန် ရှိနေပါသည်။
ထိုသို့ ဝင်ရောက်လာချိန်တွင် ပင်လယ်ပြင်မှ သယ်ဆောင်လာသော အနောက်တောင် မုတ်သုံလေ၏ မိုးတိမ်တိုက်များနှင့် လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံကြမည် ဖြစ်သည်။

ဤသို့ သဘာဝတရား၏ လေစီးကြောင်းနှစ်ခု ဆုံတွေ့မှုကြောင့် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာကာ လေထုဖိအားများပါ ကျဆင်းလာစေမည်ဖြစ်သည်။
ထို့ကြောင့် မိုးရွာသွန်းရန် ခေတ္တရပ်နားနေသော ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လာမည့် လကုန်ရက်များအတွင်း ရာနှုန်းပြည့် မိုးရွာသွန်းနိုင်ခြေ ရှိနေပါသည်။

နေရာအချို့တွင် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ မည်သည့်ရက်များတွင် မည်သည့်ဒေသများ၌ မိုးများနိုင်မည်ဆိုသည့် အသေးစိတ် တွက်ချက်မှုများကို နောက်လာမည့် သတင်းများတွင် ထပ်မံဖော်ပြပေးသွားမည် ဖြစ်ပါသည်။


Leave a Reply