သမ္မတဟောင်း ဦးထင်ကျော်ကို ရုပ်သေးသမ္မတ ဟုဆိုပြီး တော်လှန်ရေးသမားများကို အလှူခံစားသူများဟု သရုပ်ဆောင် မိုးစက် စော်ကားပြောဆို
စစ်ကောင်စီ၏ အတုအယောင် လွှတ်တော်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်အတူ မွေးနေ့ပိုစ့် တင်ခဲ့သည့် သရုပ်ဆောင် မိုးစက်၏ လူမှုကွန်ရက် မှတ်ချက်များတွင် တော်လှန်ရေး အင်အားစုများနှင့် NLD အစိုးရလက်ထက် သမ္မတကြီး ဦးထင်ကျော်တို့အပေါ် စော်ကားပုတ်ခတ် ရေးသားခဲ့မှုများပြုလုပ်ခဲ့သည်။
သရုပ်ဆောင် မိုးစက်သည် စတန့်အပါအဝင် ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်သော်လည်း အနုပညာနယ်ပယ်တွင် အရည်အသွေး (Quality) နိမ့်ကျသည့် ဇာတ်ကားများကိုသာ အဓိက ရိုက်ကူးခဲ့သူ ဖြစ်သည်။
၎င်းသည် မွေးနေ့တွင် “Birthday To Me. Home Stay. Quiet Mind. New Chapter. အတိတ်ကို ကျေးဇူးတင်တယ်၊ လက်ရှိကို တန်ဖိုးထားတယ်၊ အနာဂတ်ကို ယုံကြည်တယ်…” စသည်ဖြင့် ရေးသားကာ စစ်ကောင်စီ လွှတ်တော်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်အတူ စက်တင်ဘာ ၁၅ရက်တွင် လူမှုကွန်ရက်၌ ပိုစ့်တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပိုစ့်အောက်တွင် ပြည်သူတစ်ဦးက “ခေတ်ပျက်ထဲမှာ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေလား သားကြီး” ဟု ဝင်ရောက် မှတ်ချက်ရေးသားခဲ့ရာမှ သရုပ်ဆောင် မိုးစက်က တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို ထိခိုက်စေသည့် စကားလုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။
“ခေတ်ပျက်လို့ ခေါင်းစဉ်တပ်တဲ့ အနဲလား၊ အဘိုင်လားတော့ မသိဘူး။ ကိုယ့်ပညာနဲ့ကိုယ် စီးပွားရှာဖွေနေတော့ အဆင်ပြေပါတယ်။ အလှူခံစားနေရတဲ့ ရပ်ကွက်က ကောင်တွေကိုလည်း သွားမေးကြည့်ပါလား၊ မမေးရဲဘူးလား”ဟု ရေးသားကာ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ထောက်ပံ့သူများကို ရိုင်းစိုင်းစွာ စော်ကားခဲ့သည်။
ထို့ပြင် “၁၀၂၇ စတုန်းက မင်းတို့ သာခဲ့တာပဲ၊ ငါ ကူခဲ့လို့လား” ဟု ဆိုကာ တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေသိမ်းပိုက်နိုင်မှုကို နာဇီ ဟစ်တလာ၏ ဥရောပ သိမ်းပိုက်မှုနှင့် ခိုင်းနှိုင်း၍ စော်ကားပြောဆိုခဲ့သည်။
ယင်းအပြင် NLD အစိုးရလက်ထက် သမ္မတကြီး ဦးထင်ကျော်ကိုလည်း “ရုပ်သေး သမ္မတဟောင်းကြီးတောင် အဲဒီ ထိုင်ခုံမှာ ၂၀၁၆ ကနေ ၂၀၁၈ အထိ မတန်မရာ ဝင်ထိုင်သွားဖူးတာပဲ Bro ရာ” ဟု ဆိုကာ နိုင်ငံတော် သမ္မတကြီး၏ သိက္ခာကိုပါ စော်ကားပြောဆိုခဲ့သည်။
ယင်းအပြင် စစ်ကောင်စီ၏ အတုအယောင် လွှတ်တော်ကိုလည်း “အကြမ်းဖက် အားပေးတွေ မရှိတဲ့ ကမ္ဘာခြမ်း” ဟု သုံးနှုန်းကာ တော်လှန်ရေး လုပ်ဆောင်နေသူများ၏ စိတ်ဓာတ်နှင့် ရပ်တည်ချက်များကို စော်ကားခဲ့သည့်အပြင် တော်လှန်ရေး အဖွဲ့အစည်းများအတွင်း တရားမျှတမှု မရှိကြောင်းလည်း စွပ်စွဲ ပြောဆိုခဲ့သည်။
စစ်အာဏာသိမ်း ကာလအတွင်း ပြည်သူများ ဒုက္ခရောက်နေချိန်တွင် သရုပ်ဆောင် မိုးစက်၏ အဆိုပါ ပြုမူပြောဆိုချက်များသည် စစ်ကောင်စီဘက်မှ အစွန်အဖျား ရပ်တည်ပေးနေခြင်း ဖြစ်ပြီး၊ တော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီ ခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ စော်ကားလိုက်ခြင်းဖြစ်သည်ဟု ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလျက် ရှိသည်။



Leave a Reply