မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က ရွှေစာရံလမ်းပိုင်းမှာ အိမ်စီးကား တစ်စီး မှောက်ပြီး လူ ၆ ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
“အများစုကတော့ ဦးခေါင်း ဒဏ်ရာပြင်းထန်ရပြီး ဆုံးသွားတာ” လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

လူငယ် ၂ ဦးနဲ့ လူကြီး ၁ ဦးကတော့ နေရာမှာတင်ဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုပြီး “သေဆုံးတဲ့ ၆ ဦးထဲမှာ ၃ ဦးက လူငယ်တွေဖြစ်တယ်” လို့ ထပ်ပြောပါတယ်။
“နောက်ထပ် ၃ ဦးကတော့ဆေးရုံရောက်ပြီးမှ ဆုံးတာ၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”လို့ သူက ရှင်းပြပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားဟာ ပြင်ဦးလွင်မြို့ကနေ ထွက်လာတဲ့ကားဖြစ်ပြီး မနေ့ မတ် ၁၅ ရက်မှာ ရွှေစာရံဘုရားပွဲကအပြန်မှာ အရှိန်လွန်မောင်းပြီး ကွေ့တာကြောင့် ကားက မှောက်ပြီး မြောင်းဘေးကို ထိုးကျခဲ့တာလို့ သူက ဆက်ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ကားအမျိုးအစားက ဒက်ဗယ်ကပ် 4WD ပစ်ကပ်အမျိုးအစားဖြစ်ပါတယ်။

ကားပေါ်မှာ ပြင်ဦးလွင်မြို့က မိုးကြိုးရွာဒေသခံ ၁၃ ဦးလိုက်ပါလာပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအဖွဲ့က ပြင်ဉီးလွင်မြို့ကို ပြန်သယ်လာပေးနေပြီလို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြန်သယ်လာတဲ့လမ်းမှာပဲရှိသေးတယ်။ ပြင်ဦးလွင်မရောက်သေးဘူး” လို့ သူကဆိုပါတယ်။
ရွှေစာရံဘုရားပွဲကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသွားတွေနဲ့ နှစ်တိုင်း မတ်လ တပေါင်းလပြည့်နေမှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပလေ့ရှိပါတယ်။


Leave a Reply