အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်နှင့် ၎င်းတို့သားသမီးများကို စစ်မှုထမ်းဆင့်ခေါ်မည်ဟု ဦးမင်းအောင်လှိုင်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးသတိပေး
လတ်တလောတွင်စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရနေသည့် အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများကို အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်မည်ဟု ယမန်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဒုဝန်ကြီးက သတိပေးလိုက်သည်။
ထိပ်တန်းစစ်ဗိုလ်ချုပ်များ၏ သားများပင်လျှင်စစ်မှုထမ်းဆင့်ခေါ်ခံနေရချိန်တွင် ကင်းလွတ်ခွင့်ရနေသည့် သူများအကြောင်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ကိုယ်စားပြု ကြံ့ခိုင်ရေးအမတ် ဦးဥာဏ်ဝင်းထိုက်က မေးခွန်းထုတ်ချိန်တွင် အရပ်သားအရေခြုံစစ်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများသည် စစ်မှုထမ်းဥပဒေပါ ကင်းလွတ်ခွင့်နှင့် မကိုက်ညီပါက ‘အလှည့်ကျတာဝန်ထမ်းဆောင်ရမယ်’ ဟု ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်ကဆိုသည်။
စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်တွင်အတည်ပြုခဲ့သည်။ ထိုဥပဒေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ စစ်သင်တန်း ၂၈ ကြိမ်ဖွင့်ခဲ့သည်။ စစ်တပ်သည်သင်တန်းအပတ်စဉ်တခုတွင် စစ်သားသစ် ၅၀၀၀ စုဆောင်းမည်ဟု ကြေညာထားရာ အရပ်သား တစ်သိန်းလေးသောင်း တပ်သားသစ်ဖြစ်သွားသည်ဟု နားလည်ရသည်။
စစ်တပ်စုဆောင်းခဲ့သည့် တပ်သားသစ်များသည် သာမန်အရပ်သားများဖြစ်ကြပြီး တပ်သားသစ်စုဆောင်းရန် ခက်ခဲလာချိန်တွင် ယခင်ကကင်းလွတ်ခွင့်ပြုခဲ့သည့် အနုပညာရှင်၊အတတ်ပညာရှင်၊လုပ်ငန်းရှင်နှင့် ၎င်းတို့သားသမီးများဘက် မြားဦးလှည့်လာခြင်းဖြစ်သည်။
စစ်တပ်က အဓမ္မကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်သည်။
Photo: ၂၀၂၅ ခုနှစ် အကယ်ဒမီပေးပွဲအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ခဲ့စဉ်။(ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)



Leave a Reply