အမေရိကန်နိုင်ငံအခြေစိုက် အမေရိကန်အသံ (Voice of America- VOA)သတင်းဌာနနှင့် လွတ်လပ်သည့်အာရှအသံ (Radio Free Asia-RFA)သတင်းဌာနတို့သည် အပြီးတိုင်ပိတ်သိမ်းရတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

အဆိုပါသတင်းဌာနနှစ်ခုသည် အမေရိကန်ပြည်ထောင်စုတွင် သတင်းဌာနကြီးများကို ကြီးကြပ်ရသည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (US Agency of Global Affairs Media-USAGM)၏ လက်အောက်ခံသတင်းဌာနများဖြစ်ကြသည်။

USAGM အေဂျင်စီနှင့် အခြား အစိုးရအေဂျင်စီ ခြောက်ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို အနည်းဆုံးလူအင်အား၊ အနည်းဆုံးအလုပ်ပမာဏအထိ လုပ်ငန်းများအားလုံးလျှော့ချရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၄ ရက်တွင် အမိန့်ညွှန်ကြားချက်တစ်ခုကို လက်မှတ်ထိုး လိုက်သည်ဟု သိရသည်။

ယင်းသို့ အမိန့်ပေးညွှန်ကြားပြီး နာရီပိုင်းအကြာတွင် VOA သတင်းဌာန (မြန်မာပိုင်း)၏ လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်တို့ပေါ်တွင် သတင်းများ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တို့ကို ပရိသတ်များ မမြင်တွေ့ခဲ့ရဟု သိရသည်။

ရခိုင်မှ VOA သတင်းကို အမြဲတမ်းနားဆင်သူ သောတရှင်တစ်ဦးက “VOA ကို ရေဒီယိုကနေ ဖမ်းပြီး နားထောင်လို့ မရတော့ဘူး။ အပိတ်ခံလိုက်ရပြီလို့လည်း ပြောသံကြားတယ်”ဟု မတ်လ ၁၆ ရက်တွင် ပြောသည်။

VOA ညွှန်ကြားရေးမှူးချုပ် မိုက်ခ် အေဘရာမိုဝစ်ဇ်ကလည်း ”နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံလိုက်ရပြီ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က ညွှန်ကြားလိုက်ပြီးနောက် VOA သတင်းဌာနမှ သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃ဝဝ ခန့်သည်လည်း မတ်လ ၁၅ ရက်မှစတင်ကာ လစာဖြင့် ခွင့်ပေးခံလိုက်ရသည်။

VOA မြန်မာပိုင်းဌာနကလည်း ”ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည် ထုတ်လွှင့်သွားပါမယ်”ဟု မတ်လ ၁၆ ရက်တွင် VOA ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက်သတင်းဌာနများအတွက် နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေများကို မတ်လ ၁၅ ရက်၊ စနေနေ့ နံနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ပြီဟု အကြောင်းကြားစာရရှိကြောင်းကိုလည်း RFA မြန်မာပိုင်းဌာနက မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုအကြောင်းကြားစာထဲတွင် RFA သတင်းဌာနကို အမေရိကန်အစိုးရကထောက်ပံ့နေသည့်ငွေကြေးများကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည့်အတွက် RFA အနေဖြင့် “လက်ကျန်ငွေများကို အချိန်မဆိုင်းဘဲ အစိုးရကို ပြန်လည်ပေးအပ်ရမည်”ဟု ပါရှိကြောင်း သိရသည်။

ယင်းအပြင် ကျေနပ်မှုမရှိပါက ရက် ၃ဝ အတွင်း အယူခံတင်ပြနိုင်သည်ဟုလည်း ဖော်ပြပါရှိသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး RFA ဥက္ကဋ္ဌက “ဒီနေ့ အကြောင်းကြားစာဟာ အမှန်တရားကိုသိရဖို့အတွက် RFA သတင်းတွေကို အပတ်စဉ် စောင့်ကြည့်ဖတ်ရှုနေကြတဲ့ လူသန်းပေါင်း ၆၀ နီးပါးကို ဥပေက္ခာပြုပြီး သတင်းမှန်တွေရရှိဖို့ အခွင့်အရေး ဆုံးရှုံးသွားစေသလို တဖက်မှာလည်း ဒီလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေကိုလည်း အကျိုးအမြတ်တွေ ရသွားစေမှာဖြစ်ပါတယ်”ဟု RFA ၏ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။

သတင်းလုပ်ငန်းများကို မည်သည့်အချိန်တွင် မည်ကဲ့သို့ ရပ်ဆိုင်းရမည်ဆိုသည်ကို လောလောဆယ် ရှင်းလင်းလင်းလင်း မသိရသေးဟုလည်း RFA က ဆိုထားသည်။

