ဝါရင့်ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင် အဝေးရောက်နတ်မင်းများ တော်လှန်ပြဇာတ်တွင် ပါဝင်ကပြဖျော်ဖြေ

အမေရိကန်နိုင်ငံ၊ San Francisco Bay Area ၌ ပြုလုပ်သည့် အဝေးရောက် နတ်မင်းများ ဂီတနှင့် သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ တွင် ဝါရင့်ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင် ပါဝင်ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်များအဖွဲ့ (The Distant Café) က ဦးစီး၍ စက်တင်ဘာ ၁၂ ရက် (စနေနေ့) က ကျင်းပခဲ့ခြင်းဖြစ်ပြီး အနုပညာရှင် အစုံအလင်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြသည်။

ပွဲစဉ်အတွင်း သရုပ်ဆောင် အေးအေးခိုင်သည် အဆိုတော် လင်းထက်၏ “ပြည်တော်ဝင်” တေးသီချင်းတွင် မင်းသမီးဝတ်စုံဖြင့် ပါဝင်ကပြခဲ့ရာ ပရိသတ်များက ၎င်းတို့ချစ်ခင်ရသည့် အနုပညာရှင်ကို တော်လှန်ရေးပွဲ၌ ပြန်လည်တွေ့ရှိရသည့်အတွက် ဝမ်းမြောက်စွာ အားပေးခဲ့ကြသည်။
အဝေးရောက် နတ်မင်းများဖျော်ဖြေပွဲတွင် မြန်မာ့ဇာတ်သဘင်လောကမှ ဝါရင့်ဇာတ်မင်းသားကြီး ဦးမိုးမင်းက နတ်ပင့်ဦးကြီး အဖြစ်လည်းကောင်း၊ အဆိုတော် Cobra က ဦးရှင်ကြီးအဖြစ်လည်းကောင်း၊ ကျော်သီဟက K-pop Style ပန်းပဲမောင်တင့်တယ် အဖြစ်လည်းကောင်း၊ အိန်ဂျယ်လမုန်က တရားမျှတခြင်း၏ သင်္ကေတ Lady Justice အဖြစ်လည်းကောင်း အသီးသီး ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် Leo၊ Mark Jason နှင့် Russell တို့၏ Gen Z နတ်သူငယ်များ၊ အဆိုတော် လင်းထက်၏ သံချပ်ဖျော်ဖြေမှု၊ Rapper ရန်ရန်ချန်း (YC) ၏ Hip Hop Performance များ ပါဝင်ခဲ့သည့်အပြင် တူးတူး၊ အေးအေးခိုင် နှင့် ဇယံဓ တို့ကလည်း အထူးဧည့်သည်တော်များအဖြစ် ပါဝင်အားဖြည့်ခဲ့ကြသည်။

အဆိုပါပွဲသည် သီချင်းဆိုဖျော်ဖြေမှုများအပြင် အနုပညာရှင်များ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသည့် ဟာသပြဇာတ်များလည်း ပါဝင်သောကြောင့် လာရောက်ကြည့်ရှုသည့် ပရိသတ်များ အထူးနှစ်ခြိုက်ခဲ့ကြကြောင်း သိရသည်။
ပြည်တော်ဝင်
တေးဆို – လင်းထက် (အဆိုတော်)
အက – အေးအေးခိုင် (ဇာတ်ပို့မင်းသမီး)
ရုပ်သံ-မြေလတ်ဒေါင်းတို့ပွဲကစို့



Leave a Reply