စစ်မှုထမ်းရန် အကျုံးဝင်နေသော မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးကို ဩစတြေးလျနိုင်ငံသို့ပို့ဆောင်ထားသော ပန်းချီစိုးမိုးက စစ်မှုထမ်းခြင်းမှာ ကြောက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာဟု ဝါဒဖြန့် ပြောဆို
အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပေဒအရ စစ်မှုထမ်းရန် အကျုံးဝင်နေသော မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးကို ဩစတြေးလျသို့ပို့ဆောင်ထားသော ပန်းချီစိုးမိုးက စစ်မှုထမ်းခြင်းမှာ ကြောက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာဖြစ်သည်ဟု မီဒီယာအင်တာဗျူးများတွင် ဝါဒဖြန့် ပြောဆိုလာသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ စစ်တပ်၏ ဝါဒဖြန့် ဇာတ်ကားဖြစ်သော “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” မိတ်ဆက်ပွဲ အခမ်းအနားတွင် ပန်းချီစိုးမိုးက အထက် ပါအတိုင်း ဝါဒဖြန့် ပြောဆိုလာခြင်းဖြစ်သည်။
နိုင်ငံတကာတွင် နာမည်ကြီး သရုပ်ဆောင် မင်းသားများအထိ စစ်မှုထမ်းကြကြောင်း၊ စစ်မှုထမ်းခြင်းသည် ကြောက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာဖြစ် ကြောင်း စစ်တပ်ဘက်တော်သား ပန်းချီစိုးမိုးက ပြောဆိုသည်။
“စစ်မှုထမ်းရမှာကို ကြောက်တာမဟုတ်ဘူး၊ စစ်မှုထမ်း တာဝန်ကို ကြောက်အောင် လှုံ့ဆော်ကြလို့ ကြောက်တာ။ နားလည်မှု ပေးရမှာပေါ့။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံအတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြသေးဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုတာ။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့ တိုင်းပြည် မရှိဘူး။ အမေရိကမှာလည်း ထမ်းတာပဲ၊ တရုတ်ပြည်မှာလည်း ထမ်းတာပဲ၊ ရုရှားလည်း ထမ်းတာပဲ၊ အိန္ဒိယလည်း ထမ်းတာပဲ၊ ကိုရီးယား မင်းသား မင်းသမီး နာမည်ကြီး မင်းသားတွေလည်း ထမ်းတာပဲ။ ဟိုး အရင်ခေတ်တုန်းကဆိုရင် အဲလ်ဗစ် ပရက်စလီ (Elvis Presley) တို့ နာမည်ကြီးတဲ့ မင်းသားလည်း စစ်မှုထမ်း သွားတာပဲ။ ကိုရီးယားမှာလည်း နာမည်ကြီး မင်းသား၊ မင်းသမီးတွေ စစ်မှုထမ်း သွားတာပဲ။ ဒါ မဆန်းဘူး။ ဒီအပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် လူတစ်ယောက်ရဲ့ ဘဝမှာ မိမိက နိုင်ငံအတွက် တာဝန်တစ်ခု ကျေခဲ့တယ်ဆိုတာ ဂုဏ်ယူလို့ရပါတယ်” ဟု စစ်တပ်ထောက်ခံသူ ပန်းချိစိုးမိုးက ဆိုသည်။
ပန်းချီစိုးမိုးက ထိုသို့ ပြောဆိုနေသော်လည်း သူ၏ မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးကိုမူ ဩစတြေးလျနိုင်ငံရှိ University of Western Australia (အနောက်ဩစတြေးလျတက္ကသိုလ်) သို့ ပို့ဆောင်ကာ စီးပွားရေးခန့်ခွဲမှုဘာသာရပ်ကို သင်ကြားခိုင်းထားပြီး ပြည်ပသို့ ပို့ဆောင်ထားသည်။
ပန်းချီစိုးမိုး၏ မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးသည် စစ်မှုထမ်းအသက်အရွယ်ဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေပြီး စစ်မှုထမ်းခြင်းမရှိဘဲ ပြည်ပတွင် သွားရောက်နေထိုင်နေခြင်းဖြစ်သည်။
ပန်းချီစိုးမိုးသည် နှစ်ပေါင်းများစွာ စစ်တပ်အတွက် ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးကာ စီးပွားရှာနေသူဖြစ်ပြီး သိန်းစိန်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့နှင့် မင်းအောငလှိုင်လက်ထက် ၂၀၂၃ ခုနှစ်တွင် ရုပ်ရှင်တသက်တာဆုများကို ရရှိထားသူဖြစ်သည်။
“သူ့မြေးအထီးနဲ့ မြေးအမ ၂ယောက်လုံးကို နိုင်ငံခြားလွှတ်ထားပြီးတော့ စစ်မှူထမ်းခိုင်းတာ ဂုဏ်ယူစရာဆိုရင် သူ့မြေးတွေ အရင်ထမ်းခိုင်းလေ။ မြေးတွေကို နိုင်ငံခြားလွှတ်ပြီး စစ်မှုထမ်းရတာဂုဏ်ယူတယ်လုပ်နေတယ်။ ပန်းချီစိုးမိုး(ခ) အောင်စိုးရဲ့ သမီးက စစ်အာဏာသိမ်းမှုဖြစ်တော့ ပြည်သူတွေ အနုပညာရှင်တွေ လမ်းပေါ်ထွက် ဆန္ဒပြတာကို နာမည်တွေမှတ်ပြီး စစ်တပ်ကို သတင်းပေး ဖမ်းခိုင်းတယ်။ သူနဲ့မတည့်သူတွေကိုပေါ့။ မိသားစုလိုက်ယုတ်မာတာ”ဟု အနုပညာအသိုင်းအ၀ိုင်းမှ လောကသားတစ်ဦးက ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းနှင့် ပေါင်းကာ စစ်တပ်နှင့်ပတ်သော စီမံကိန်းများ၊ ဗိုလ်ချုပ်ရုပ်ရှင်တို့ကို ရယူပြီး မင်းအောင်လှိုင်မိသားစုထံသို့ အောက်ကျနောက်ကျခံ ဝင်ရောက်ကာ အခွင့်အလမ်းများရရှိရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“မအလနဲ့နီးစပ်တယ်ဆိုပြီး ဝန်ကြီးဌာနပေါင်းစုံ ကို သူ့ပန်းချီကားတွေ ထားရမယ်ဆိုပြီး ရိုက်စားလုပ်တယ်။ သူ့ပန်ချီကား တစ်ကားကို သိန်းရာဂဏန်းကနေ သိန်းထောင်ကဏန်းအထိ တောင်းတာ။ ရိုက်ချက်ပြင်းတာ” ဟု ပန်းချီအသိုင်းအ၀ိုင်းကလည်း မှတ်ချက်ပြုပြောဆိုသည်။



Leave a Reply