စစ်ကောင်စီနှင့်ရုရှားတို့ ပူးပေါင်းအကောင်အထည်ဖော်ရန်သဘောတူထားသည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းအား လုံးဝ အကောင်အထည်ဖော်ခွင့် ပြုသွားမည်မဟုတ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့က ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov နှင့် စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ နေပြည် တော်၌ တွေ့ဆုံစဉ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ နှင့် အခြားသော ညစ်ညမ်းစက်ရုံများစွာပါဝင်ပြီး စက်မှုဇုန်စီမံကိန်းများ၊ ရေကာတာ၊ မြန်မာ-ထိုင်းနယ်စပ် သို့ ဆက်သွယ်ထားသော အဝေးပြေးကားလမ်းနှင့် မီးရထားလမ်းတို့ပါရှိသော ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ် ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။
စစ်ကောင်စီနှင့်ရုရှားတို့ အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို နယ်မြေခံ တော်လှန်ရေးအင်အားစုများက မည်သို့မျှ လက်မခံကြောင်း ပြောသည်။

“ အခုလက်ရှိအခြေနေက တနိုင်ငံလုံးစစ်မီးတောက်ပြီး လေယာဉ်နဲ့ တချိန်လုံး ဗုံးကြဲတိုက်ခိုက်နေတယ်၊ နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်ဗျ။ အဲဒီလိုအချိန်မျိုးမှာ ကျနော်အပါအ၀င် ဘယ်လိုမှ လူထုက လက်ခံစရာမရှိဘူး။ နောက်ပြီး ရုရှားနဲ့ စစ်ကောင်စီပေါင်းလုပ်တာဖြစ်တယ်ဆိုတော့ ဒီရေနက်ဆိပ်ကမ်း စီမံကိန်းကို ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး။ ပြည်သူကလက်မခံသလို စစ်ကောင်စီက ရုရှားကို ခေါ်ပြီးထိုးအပ်တဲ့ကိစ္စဖြစ်တော့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း လက်ခံမှာမဟုတ်ဘူး၊ တနိုင်ငံလုံးက အာဏာရှင်စစ်ကောင်စီကို အမြစ်ပြတ်အောင်တိုက်ခိုက်နေတဲ့အချိန်ဖြစ်တယ်။ ပြည်သူက လက်မခံရင် ရုရှားမကလို့ မိုးနတ်မင်းဆင်းလုပ်လည်း မအောင်မြင်နိုင်ဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံးမြို့နယ် (LLPDF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မဇ္ဈိမကို ပြောသည်။
“ပြီးခဲ့တဲ့ရက်တုန်းကတော့ ထားဝယ်မှာအစည်းအဝေးတွေလုပ်တယ်တဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့။ ကျနော်တို့ကတော့ မရ ရအောင် နည်းမျိုးစုံနဲ့ တားရမှာပဲ၊ ပြည်သူတွေအတွက် အကျိုးမရှိတဲ့စီမံကိန်းဖြစ် တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီလုပ်မှာဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ထားဝယ်တော်လှန်ရေးသတင်းရင်းမြစ်တရပ်ကလည်း ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြုလုပ်မည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နယ်မြေသတ်မှတ်ချက်များအရ တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်းပါဝင်နေပြီး အဆိုပါ စီမံကိန်းအား ရုရှားလက်ထိုးအပ်ခြင်းသည် မြန်မာနိုင်ငံမြေပုံအား ထိုးအပ်လိုက်ခြင်းဖြစ်နိုင်ချေရှိသည်ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
“ကျနော်တို့ရဲ့ ဒီနိုင်ငံမြေပုံကိုလည်းပဲ ရုရှားလက်ထဲကိုပေးအပ်သွားမလားဆိုတဲ့ တမျိုးတဖုံ အပေးအယူ သဘောအနေနဲ့ သူတို့(စစ်ကောင်စီ)လိုချင်တဲ့အရာကို ရုရှားကပေးတယ်ဆိုရင် သူတို့က နယ်မြေတခုကို မြေပုံပြောင်းသွားနိုင်တဲ့အထိ လုပ်ဆောင်နိုင်မလားဆိုတာ သံသယရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ က အာဏာရရှိရေးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ၊ မြေပုံပြောင်းလဲရပြောင်းလဲရ ပြောင်းလဲသွားနိုင်တဲ့ သူတို့ရဲ့ စိတ်နေသဘောထား၊ နိုင်ငံကို တန်ဖိုးထားတဲ့ စိတ်နေသဘောထားကိုလည်း သံသယရှိလို့ ဒီလို မျိုးစိုးရိမ်ရခြင်းဖြစ်ပါတယ်” ဟု ပဒိုကလယ်စေးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီသည် မြန်မာပြည်သူများအားကိုယ်စားပြုသည့် တရားဝင်အစိုးရမဟုတ်သောကြောင့် စစ်ကောင်စီနှင့်ချုပ်ဆို သည့် မည်သို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ရုရှား၏ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်တွင် နှစ်နိုင်ငံလုံးအတွက်အကျိုးမရှိနိုင်ကြောင်း လွတ်လပ်တဲ့ အာရှအသံ(RFA)ကို မတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
NUG ကလည်း မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ရရှားအစိုးရထံ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်၍စာပေးပို့ထားကြောင်း RFA ၏ သတင်းတရပ်က ဆိုသည်။
တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစု ၁၁ ဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ပြည်သူလူထုအပေါ် အတင်းအကျပ်နေရပ်ရွှေ့ပြောင်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများသာ ဖြစ်ပွားစေနိုင်သည့် ဖွံဖြိုးရေးအမည်ခံစီမံကိန်းကို လုံးဝလက်မခံကြောင်း၊ ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးကို ထားဝယ်သူ/သားများကိုယ်တိုင်ဆုံးဖြတ်မည်ဖြစ်ပြီး ဒေသခံများကတင်မြှောက်ထားသည့် အစိုးရသာလျှင် ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း မတ်လ ၁၀ ရက်နေ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားသည်။

“ဒီစီမံကိန်းသာ ထားဝယ်မြေပေါ်ပြန်ပြီးအခြေချလာခဲ့မယ်၊ ပြန်လည်စတင်လာခဲ့မယ်ဆိုရင်တော့ ဒေသခံ တွေအနေနဲ့ကတော့ လုံးဝလက်မခံဘူး၊ မလိုအပ်ဘူးလို့ ဆန္ဒရှိတယ်၊ ကျမတို့က ဒီစီမံကိန်းအကောင် အထည်မဖော်နိုင်အောင် နည်းမျိုးစုံနဲ့ ကန့်ကွက်သွားမှာပါ” ဟု MAGGA Initiative ဒါရိုက်တာ မယ်ဆုက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား ၂၀၀၈ ခုနှစ် နအဖအစိုးရလက်ထက်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးအကောင် အထည်ဖော် ခဲ့ပြီး မြန်မာ-ထိုင်း-ဂျပန် ပူးတွဲအကောင်အထည်ဖော်မည့်စီမံကိန်းဖြစ်လာခဲ့ကာ ဌာနေပြည်သူများအပေါ် အဓမ္မမြေယာသိမ်းဆည်းမှုနှင့် ဒေသခံ ဌာနေတိုင်းရင်းသားများအား အတင်းအကျပ် နေရပ်စွန့်ခွာစေရန် ဖိအားပေးမှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှုများဖြင့် ရပ်ဆိုင်းသွားခဲ့ ရသည့်စီမံကိန်းဖြစ်သည်ဟု တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစု ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံအညွှန်း – မတ်လ ၅ ရက်နေ့က မော်စကိုမြို့တွင်ကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌တွေ့ရသော စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမြေပုံ


Leave a Reply