ရေကြည်မြို့နယ် မယင်းကူးကျေးရွာတွင် ရေဘေးသင့်ပြည်သူများ၏ အလှူပစ္စည်းများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အလွဲသုံးစားလုပ် ခိုးယူနေကြောင်း ဒေသခံများ ပြောဆို

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ပြည်သူများ အခက်အခဲကြုံတွေ့နေရချိန်၌ လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး လှအုန်းနှင့် ဆယ်အိမ်မှူး စန်းထွေးတို့က
ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူကာ အလွဲသုံးစားပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် မယင်းကူးကျေးရွာ၌ ရေအနည်းငယ်သာ ကျဆင်းသေးပြီး အိမ်များမှာ ရေပေါ်မပေါ်သေးဘဲ ရေအောက်ရောက်နေဆဲဖြစ်ကာ၊ အနိမ့်ပိုင်းရှိ နေအိမ်များဆိုလျှင် ခေါင်မိုးများပင် မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေဘေးကြောင့် ကျုံတာလမ်းဘေးသို့ ရွှေ့ပြောင်းနေထိုင်ရသည့် အိမ်ခြေ (၃၂) လုံးခန့် ရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။
ထိုသို့ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရချိန်တွင် လာရောက်လှူဒါန်းသည့် အလှူရှင်များ၏ ပစ္စည်းများထဲမှ ကောင်းမွန်သည့်ပစ္စည်းများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရွေးချယ်ယူငင်ကြပြီး ကျန်ရှိသည့် ပစ္စည်းများကိုသာ ပြည်သူများအား ခွဲဝေပေးလျက်ရှိသည်။
ထို့အပြင် ကျုံတာလမ်းဘေးရှိ ရွှေ့ပြောင်းအိမ်ခြေ ၃၂ လုံးအတွက် အလှူရှင်များက တာပေါ်လင်စ (၃၂) စ လာရောက်လှူဒါန်းခဲ့ရာတွင်လည်း အဆိုပါ တာပေါ်လင်စများကို ဝေငှပေးရန်အတွက် ပြည်သူများထံမှ တစ်အိမ်လျှင် ငွေကျပ် ၅,၀၀၀ စီ တောင်းခံခဲ့ကြောင်း ရွာခံများက ဆိုသည်။
အလှူရှင်များက ငွေကြေးထောက်ပံ့လှူဒါန်းပါကလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တစ်အိမ်လျှင် ငွေကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ပြန်လည်ကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် အုပ်ချုပ်ရေးမှူး လှအုန်းမှ ပါကင်မဖောက်ရသေးသည့် ပုဆိုးအထည် (၃၀) ကိုလည်း ခိုးယူထားကြောင်း ဒေသခံများက စွပ်စွဲထားပြီး၊ ဤလုပ်ရပ်များတွင် ဆယ်အိမ်မှူးဖြစ်သူ စန်းထွေးဆိုသည့် အမျိုးသမီးမှာ အဆိုးရွားဆုံး ပါဝင်ပတ်သက်နေကြောင်း သိရသည်။
မယင်းကူးကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်အဖြစ် လှမြင့်ကို ရွေးချယ်ထားပြီးဖြစ်သော်လည်း လက်ရှိအုပ်ချုပ်ရေးမှူး လှအုန်းသည် ရေဘေးကိုအကြောင်းပြချက်ပေးကာ တာဝန်လွှဲပြောင်းပေးခြင်းမရှိဘဲ
ယခုကဲ့သို့ အလှူပစ္စည်းများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြသည်။
ရေဘေးဒဏ်ကြောင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးထားရသည့် မယင်းကူးကျေးရွာမှ ပြည်သူများမှာ ယခုကဲ့သို့ တာဝန်ရှိသူများ၏ အမြတ်ထုတ် အလွဲသုံးစားလုပ်မှုများကြောင့် ပိုမိုကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။












Leave a Reply