အခကြေးငွေရယူ အစားထိုး စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်ထဲလိုက်ပါသွားသူ တပ်သားသစ် ကိုဇင်ဘိုဘို တိုက်ပွဲတွင် သေဆုံး

ကန်ကြီးထောင့်မှ အခကြေးငွေရယူ အစားထိုး စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်ထဲလိုက်ပါသွားသူ တပ်သားသစ် ကိုဇင်ဘိုဘို တိုက်ပွဲတွင် သေဆုံး၊ စစ်တပ်က လျှော်ကြေးနှင့်ခံစားခွင့် မပေး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း ကိုဇင်ဘိုဘို ရှေ့တန်း တိုက်ပွဲတွင် သေဆုံးခဲ့ပြီး လေဖြတ်နေသည့် ဖခင်ဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ် ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် ကိုဇင်ဘိုဘို သေဆုံးခြင်းဖြစ်ကြောင်း၊ ကိုဇင်ဘိုဘိုသည် ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းဆိပ်အုပ်စုမှ ဖြစ်ပြီး စစ်မှုထမ်းအစားထိုး တပ်သားသစ်အဖြစ် အခကြေးငွေ ရယူ၍ စစ်တပ်ထဲသို့ လိုက်ပါခဲ့သည့် လူငယ်တစ်ဦးဖြစ်ကြောင်း ၊ သေဆုံးမှုသတင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မိသားစုဝင်များထံသို့ လာရောက် အသိပေးပြောဆိုကြောင်း သိရသည်။

သေဆုံးသွားသော ကိုဇင်ဘိုဘိုတွင် မိခင် မရှိတော့ဘဲ လေဖြတ်နေသည့် ဖခင်သာ ကျန်ရစ်ခဲ့ပြီး သားဖြစ်သူ သတင်းကြောင့် စိတ်ထိခိုက် ဝမ်းနည်းနေကြောင်း၊ စစ်မှုထမ်း တပ်သားသစ် ကိုဇင်ဘိုဘို သေဆုံးမှုအတွက် စစ်တပ်က လျှော်ကြေးနှင့်ခံစားခွင့် တစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိကြောင်း သိရှိရသည်။

“စစ်မှုထမ်း အပတ်စဉ် ၆ က ငွေကြေးနဲ့ ရယူပြီး စစ်မှုထမ်း အစားထိုးလိုက်ပါသွားတဲ့ ကိုဇင်ဘိုဘို ရှမ်းပြည် ရှေ့တန်း စစ်မျက်နှာပြင်မှာ သေဆုံးသွားတယ်လို့ စစ်ခွေးတွေက မိသားစုဝင်တွေကို လာရောက်ပြောဆိုသွားတယ်လို့ သိရတယ်။ ကိုဇင်ဘိုဘိုရဲ့ မိခင်ဖြစ်သူကတော့ သေဆုံးသွားတာ တစ်နှစ်ခန့်ရှိပြီလို့ သိရတယ်။ ဖခင်ဖြစ်သူကတော့ လေဖြတ်နေတယ်။ သာဖြစ်သူ သတင်းကြောင့် စိတ်ထိခိုက်နေတယ်လို့ သိရတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရေတွင်းဆိပ်အုပ်စု အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကလည်း သရက်တောရွာ၊ အုန်းတောရွာ၊ ကျုံလာချောင်းဖျားရွာနှင့် ၊ တံခွန်တိုင်ရွာ ဘက်ခြမ်းတို့မှ စစ်မှုထမ်းရန် အတွက် လူငယ် ၁၃ ဦးပေးရမည်ဟုဆိုကာ အတင်းအဓမ္မ တောင်းခံနေခြင်းကြောင့် လူငယ် အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *