စစ်ကောင်စီ၏ အတင်းအဓမ္မ အင်အားစုဆောင်းခံရမှု၊ ပေါ်တာဆွဲခံရမှုများကြောင့် မိမိသဘော ဆန္ဒမပါဘဲ စစ်မှုထမ်းသင်တန်းတက်ရောက်ရကာ ရှေ့တန်းစစ်မြေပြင်သို့ရောက်ရှိလာသည့် တပ်သား ၂၃ ဦးသည် ယခု မတ်လပထမလဝက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ အလင်းဝင်ရောက်လာကြကြောင်း သက်ဆိုင်ရာ PDF တပ်များထံမှ သိရသည်။
မတ်လ ၁၆ ရက်တွင် ညောင်ကျိုးစစ်ကောင်စီစခန်းမှတပ်သားတစ်ဦး ၎င်းတို့ထံအလင်းဝင်လာကြောင်း အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုဒေဝက ပြောသည်။
မတ်လ ၁၅ ရက်တွင် အင်းမ မြို့အခြေစိုက် တပ်မ (၆၆) မှ တပ်သားနှစ်ဦးသည် ပဲခူးတိုင်း PDF နတ်စစ်သည်တပ်ဖွဲ့ထံလည်းကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် ခလရ(၂၅၃)မှ တပ်သားနှစ်ဦးသည် တံတားဦးပကဖထံလည်းကောင်း အသီးသီး ချိတ်ဆက် အလင်းဝင်ရောက်လာကြခြင်းဖြစ်သည်။

“ပေါ်တာဆွဲခံရပြီး သင်တန်းနှစ်ခါတက်ရတယ် ပြောပါတယ်။ အခု အလင်းဝင်လာတဲ့တိုက်ပွဲက ပထမဆုံးတိုက်ပွဲပါတဲ့။ ပေါ်တာဆွဲခံရပြီး ရှစ်လကျော်အကြာမှာ ရှေ့တန်းပို့ခံရတာပါတဲ့”ဟု တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာသည့် တပ်သားနှစ်ဦးအကြောင်းကို ပကဖတာဝန်ရှိသူမှ ပြောသည်။
ထို့အတူ တနင်္သာရီမြို့နယ်မှ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးသည် တနင်္သာရီ ပကဖထံ၊ မွန်ပြည်နယ်၊ ရေးမြို့ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)မှ စစ်မှုထမ်းတပ်သားငါးဦးသည် ရေးဘီလူး တပ်ဖွဲ့ထံ၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခလရ (၂၅၈) မှ တပ်သားတဦးသည် ရေစကြိုပကဖထံ၊ တပ်မ(၁၀၁)မှ တပ်သားတဦးသည် မြိုင် ပကဖထံ၊ ခလရ(၂၅၃)နှင့် ခလရ(၁၁၃)မှ တပ်သားလေးဦး၊ ခလရ(၂၃၅) မှ တပ်သားငါးဦးတို့သည် နွားထိုးကြီး PDF ထံ စသဖြင့် အသီးသီးချိတ်ဆက်အလင်းဝင်လာခဲ့ ကြခြင်းဖြစ်သည်။
အလင်းဝင်လာသည့်တပ်သားများတွင် စစ်ကောင်စီမှ ပေါ်တာဆွဲခဲ့သည့် အလုပ်သွား၊ အလုပ်ပြန် အလုပ် သမားများ၊ စစ်ကိုင်းတံတား၌သွားလာရင်း ဖမ်းဆီးခံရသူများလည်းပါဝင်ပြီး စစ်မှုထမ်းအပတ်စဥ်(၁)မှ(၇) ကြား သင်တန်းဆင်းများဖြစ်ကြောင်း သိရသည်။
“ပြည်သူကိုမျက်နှာမူပြီး အတတ်နိုင်ဆုံး ရုန်းထွက်ခဲ့ကြပါ။ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့ရင်ခွင်က အမြဲကြိုဆိုလျက်ရှိပါတယ်” ဟု တံတားဦးမြို့နယ် ပကဖ တာဝန်ရှိသူကပြောသည်။
ထို့အတူ ယခုကဲ့သို့ ပေါ်တာဆွဲ၍ အဓမ္မခေါ်ဆောင်ခံရပြီးနောက် စစ်မှုထမ်းသင်တန်း တက်ရောက်ကြရသူ များ၊ ရှေ့တန်းသို့ပို့ဆောင်ခံရသူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ချိတ်ဆက်၍ အလင်းဝင် ရောက်လိုပါက ချိတ်ဆက်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့အင်အားစုများက ပြောဆိုသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း ခဲ့ပြီး ယခုမတ်လတွင် သင်တန်းအပတ်စဥ်(၁၁)သို့ ရောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ်(၁)မှ(၁၀)အတွင်း အရပ်သားပြည်သူ လူငယ် ၁၂,၆၅၅ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ဖေဖော်ဝါရီလအတွင်းက အစီရင်ခံစာထုတ်ပြန်ထားသည်။ နေ့ခင်းအချိန် ဖမ်းဆီးခံရသူ ၁၁,၄၉၇ ဦးရှိခဲ့ပြီး ညအချိန်၌ ဖမ်းဆီးခံရသူ ၁,၁၅၈ ဦးရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာကဖော်ပြသည်။


Leave a Reply