ရန်ကုန်မြို့က နေရာ ၃ ခုထက်မနည်းမှာ လမ်းပေါ် သစ်ပင်တွေလဲကျမှုဖြစ်
ရန်ကုန်မြို့က လှည်းတန်း၊ ရန်ကင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်တို့မှာ ဒီနေ့ မွန်းလွဲပိုင်းတုန်းက သစ်ပင်တွေ ကားလမ်းပေါ် လဲကျမှုဖြစ်လို့ ကားအချို့ ထိခိုက် ပျက်စီးတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိပါတယ်။
ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံအနီး၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ဒီနေ့ မွန်းလွဲပိုင်းတုန်းက ကားလမ်းပေါ် သစ်ပင်လဲကျမှု ဖြစ်ခဲ့လို့ အိမ်စီးကားတချို့ ထိခိုက်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ ကူညီကယ်ဆယ်ရေးနေသူတွေက ပြောပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာတော့ သစ်ပင်ကြီးတစ်ပင်ဟာ လမ်းပေါ် ကန့်လန့်ဖြတ် လဲကျလို့ အိမ်စီးကား တစ်စီးခေါင်းပေါ် ကန့်လန့်ဖြတ်လဲကျနေခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သစ်ပင်ကို အပိုင်းပိုင်းဖြတ်ပြီး ရှင်းလင်းခဲ့ရပါတယ်။
အဲဒီသစ်ပင် လဲကျမှုကြောင့် တက္ကသိုလ်ရိပ်သာလမ်းမှာ တစ်နာရီကျော်ကြာတဲ့အထိ ယာဉ်လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။
ကြည့်မြင်တိုင်မြို့နယ်မှာပဲ ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ကျော်က စျေးကြီးအနောက်ရပ်ကွက်၊ စျေးကြီးလမ်းထဲမှာ သစ်ပင်လဲကျမှုဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ ယူကလစ်ပင်တစ်ပင်နဲ့ ဗာဒံပင်တစ်ပင်ဟာ အိမ်စီးကား ၂ စီးထက်မနည်းပေါ်ကို လဲကျခဲ့တာကို မီးသတ်ထုတ်ပြန်တဲ့ဓာတ်ပုံမှာ မြင်ရပါတယ်။
ဒီဖြစ်ရပ်ဖြစ်ပြီး မိနစ်ပိုင်းမှာပဲ ရန်ကင်းမြို့နယ်ထဲမှာလည်း သစ်ပင်လဲမှုဖြစ်ခဲ့ပါတယ်။
ရန်ကင်းမြို့နယ်၊ မြောက်မြင်းပြိုင်ကွင်းလမ်းမှာလည်း ဒီနေ့ မွန်းလွဲ ၃ နာရီခန့်မှာ သစ်ပင်လဲကျပြီး လမ်းပိတ်တာကြောင့် ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။
မီးသတ်ထုတ်ပြန်ချက် ဓာတ်ပုံတွေအရ သစ်ပင်ဟာ မီနီဘတ်စ်ကားတစ်စီးရှေ့ကို လဲကျခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အခုနှစ် မိုးရာသီအတွင်း လူသုံးများတဲ့လမ်းတွေပေါ် သစ်ပင်လဲကျမှုတွေမှာ ဒီနေ့ ဖြစ်ရပ်သုံးခုက ပထမဆုံးအကြိမ်ဖြစ်တာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းတုန်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်မှာ ကားလမ်းပေါ် သစ်ပင်လဲကျလို့ အောက်မှာဖြတ်မောင်းတဲ့ကားပေါ် သစ်ပင်ပိပြီး ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။
ရန်ကုန်တွင် မိုးကြီးလေကြီးကျ၍ အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟိုလမ်း၊ မြင်းပြိုင်ကွင်းလမ်း အပါအ၀င် နေရာအနှံ့အပြားတွင် သစ်ပင်ကြီးများ ပြိုလဲပြီး လမ်းများပိတ်ဆို့ကာ ကားလမ်းများ တိုးမရအောင် ကြပ်နေ
ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မိုးကြီးလေပြင်းများ တိုက်ခတ်ခဲ့သဖြင့် ရနက်ုန်မြို့အတွင်းရှိ အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟိုလမ်း၊ မြင်းပြိုင်ကွင်းလမ်း အပါအဝင် နေရာအများအပြားတွင် သစ်ပင်ကြီးများ လဲကျပြီး လမ်းများပိတ်ဆို့ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းပွိုင့်ထိပ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန်တက္ကသိုလ်ဘက်ခြမ်း၌ မိုးသက်လေပြင်းများကြောင့် သစ်ပင်ကြီးတစ်ပင် လဲကျပြီး လမ်းမကြီး ပိတ်ဆို့နေကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျမှုကြောင့် ယာဉ်များ သွားလာ၍မရဘဲ ကားများပိတ်ဆို့ခဲ့ပြီး အိမ်စီးကားတစ်စီးလည်း သစ်ပင်ပိ၍ ထိခိုက်မှုများဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ကားများ ထိခိုက်မှုများပြားကြောင်း သိရှိရသည်။
ကားသမားတစ်ဦးက “တက္ကသိုလ်ရိပ်သာလမ်းမ၊ လှည်းတန်းပွိုင့်ထိပ်၊ ရန်ကုန်တက္ကသိုလ်ဘက်ခြမ်းက အပင်ကြီးတစ်ပင် မိုးသက်လေပြင်းများကျပြီး ၂ နာရီခွဲလောက်မှာ လဲပြိုတာ၊ ကားတွေပိတ်ပြီး လမ်းမကြီးပါ ပိတ်ဆို့နေပါတယ်။ သစ်ပင်ရှင်းပြီး မကြာမီ လမ်းပြန်ပွင့်ပါမယ်” ဟု ပြောသည်။
ထို့အပြင် ရန်ကုန်-ပြည်လမ်း၊ ကန်လမ်းမီးပွိုင့်မှ အေဒီမီးပွိုင့်အထိ မြို့တွင်းဘက်သို့ သွားသည့်လမ်းတစ်လျှောက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က ယာဉ်များ အလွန်ပိတ်ဆို့နေပြီး၊ အေအီမီးပွိုင့်မှ ၈ မိုင် ဂုံးတံတားအနီးအထိလည်း ယာဉ်ကြောပိတ်ဆို့နေကြောင်း သိရသည်။
တာမွေမြို့နယ်၊ မြောက်မြင်းပြိုင်ကွင်းလမ်းတွင်လည်း သစ်ပင်ကြီးတစ်ပင် လဲကျပြီး လမ်းပိတ်ဆို့နေသကဲ့သို့ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းတွင် သစ်ကိုင်းများ ကျိုးကျနေကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့် ဗဟိုလမ်းထောင့်တွင်လည်း သစ်ပင်ကြီးတစ်ပင် လဲကျနေသဖြင့် ယာဉ်များ သွားလာရာတွင် ရှောင်ကွင်းသွားလာရန် လိုအပ်နေကြောင်း ကားသမားများက ပြောဆိုသည်။
လှိုင်မြို့နယ်၊ အင်းလျားကန်ဘောင်အနီးတွင်လည်း သစ်ပင်လဲကျမှုကြောင့် ကားများ ပိုမိုကြပ်နေပြီး တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်လမ်းဘက်သို့ သွားမည့်ယာဉ်များအနေဖြင့် လမ်းပိတ်ဆို့နေသည့်နေရာကို ပြောင်းပြန်ဖြတ်ကျော်ခြင်း မပြုလုပ်ရန် ကားသမားများက သတိပေးနေကြသည်။
လက်ရှိတွင် လဲကျနေသည့် သစ်ပင်များကို ရှင်းလင်းဖယ်ရှားနေပြီး အချို့နေရာများတွင် လမ်းပြန်လည်ဖွင့်နိုင်ပြီဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။























Leave a Reply