စစ်အုပ်စု ငါးယောက် သေပြီး ဒဏ်ရာရသူ များဟုဆို
မန္တလေးတိုင်း ညောင်ဦးမြို့ကနေ မကွေးတိုင်း၊ စလင်းမြို့နယ်ဘက် စစ်ကူလာတဲ့ သံချပ်ကာ ကားနှစ်စင်းပါ စစ်ကားတန်းကို မနေ့က မနက်ပိုင်း ညောင်ဦး-ချောက် ကားလမ်းပေါ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်အုပ်စု ငါးယောက် သေပြီး ရှစ်ယောက် ဒဏ်ရာရတယ်လို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ်လ ၁၆ ရက် မနက် ၉ နာရီခန့်က ညောင်ဦးမြို့ရှိ စစ်အုပ်စု အထိုင်တပ်ဖြစ်တဲ့ ခမရ (ခြေမြန်တပ်ရင်း) ၄၁၅ ကနေ စလင်းမြို့နယ်ဘက် စစ်ကူထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ယာဉ်တန်းကို ညောင်ဦး-ချောက် ကားလမ်းတနေရာမှာ ပုဂံဗိုလ်ချိုအဖွဲ့နဲ့ မဟာမိတ် တပ်တွေ ပူးပေါင်းပြီး အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်တာ လို့ ဆိုပါတယ်။
“ကျွန်တော်တို့က စောင့်ပြီးတော့ အုတ်ကန်မိုင်းဆွဲတာခင်ဗျ၊ စစ်ကောင်စီ တပ်သား လေးယောက် ထိတာကိုမှ တစ်ယောက် သေတယ်ခင်ဗျ၊ တစ်ယောက်က မျက်လုံးထိတယ်၊ တစ်ယောက်က ပြင်းထန်ဒဏ်ရာ ရတယ်ခင်ဗျ၊ အတိအကျ သတင်းရတယ်။ ဖရဲသီး သတင်းပေးချက်အရပေါ့” လို့ ပုဂံဗိုလ်ချိုအဖွဲ့နဲ့အတူ မိုင်းဆွဲ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့တာဝန်ခံ Minus က ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ညောင်ဦးမြို့နယ် စဉ့်ကူးနယ်မြေရဲစခန်းမှာ ဆေးဝင်ကုပြီး ဒဏ်ရာ ရသူတွေကို ညောင်ဦးမြို့ဘက် ပြန်သယ်လာချိန် တော်လှန်ရေးတပ်တွေက ထပ်မံ မိုင်းဆွဲ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
“စဉ့်ကူကနေ ညောင်ဦးဘက်ကို ဖောကားလေးစီးနဲ့ အဲဒီမှာ ပြန်လာတဲ့ဟာကို ထပ်ပြီး ဆွဲလိုက်တယ်၊ လေးယောက် ထပ်သေပြီး တစ်ယောက်က ခေါင်းပြတ်သွားတယ်လို့ ပြောတယ်”လို့ ပုဂံဗိုလ်ချို အဖွဲ့နဲ့အတူ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့တာဝန်ခံ Minus က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက စဉ့်ကူးရဲစခန်း ရောက်တဲ့အထိ လမ်းတလျှောက် ရမ်းကားပစ်ခတ် သောင်းကျန်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ဒဏ်ရာရသူတွေကို ညောင်ဦးမြို့ဘက် ပြန်သယ်၊ မိုင်းထိ ပျက်စီးတဲ့ သံချပ်ကာ ကားတစ်စီးကို ပြင်ဆင်ကာ ညနေပိုင်းမှာ စလင်းမြို့နယ်ဘက် ဆက်လက် စစ်ကူ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးကာ ခံစစ်ပြင်နေပြီး ရွာမီးရှို့၊ လူသတ်၊ လုယက် တာတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ စလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကုက္ကိုတန်းကျေးရွာကို မီးရှို့ဖျက်ဆီးလို့ နေအိမ် ၃၀၀ ခန့် မီးလောင် ပြာကျခဲ့ပါတယ်။
မတ်လ ၁၆ရက်က ညောင်ဦး – ချောက် ကားလမ်းမှာ သံချပ်ကာကားနှစ်စီးပါ စစ်ကားတန်းကို တော်လှန်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့စဉ်/Photo – ပေးပို့


Leave a Reply