ယခုကဲ့သို့ VOA နှင့် RFA တို့ပိတ်သိမ်းရတော့မည့်အခြေအနေနှင့်ပတ်သက်ပြီး ထိုင်းအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM)၏အတွင်းရေးမှူး ဆရာဦးတိုးဇော်လတ်က “အရင်ဆုံး ထိခိုက်နစ်နာတာကတော့ မြန်မာပြည်သူတွေပေါ့နော်။ အဓိက ဒီဌာနနှစ်ခုကိုမှ၊ တချို့ ပရိသတ်တွေက ဒီဌာနနှစ်ခုကလာတဲ့သတင်းမှ စောင့်နားထောင်တဲ့လူတွေရှိပါတယ်။ အဲလိုမျိုးလူတွေရဲ့ သတင်းရပိုင်ခွင့်ကတော့ ပထမဦးဆုံး ထိခိုက်သွားတာပေါ့။ နောက်ထပ် စိုးရိမ်တာကတော့ ဒီဌာနမှာ အလုပ်လုပ်နေတဲ့သူတွေဟာ များသောအားဖြင့်တော့ အာဏာရှင်နိုင်ငံတွေမှာ၊ လွတ်လပ်တဲ့သတင်းဌာနမရှိတဲ့နေရာတွေကိုရည်ရွယ်ပြီးတော့ ကျနော်တို့ ဘာသာစကားဝန်ဆောင်မှုပေါ့ဗျာ။ ဥပမာ မြန်မာဆိုလည်း မြန်မာအစီအစဉ်ပေါ့။ တခြား ဘာသာစကား ၄ဝ ကျော်ရှိတယ်။ အဲလိုလူတွေရဲ့ သတင်းရပိုင်ခွင့်တွေ ဆုံးရှုံးသွားတဲ့အပေါ်မှာတော့ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်သွားပါတယ်ဗျ”ဟု သုံးသပ်ပြောကြားသည်။

VOA သတင်းဌာနသည် ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီများ၏ဝါဒဖြန့်မှုကို တုံ့ပြန်ရန်နှင့် ဝါဒဖြန့်မီဒီယာများကို တိုက်ထုတ်ရန် ထူထောင်ခဲ့သည့်သတင်းဌာနဖြစ်သည်။

လက်ရှိတွင် VOA သည် မြန်မာအပါအဝင် ကမ္ဘာတဝန်းသို့ ဘာသာစကား ၄၉ မျိုးဖြင့် ထုတ်လွှင့်နေပြီး ပရိသတ်စုစုပေါင်း ၁၉ သန်းခန့်ရှိသည်ဟု သိရသည်။

အလားတူ RFA သတင်းဌာနသည်လည်း ၁၉၉၆ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ဥပဒေပြဋ္ဌာန်းမှုဖြင့် ပေါ်ပေါက်လာသော သတင်းဌာနဖြစ်သည်။

လက်ရှိတွင် RFA သည် မြန်မာအပါအဝင် အာရှဘာသာစကားကိုးမျိုးဖြင့် ထုတ်လွှင့်နေပြီး ပရိသတ် ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။

အဆိုပါသတင်းဌာနနှစ်ခုသည် သတင်းများကို စာသတင်းအပါအဝင် ရေဒီယို၊ တီဗီနှင့် အွန်လိုင်းပလက်ဖောင်းမျိုးစုံတို့မှတဆင့် ထုတ်လွှင့်နေသည့်သတင်းဌာနများဖြစ်သည်။

IPCM အတွင်းရေးမှူး ဆရာ ဦးတိုးဇော်လတ်က “နောက်ထပ်စိုးရိမ်ရတာက အခုလိုမျိုး သတင်းတု၊ သတင်းမှားတွေကိုလေ။ အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိ ထုတ်နေတဲ့အချိန်မှာ အခုလိုမျိုး သတင်းမှန်တွေက သတင်းတု၊ သတင်းမှားတွေကို တိုက်ဖျက်တဲ့နေရာမှာ အရေးအပါဆုံးဗျ။ အဲဒီတော့ အခုလိုမျိုး နေရာတွေ လစ်လပ်သွားလို့ရှိရင် ကျနော်စိုးရိမ်တာကတော့ အာဏာရှင်တိုင်းပြည်တွေ၊ အထူးသဖြင့် တရုတ်တို့၊ ရုရှားတို့၊ အဲဒီက တိုင်းပြည်တွေကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိထုတ်တဲ့ သတင်းတု၊ သတင်းမှားတွေ ပိုနေရာယူလာမှာကိုတော့ ကျနော်တော့ စိုးရိမ်မိပါတယ်ဗျ”ဟု သုံးသပ်ပြောဆိုသည်။

အမေရိကန်အစိုးရ၏ ထောက်ပံ့မှုရပ်ဆိုင်းခံလိုက်ရသည့်သတင်းဌာနများတွင် VOA ၊ RFA တို့နှင့်အတူ လွတ်လပ်သည့်ဥရောပအသံ/ လွတ်လပ်ရေဒီယို (Radio Free Europe/Radio Liberty) လည်း ပါဝင်သည်။

အလားတူ USAGM က တိုက်ရိုက်ဦးစီးလည်ပတ်သည့် ကျုးဘားအသံလွှင့်ဌာန (Office for Cuba Broadcasting)မှ ဝန်ထမ်းအားလုံးကိုလည်း လစာအပြည့်နှင့် ခွင့်ပေးလိုက်သည်ဟု သိရသည်။

ဓာတ်ပုံ – VOA နှင့် RFA တို့၏ ထုတ်ပြန်ချက်များ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *