မန္တလေးတိုင်း၊ မြစ်သားမြို့တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးရာ စစ်ကောင်စီက သေနတ်ဖြင့် အသေပစ်ခတ်လိုက်သည်။

မြစ်သား – ကူမဲလမ်းမှ မြစ်သားမြို့သို့အဝင် လက်ညိုးထိုးကျေးရွာတွင် မတ်လ ၁၄ရက်နေ့လယ် ၁၂နာရီခန့်က အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ကလေးက ကားပေါ်က ခုန်ဆင်းပြေးတာ။ သေနတ်နဲ့ ခေါင်းကို တည်ပစ်တာ။ ခေါင်းပွင့်ထွက်သွားတယ်။ အရမ်းကို ကြောက်စရာကောင်းတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကားသည် မြစ်သားမြို့နယ် တောင်းတွင်းရွာ၊ ရစ်ကန်ရွာ ၊ ရိုးကန်ရွာ ၊ ညောင်းဝန်းရွာတို့မှ စစ်မှုထမ်းမဲပေါက်သည့်လူငယ်များအာယ စစ်သင်တန်းပို့ရန် ခေါ်ဆောင်လာသည့်ကားဟု သတင်းရရှိသည်။

ပစ်ခတ်ခံရသည့် လူငယ်သည် ဖလန်ဖျင် အကျီအနီကွက်ဝတ်ထားပြီး အသက် ၂၀ခန့်သာရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီက ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိပြီး အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီနှင့် ဌာနဆိုင်ရာများသည် မြစ်သားမြို့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များအား ပယ်မဲမရှိသော မဲနှိုက်ခိုင်းပြီး စစ်သားအဖြစ် စုဆောင်းနေသည်။

” ရပ်ကွက်တွေထဲက အမျိုးသားတွေကို ဆင့်ခေါ်တယ်။ ပယ်မဲမရှိဘူး။ ၁ကနေ ၁၀ အထိ အသုတ်လိုက်သတ်မှတ်ပြီး မဲနှိုက်ခိုင်းတယ်။ ၁ သမားတွေက အရင်လိုက်ရတယ်။ အခုဆို ၄ သမားအထိ ခေါ်နေပြီ။ မိဘတွေဆိုတာ မျက်ရည်နဲ့မျက်ခွက်ပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က လက်ညိုးထိုးကျေးရွာတွင် ပစ်သတ်ခဲ့သည့် လူငယ်အား PDF ဖြစ်၍ ပစ်ခတ်လိုက်ခြင်းဟု မြစ်သားမြို့နယ်ရဲတပ်ဖွဲ့က သတင်းလွှင့်ထားကြောင်း ဒေသခံချို့က ပြောသည်။

(ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပုံအဟောင်း။ ဓာတ်ပုံ – Getty Image)


Leave a Reply

Your email address will not be published. Required fields are marked *