တိုင်းပြည်အတွက် အသက်စွန့်ပြီးစစ်မှုထမ်းရန် တိုက်တွန်းသူ နေအောင် မြေးဖြစ်သူကို နိုင်ငံခြားသို့ စေလွှတ်ရန် ပြင်ဆင်နေ
တိုင်းပြည်အတွက် အသက်စွန့်၍ စစ်မှုထမ်းရန် ပြည်သူလူထုကို တိုက်တွန်းပြောဆိုထားသူ သရုပ်ဆောင် နေအောင်သည် မြေးဖြစ်သူအား အနုပညာအမွေ ဆက်ခံခိုင်းတော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ ပညာသင်ကြားရန် ပို့ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
မြေးဖြစ်သူ အောင်ဘုန်းလှိုင်မှာ အရပ် ၆ ပေကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသဖြင့် စစ်မှုထမ်းနိုင်သည့် အခြေအနေရှိသူ ဖြစ်သည်။
လက်ရှိတွင် International School တစ်ခု၌ ပညာသင်ကြားနေပြီး အနာဂတ်တွင် နိုင်ငံခြား၌ ဆက်လက်ပညာသင်ယူရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့ မြေးဖြစ်သူကို နိုင်ငံခြားသို့ ပို့ရန် စီစဉ်နေသော်လည်း နေအောင်သည် ပြည်သူလူထု၏ သားသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် အပြင်းအထန် ဝေဖန်ခဲ့ဖူးသူ ဖြစ်သည်။
“အခုက စစ်မှုထမ်းတွေနဲ့ဖြစ်ပြီး လူတွေကကြောက်လို့ နိုင်ငံခြားပြေးကြတာ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ ဒီမြေ၊ ဒီရေ၊ ဒီလေကို ရှူပြီးတော့ ဒီတိုင်းပြည်အတွက်မှ ဘာမှအကျိုးမပြုရင် အဲဒီလူ ယောက်ျား၊ မိန်းမက ဘာဖြစ်သွားမလဲ။ ကိုယ့်ဟာကိုယ် စဉ်းစားဖို့ပြောတာ” ဟု ၎င်းက ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရှိသူ မဟုတ်ပါက အနုပညာရှင်၊ အတတ်ပညာရှင်နှင့် နာမည်ကျော်ကြားသူများ၏ သားသမီးများကိုပါ စစ်မှုထမ်း ခေါ်ဆိုသွားမည်ဟု အကြမ်းဖက်စစ်တပ်၏ အတုအယောင် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အကြမ်းဖက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်မျိုးသန့်က ပြောကြားခဲ့သည်။
အတုအယောင် လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်၏ အနုပညာရှင်များနှင့် နာမည်ကျော်များ၏ သားသမီးများကို စစ်မှုထမ်းခေါ်ဆိုရန် ရှိ၊ မရှိ မေးမြန်းချက်အပေါ် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ချုပ် အောင်မျိုးသန့်က “ကျနော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူ မဟုတ်ရင် မည်သူ့ကိုမဆို ဥပဒေအရ စစ်မှုထမ်း ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း၌ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးကာ သင်တန်းကျောင်းများသို့ ပို့ဆောင်လျက်ရှိသလို၊ အုပ်ချုပ်ရေးမှူးများကလည်း လစဉ် လူစုဆောင်းပေးရခြင်း၊ လူအစားထိုးရန် စစ်မှုထမ်းကြေး ကောက်ခံ၍ လူဝယ်ခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းများ ကျူးလွန်လျက်ရှိသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အများစုမှာ ငွေကြေးချို့တဲ့သည့် အခြေခံလူတန်းစားများ ဖြစ်ပြီး ငွေကြေး သိန်းရာချီဖြင့် ပြန်မရွေးနိုင်ပါက သင်တန်းကျောင်းများသို့ ပို့ဆောင်ခံနေရကြောင်း ကာယကံရှင်များထံမှ သိရသည်။
ယင်းသို့ အဓမ္မ လူသစ်စုဆောင်းမှုများ ရှိနေသော်လည်း စစ်ဘက်အရာရှိကြီးများ၏ သားသမီးများ၊ အသက်အရွယ် ပြည့်မီသည့် အနုပညာရှင်များနှင့် အနုပညာရှင် သားသမီးများမှာ စစ်မှုထမ်းစာရင်းတွင် ပါဝင်လာခြင်း မရှိသေးပေ။



Leave a Reply