စိုင်းစိုင်းခမ်းလှိုင် မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်လို့ မသွားရဲတဲ့ပရိသတ်အချို့ လက်မှတ်တွေစျေးလျှော့ပြန်ရောင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိဘဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်နေလို့ Boycott လုပ်ဖို့ တိုက်တွန်းခံရတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ မန္တလေးရှိုးပွဲကို စက်တင်ဘာ ၆ ရက်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရိ အားကစားကွင်းမှာ ပြုလုပ်ဖို့ စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကြည့်ပြီး တည်းခိုဖို့အတွက် မန္တလာသီရိ အားကစားကွင်းအနီးက ဟိုတယ်တွေပါ Booking တွေ ပြည့်ခဲ့တယ်လို့ ပရိသတ်အချို့က ပြောပါတယ်။

ဒါပေမယ့် ပွဲရောက်ဖို့ တစ်ပတ်ခန့် အလိုမှာတော့ ကျင်းပတဲ့နေရာကို ပြောင်းရွှေ့လိုက်ရကြောင်း စိုင်းစိုင်းခမ်းလှိုင်က အသိပေးခဲ့ပါတယ်။
ထပ်မံပြောင်းရွေ့လိုက်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြား၊ ၅၃ လမ်းမှာရှိတဲ့ The First Mandalay Event Park ဖြစ်ပါတယ်။ ကျင်းပမယ့်နေရာဟာ မြို့အစွန်ကျပြီး ၎င်းနေရာတဝိုက်ဟာ နေ့ခင်းမှာတင် မကြာခဏ လုယက်မှုတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သွားဖို့စီစဥ်ထားသူအချို့ မသွားရဲတော့လို့ ကျပ်ငါးသောင်းတန်လက်မှတ်တွေကို လေးသောင်းခွဲကျပ်နဲ့ စျေးလျှော့ကာ ပြန်ရောင်းနေရကြောင်း မန္တလေးမြို့ခံအချို့က ပြောပါတယ်။

“အဲဘက်တွေက နေ့ခင်းဘက်တောင် လုယက်နေတဲ့နေရာတွေ။ ညဆို ပိုတောင်မသွားသင့်တဲ့နေရာမျ်ိုးတွေ။ ပွဲပြီး ပြန်လာမယ့်သူတွေ အရမ်း အန္တရာယ်များတယ် “လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်မှတ်ဝယ်ယူထားပြီး နေရာပြောင်းရွှေ့လိုက်ရလို့ မလာနိုင်တဲ့သူတွေကို ဒီကနေ့ စက်တင်ဘာ ၃ ရက် နောက်ဆုံးထားပြီး ပွဲစီစဥ်တဲ့ကုမ္ပဏီကို ဆက်သွယ်ကာ ငွေပြန်ထုတ်နိုင်တယ်လို့ ထပ်မံ အသိပေးပါတယ်။
ဒါပေမယ့် ပွဲစီစဥ်တဲ့ လုပ်ငန်းဟာ အကြောင်းပြန်တာ နှောင့်နှေးနေတာကြောင့် မသွားဖြစ်တဲ့သူအချို့ဟာ လက်မှတ်တွေကို ကိုယ့်အစီအစဥ်နဲ့ကို ပြန်လည်ရောင်းချနေရကြောင်း ပရိသတ်အချို့က ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ သွားကြည့်မယ်လို့ ဆိုတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေပြီး ကျင်းပမယ့်နေရာတဝိုက်က ဟိုတယ်တွေ ပြည့်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ယခုလက်ရှိ စစ်မှုထမ်းပေါ်တာဆွဲတာတွေ နေ့ရောညပါ ပြုလုပ်နေပြီး အသွားအလာဆင်ခြင်နေရကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ ပျူစောထီးတွေ လက်နက်ကိုင်ဆောင်သောင်းကျန်းပြီး လုယက်တာတွေပါ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

(ရှိူးပွဲကျင်းပမည့် The First Mandalay Event Park က စတိတ်စင်အား တွေ့ရစဥ်။ ဓာတ်ပုံံ-ဒေသခံ)



Leave a Reply