စကခ ၆ တွင် ခံစစ်ပြင်၍ တပ်လှန့်ထား

စစ်ခေါင်းဆောင်များရုံးထိုင်သည့် စစ်ရုံးချုပ်ကို အဓိကလုံခြုံရေးယူထားသည့် စကခ ၆ တွင် ခံစစ်ပြင်၍ တပ်လှန့်ထား

စစ်ခေါင်းဆောင်နှင့် စစ်အရာရှိများရုံးစိုက်ရာ စစ်ရုံးချုပ်ကို အဓိကလုံခြုံရေးတာဝန်ယူထားရသည့် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) တွင် လက်နက်ကြီးများတပ်ဆင်ကာ ခံစစ်ပြင်၍ တပ်လှန့်ထားကြောင်း သိရသည်။

စကခ-၆ အတွင်း ဟောင်ဝစ်ဇာအမြောက်၊ တင့်ကား၊ သံချပ်ကာယာဉ်များဖြင့် တပ်လှန့်ပြင်ဆင်ထားပြီး ပတ်လည်ရှိ စိုးမိုးကုန်းများတွင်လည်း တပ်အသင့်ပြင်စုဖွဲ့ထားကြောင်း ဗိုလ်ကြီးဇင်‌ယော်ထံမှ သိရသည်။

“စကခ ၆ ဆိုတာ နေပြည်တော်အတွက် သီးသန့်ထားတဲ့ တပ်ရင်းတပ်မလို့တောင်ပြောလို့ရတယ်။ သူတို့ (စကစ)က ကြိုပြီးလုပ်တတ်တာရှိတယ်။ ပြောလို့မရဘူး ဝင်လာခဲ့သည်ရှိသော်ဆိုတဲ့ကြောက်စိတ်ပေါ့။ သတင်းသဲ့သဲ့ကြားပြီဆိုတာနဲ့ ခံစစ်ကိုချက်ချင်းလက်ငင်းပြင်တဲ့ အနေအထားပါ။ အခုပြင်နေတယ်ဆို တော့ တကယ်လို့တိုက်ကောင်းတိုက်လာနိုင်တဲ့အနေ အထားမျိုးကို သူတို့မျှော်မှန်းထားပုံရတဲ့ အနေအထားကို ရောက်နေပြီ”ဟု CDM စစ်သား ဗိုလ်ကြီးဇင်ယော်က ပြောသည်။

တပ်မပတ်လည်ရှိ ဆက်သွယ်ရေးမြောင်းများကိုလည်း မြေတူးစက်များဖြင့် အခိုင်အမာခံစစ်ပြင်ထား ပြီး ဘေးပတ်လည်တွင်ရှိသည့် ခမရ ၄၁၃ နှင့် ခမရ ၄၁၄ ကိုလည်း ဆက်သွယ်ရေးမြောင်းများဖြင့် ကွန်ရက်ဖွဲ့ကာ တူးဖော်ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်လာပါက တပ်မမှူး၊ ဗျူဟာမှူးများ ပုန်းခိုရန်အတွက် ခမရ ၄၁၃ အတွင်း ကွပ်ကဲမှုဘန်ကာတည်ဆောက်၍ ခုတင်၊ ရိက္ခာနှင့် ဆက်သွယ်ရေးစက်များပါ အရံသင့်ထည့်ထား ကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုချိန်အထိ စကခ ၆ အတွင်း နိုင်ငံရေးအကျဉ်းသား တချို့ကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ကြောရေးများ လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက စကခ ၆ အတွင်းတွင် Jammer (ရေဒီယိုလှိုင်းနှောက်စက်) စက်ကြီးသုံးလုံး တပ်ဆင်ထားပြီး စကခပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီးများဖြင့် ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံရေးယူစစ် ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိလာသည့်အတွက် နေပြည်တော်ကို စစ်ကောင်စီက ခံစစ်အတွက် အထူးပြင်ဆင် လာခြင်းဖြစ်ကြောင်းသိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *